ဟိုတလောက အဖေနေမကောင်းဖြစ်တယ်လေ။ ဒါများကြွားစရာမှတ်လို့ လို့တော့ မထင်လိုက်နဲ့။ လာမယ်လေ။ ဖြည်းဖြည်းပေါ့။ အဲဒီတော့ဗျာ ကျွန်တော်နဲ့ အဖေနဲ့ ဆေးခန်းသွားတယ်ပေါ့။ ဆေးခန်းရှေ့ခုံတန်းလေးမှာ လူနာတွေ လူနာပို့တွေ အယောက်ငါးဆယ်လောက်ရှိမယ်။ ကျွန်တော်လည်းတုံကင်လက်မှတ်လေးသွားဖြတ်ပြီးတော့ ဆေးခန်းရှေ့ခုံတန်းလျားက အဖေဘေးမှာ ပြန်ကပ်ထိုင်လိုက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ခုံတန်းလျားမှာ ကောင်မလေးတစ်ယောက်။ ဒိဋ္ဌိနှင့် ၀ိစိကစ္စာပြုတ်ပြီး သောတာပန်ဖြစ်အံ့ဆဲဆဲ ကျွန်တော်က တဏှာအငုတ်လေးရှိလေတော့ ကောင်မလေးကို ရှိုးလိုက်တယ်။ ကောင်မလေးကလည်း အထာတွေပိုနေပါကလား။
“အဖေ Shark ဘူးဆွဲမလား”
ကောင်မလေး အထင်ကြိးရောဟဲ့လေသံနှင့် အဖေ့ကို Shark ဘူးတိုက်ဖို့ ဆိုက်ထည့်လိုက်တယ်။
“ငါက အဖတ်ဆိုစားလို့မရဘူး”
အားလုံးက ကျွန်တော်တို့ သားအဖကိုကြည့်ပြီး ပြုံးစေ့စေ့နှင့် ကျွန်တော့်မှာသာ ငိုရမလား ရယ်မလား။
“ကျွန်တော့်အဖေက ဒီလိုပဲ ဟာသလုပ်တတ်တယ်”
ဘယ်သူမှမမေးဘဲ ကျွန်တော်ကထရှင်းပြတယ်။ ပြီးမှ
“အဖေ ကျွဲရိုင်းဆိုရင်ရော”
“ဒါဆိုစားမယ်ကွာ။ သွားဝယ်လိုက်”
“ဟု ဟု ကိန် ကိန်”
အားလုံးက “ဟု ဟု” လို့ရယ်ပြီး ကျွန်တော်ရှိုးနေတဲ့ ကောင်မလေးက ချောင်းသံလေးနဲ့ “ကိန် ကိန်” လို့ရယ်တယ်။ သိက္ခာတရားအတွက် အရှက်ရနေတဲ့ ကျွန်တော့်မျက်နှာ ငရဲပြည်ဂျွမ်းထိုးချလိုက်ချင်တယ်။
ဟုတ်တယ်လေ။ ကျွန်တော့်မှာ ပညာတတ် ဘောစိမှန်းသိအောင် ထပ်သာဖိန့်ရတော့တယ်။ ထိုအတွေးနဲ့ ခါးကြားက ဖုန်းကို ကောက်နှိပ်လိုက်တယ်။ ကဒ်ကုန်ပြီးဖြစ်သော ဖုန်းက ဘယ်လိုမှဆက်လို့မရမှန်းသိပါသည်။ သို့သော်သိတယ်မလား။ ပြည့်စုံလေ။
“ဟာ သူငယ်ချင်း။ ငါဖုန်းခေါ်နေတာကြာပြီ။ မင်းဖုန်းက လိုင်းကြပ်နေတာနဲ့ မ၀င်တာနဲ့ တော်တော်ညံ့ပါတယ်။ အခုဆက်နေတဲ့ ဖုန်းက ငါ့ရဲ့ နောက်တစ်လုံးလေ။ အရင်လုံးတွေက မမိုက်တာနဲ့ ပေါက်ခွဲပစ်လိုက်တာ”
“ဟေ့ကောင် သောက်ရူး မင်းဖုန်းကဒ်မရှိမှန်း လူတိုင်းသိတယ်”
“ဂိန်”
သြော်အဖေရယ်။ ကိုယ့်သားကိုတောင် ငှက်ပျောတုန်းတော်တော်ဖက်စေချင်ပုံပဲ။
အရေးအသားတွေ Best ပဲဗျို့ အားပေးနေတယ် Bro
ReplyDelete