Sunday, February 19, 2012

ံHand Phone ကိုင်ချင်လို့

Hand Phone ကိုင်ချင်လို့
တစ်နေ့.... ကျွန်တော် အားအားယားယားလက်ဖက်ရည်ဆိုင်ထိုင်နေမိသည်။ ထိုစဉ် သူငယ်ချင်းတစ်ယောက် ဟန်းဖုန်းတစ်လုံးကို မြောက်ကြွမြောက်ကြွနှင့် ကျွန်တော့်ဘေးဝင်ထိုင်ပြီး ကျွန်တော့်ဆေးလိပ်ပွဲကို ပိုင်စိုးပိုင်နင်းနှင့်ယူသောက်လိုက်လေသည်။ ထိုမျှနှင့်မရပ်သေးဘဲ ကျွန်တော့်ကိုလည်း

 “မောင်ကောင်း မင်းဖုန်းလေးဘာလေးဝယ်ကိုင်ပါလား”
“အာ ငါက ဘာလုပ်ရမှာလဲ အလုပ်မရှိအကိုင်မရှိ”

(အမှန်က ကိုင်ချင်တာမှ တစ်ပိုင်းကိုသေလို့။ ကိုယ့်အခြေအနေနဲ့ မတတ်နိုင်လို့သာ ဒီစကားပြောခြင်းဖြစ်သည်။)

 “ဘာဖြစ်လဲ ကိုင်ပေါ့ကွ ဒါမှာ စော်လေးဘာလေး ကျူလို့ရမှာ”

ကျွန်တော့်ရုပ်ကလည်း ဒါမျိုးပေါက်နေလား မသိတွေ့တဲ့ကောင်တိုင်း စော်ချည်းကျူခိုင်းနေသည်။ ဒီလိုနဲ့ စကားတွေက ဟိုရောက်ဒီရောက်နဲ့ အတော်ကြာသွားခဲ့သည်။ ထိုအချိန် ကျွန်တော်တို့အိမ်မှာဝယ်စားနေကြ ပဲပြုတ်သည် ဒေါ်ဒေါင်းဖြတ်သွားလေသည်။ ဒီလိုနဲ့ ကျွန်တော်နှုတ်ဆက်လိုက်သည်။

“ဒေါ်ဒေါင်းရယ် မနက်ကဒေါ်ဒေါင်းကိုတစ်မနက်လုံးစောင့်နေတာ ထမင်းကြော်ထားတာ ပဲပြုတ်နဲ့စားမလို့ကို မတွေ့တာနဲ့ ဘဲဥပဲကြော်စားလိုက်ရတယ်”

ဒေါ်ဒေါင်းက

“ကဲ….ကဲ နောက်ကို အန်တီ့ကို အချိန်ကုန်ခံပြီးစောင့်မနေနဲ့ ရော့ ဒီကတ်ပြားယူထား ဖုန်းနံပါတ်ပါတယ်။ ဖုန်းသာလှမ်းဆက်လိုက် အရောက်လာပို့ပေးမယ်။”

ဆိုပြီး ဟန်းဖုန်းလေးထုတ်ကာ ကော့တော့ ကော့တော့နှင့် ထွက်သွားလေသည်။ သူထွက်သွားပြီးသိပ်မကြာသေးပါဘူး။ လမ်းထိပ်က ဆိုက်ကားဆရာကိုစာကလေးရောက်လာလေသည်။
 ကျွန်တော်ကလည်း

 “ကိုစာကလေးဗျာ အကို့ဆိုက်ကားကိုရှာသေးတယ် မတွေ့တာနဲ့ ဒီကိုတောင် Walking
 ရိုက်လာရတယ်ဗျာ”

 “ဒါများငါ့ညီင်္ရယ် ရော့ဒီကတ်ပြားယူထား ကိုယ့်ဖုန်းနံပါတ် ခေါ်တာနဲ့ ရောက်လာမယ်
 ကိုယ်မအားရင်တောင် ဂိတ်ကတစ်ယောက်လွှတ်လိုက်မယ်။ ခုတော့
 ပါစင်ဂျာသွားပို့လိုက်ဦးမယ်ဟေ့”

 ဒီလိုနဲ့ ပဲပြုတ်သည်နဲ့ ဆိုက်ကားသမားတောင် ကိုင်နေတဲ့ ဟန်းဖုန်းကြီးကို ကျွန်တော်က မကိုင်နိုင်တော့ မျက်နှာတော့နည်းနည်း ငယ်သွားလေသည်။ ဒီလိုနဲ့ လက်ဖက်ရည်ဖိုးရှင်းပြီး ဆိုင်ဘေးက ကွမ်းယာဆိုင်ကို 

“ကွမ်းနှစ်ယာဖိုးလောက် အင်တာနက်ဆိုင်ထဲ လာပို့ပေးပါလား” 
ဟုမှာထားကာ အင်တာနက်ထိုင်သုံးနေမိသည်။ ခဏနေတော့ ကွမ်းလာပို့ရင် ကုလားလေးက

“အကိုကြီး နောက်ကိုဒီဖုန်းကိုဆက်လိုက် ကျွန်တော်လာပို့ပေးမယ်”

ဆိုကာကတ်ပြားတစ်ခုချပေးပြီးပြန်လစ်သွားလေသည်။ 

ကဲ… သူငယ်ချင်းတွေ ပဲပြုတ်သည်တွေ ဆိုက်ကားသမားတွေ ကွမ်းယာသည်တွေ ဖုန်းကိုင်နေတဲ့ ခေတ်မှာ ကျွန်တော်ဖုန်းမရှိလေတော့ ဘယ်ကောင်းမလဲ။ ခုတော့ ဖုန်းဝယ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီလေ။ ပိုက်ဆံကောက်ရတဲ့နေ့ ဖုန်းဝယ်မယ်လို့။ ဒီတော့ သူငယ်ချင်းတို့ရေ… Custom Message တစ်ခုလိုပေါ့။ John Kaung ကိုတွေ့ချင်ရင် အင်တာနက်ထဲမှာလည်း မရှာပါနဲ့။ လမ်းတကာမှာ ခေါင်းငိုက်စိုက်နဲ့ ဘယ်သူများပိုက်ဆံကျပျောက်လဲဆိုတာ လိုက်ရှာနေတဲ့ လူက ကျွန်တော် John Kaung ကြီးပါပဲလို့…..

No comments:

Post a Comment