Friday, February 3, 2012

မှတ်မိတုန်းကွယ် မအိပြုံးရယ်

မှတ်မိတုန်းကွယ် မအိပြုံးရယ်

ဒီတစ်ခါတော့ ကိုယ်တွေ့လေးနည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော် ဂစ်တာတီးသင်တုန်းကပေါ့။ ကျွန်တော်သင်ဖြစ်တာလည်း ဒီလိုဗျ။ ကျွန်တော်ပေါင်းတဲ့ လူတွေတော်တော်များများက ဂစ်တာတီးတတ်ကြတယ်။ ကျွန်တော်က ဂစ်တာမတီးတတ်တော့ လှောင်ချင်သလိုလို ပြောင်ချင်သလိုလိုနဲ့ အတည်ပေါက်နှိမ်ကြတယ်လေ။ ဒီတော့ကျွန်တော်လည်း မခံချင်တာနဲ့ ဂစ်တာအခြေခံကို သူတို့မသိအောင် ခိုးသင်လိုက်တယ်။ ဒါဟာ ပြဿနာအစ ဆိုတာသိခဲ့ရင် အလှောင်ခံလိုက်ပါတယ်။
            ဒီလိုနဲ့ ဂစ်တာတီးသင်တယ်ပေါ့ဗျာ။ ကျွန်တော့်အိမ်ရှေ့မှာ ဂစ်တာတီးရင် ဟိုကောင်တွေက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမှစိုးလို့ တစ်ခြားရပ်ကွက်က ကျွန်တော့်ဦးလေးအိမ်ရှေ့မှာ သွားသွားတီးဖြစ်တယ်။ ဆရာက ကျွန်တော့်ကို Bead တွေ Key တွေ ကျေပြီထင်လို့ သီချင်းနဲ့ တွဲပေးတဲ့အခါ အလွယ်ဆုံးဖြစ်တဲံ Bead ဖြစ်တဲ့ GoGo နဲ့ Key က A ဖြစ်တဲ့ “ချစ်တာတစ်ခုတည်း သိတယ်” ဆိုတဲ့ သီချင်းကိုစသင်လိုက်တယ်။ ကျွန်တော်လည်း အာရုံစိုက်ပြီးသင်ပါတယ်။ သင်ပြီးတော့ ခါတိုင်းလိုပဲ ဦးလေးအိမ်မှာပဲ သွားသွားလေ့ကျင့်ဖြစ်တယ်။
            အဲဒီသီချင်းကိုပဲ နေ့တိုင်းသွားသွားကျင့်ဖြစ်တယ်။ အဲ့ဒီမှာ ကမောက်ကမဇာတ်လမ်းကစတာပါပဲ။ ကျွန်တော်ဂစ်တာတီးလေ့ကျင့်တဲ့အိမ်နားမှာ အသက် ၃၅ လောက်ရှိတဲ့ အပျိုကြီး မအိပြုံးဆိုတာရှိတယ်။ သူက သူ့အမေနဲ့ နှစ်ယောက်တည်းနေတာပါ။ ခန္ဓာကိုယ်က ပွင့်လောက်နီးနီး၊ ရုပ်ကဆိုးဆိုး၊ အာကကြမ်းကြမ်းဆိုတော့ ဘယ်သူမှ သူ့ကို မကြိုက်လို့ တစ်ယောက်တည်း အပျိုကြီးဖြစ်နေတာပေါ့။
            ဖြစ်ချင်တော့ ကျွန်တော်က ကျွန်တော့်ရည်ရွယ်ချက်နဲ့ကိုယ် ဂစ်တာတီးကျင့်နေတဲ့ ကိစ္စကို မဆီမဆိုင် သူ့ကို ကျွန်တော်က လာပိုးနေတယ်လို့ထင်နေတာပါပဲ။ အရင်ရင်တွေကလည်း ဂစ်တာတဒေါင်ဒေါင်တီးပြီးနေတယ်။ အခုလည်း ဆိုတဲ့သီချင်းကိုက “ချစ်တာတစ်ခုတည်း သိတယ်”ဆိုတဲ့သီချင်းချည်းပဲ နေ့တိုင်းဆိုနေတာဆိုတော့ အပျိုကြီးက သူ့ကို ကျွန်တော်ပိုးနေတယ်လို့ တထစ်ချတွက်သွားတာပါပဲ။
            ကျွန်တော်ကတော့မသိဘူး။ ကိုယ့်ဘာသာကို ကျင့်နေတာပဲလေ။ သီချင်းစာသားကိုလည်း ကြည့်ဦး။ “ဘာကြောင့်လဲ.. ဘာအတွက်လဲ… ကိုယ်ကချစ်နေမိတာ.. မေးရန်လွယ်ပေမယ့်..အဖြေခက်..သိသလိုမသိသလိုပါပဲ.. ပန်ချင်သူမရှိလည်း…အချိန်တန်ရင်ပန်းကတော့ပွင့်နေမှာပဲ… အပိုတွေကိုမဆိုတတ်ဘူး.. သာမန်လူတစ်ယောက်မို့လေ.. တကယ်ပါမေရယ်..ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်..” ဆိုတဲ့သီချင်းကိုဗျ။ သူထင်မယ်ဆိုလည်း ထင်စရာပေါ့ဗျာ
            အဲလိုထင်ပြီး နောက်ရက်စနေနေ့သင်တန်းကအပြန် ညနေ (၆)နာရီလောက်မှာပေါ့။ အပျိုကြီးနဲ့ ကျွန်တော် လမ်းမှာဆုံပါလေရော။ သူနဲ့ကျွန်တော်က အရမ်းကြီးမရင်းနှီင်္းပေမယ့် မေးထူးခေါ်ပြော ပြုံးပြနှုတ်ဆက်ခင်မင်မှုတော့ရှိပါတယ်။ ဒီတစ်ခါတော့ အပျိုကြီးက တစ်ဖက်ရပ်ကွက်က သူ့အဒေါ်အိမ်ကိုသွားမလို့ လမ်းမှာခွေးတွေပေါတဲ့အတွက် အဖော်အဖြစ် ခဏလိုက်ခဲ့ပေးပါဆိုပြီး အကူအညီတောင်းပါတယ်။
            ကျွန်တော်ကလည်း သူတစ်ပါးကို ကိုယ်ကူညီနိုင်ရင် ကူညီတတ်တဲ့ကောင်ဆိုတော့ (ကိုယ်ရည်သွေးခြင်းမဟုတ်) ရပါတယ်ဆိုပြီး လိုက်ပေးလိုက်တယ်။ သူ့အဒေါ်အိမ်မရောက်ခင် ဘောလုံးကွင်းဖြတ်အသွား အပျိုကြီးက ကွင်းဘေးက ထိုင်ခုံလေးမှာ ခဏထိုင်ရအောင်ဆိုပြီး ထိုင်လိုက်တယ်။ ကျွန်တော်လည်း သူထိုင်တော့ ခဏပဲနေမှာပါထင်ပြီး ထိုင်လိုက်ပါတယ်။
            ကျွန်တော်ထိုင်ပြီးမကြာဘူး။ အပျိုကြီးက “ကဲပြောတော့လေ” ဆိုပြီး ကျွန်တော့်ကိုပြောတယ်။ အဲဒီမှာကျွန်တော် ကြောင်သွားတာပေါ့။ ကျွန်တော်ဘာပြောရမလဲခင်ဗျာ။ ကျွန်တော်က သူ့ကို အဖော်လိုက်ပေးတဲ့လူမဟုတ်လား။ အမှန်ပြောရရင်သူက ကျွန်တော့်ကိုရည်းစားစကားပြောခိုင်းနေတာဗျ။ သူ့စိတ်ထဲမှာတော့ ကျွန်တော်ကသူ့ကိုကြိုက်နေတော့ နှစ်ယောက်တည်းရှိနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရည်းစားစကားပြောမယ်ပေါ့။ ဒါကို ကျွန်တော်က မပြောတော့ သူက ရေလာမြောင်းပေးတဲ့အနေနဲ့ မြောင်းဖော်လိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော်မှ သူ့ကို မကြိုက်တာ စိတ်ကူးထဲတောင် မထည့်ဖူးဘူးလေ။ အဲဒီတော့ သူပြောလာတဲ့ ရေလာမြောင်းပေးစကားကို
            “ကျွန်တော်က ဘာပြောရမှာလဲဗျ”
            “ဘာပြောရမလဲ ဟုတ်လား။ တော်တော်အတဲ့ကောင်လေးပဲ။ အေးလေ အလို့ မပြောရဲလို့ တို့အိမ်ရှေ့လာပြီးတော့ လျှောက်ပြန်သံပေး ဂစ်တာလေးတီးပြီး ရစ်သီရစ်သီလုပ်နေတာကိုး။ မမကတော့ မောင်လေးကို မစိမ်းကားပါဘူး။ မောင်လေးရဲ့”
            အဲဒီအခါကျတော့မှ ကျွန်တော်သဘောပေါက်ပြီး သူ့ကို ကျွန်တော်ပိုးခဲ့တာမဟုတ်လို့..
            “ဟာ မဟုတ်ဘူး မဟုတ်ဘူး”
            အဲ့လိုကျွန်တော်ငြင်းတာကို သူပြောတဲ့ “မစိမ်းကားပါဘူး မောင်လေးရဲ့”ဆိုတဲ့စကားကို မဟုတ်ဘူး ပြောတယ်ထင်လို့..
            “ဟုတ်ပါတယ်မောင်လေးရဲ့။ မောင်လးကို မမ မစိမ်းကားပါဘူး။ မမကလေ မောင်လေးကို မြင်မြင်ချင်း ချစ်ခင်ပြီးသားပါ။ မောင်လေးလည်း မမကိုစိတ်ဝင်စားတယ်ဆိုတာ မမသိပါတယ်။ ကဲပြောတော့လေ”
            အပျိုကြီးများကြိုက်ပြီဆိုရင် အဲလိုဇွတ်ဗျ။ ကျွန်တော်ကဘယ်လိုလုပ်ပြီး သူ့လိုဟာကြီးကို ရည်းစားစကားပြောချင်မှာလဲ။ မသကာ သက်မွန်မြင့်လောက်ဆိုတော်သေးတယ်။
            “ဟာဗျာ မပြောချင်ပါဘူး”
            ဒါကိုရှက်တယ်ထင်ပြီး သူက
            “အို မောင်လေးကလည်း ပြောပါ။ မမစိတ်မဆိုးပါဘူး” ဆိုပြီး ရုပ်ကြမ်းကြီးနဲ့ နွဲ့ပြနေတယ်။
            “ မဟုတ်ဘူးဗျ။ ကျွန်တော်က ခင်ဗျားကိုမကြိုက်ဘူး။ ဒါကြောင့် မပြောတာ”
            “ဘာ နင်က ငါ့ကို မကြိုက်ဘူး ဟုတ်လား”
            “ဟုတ်တယ် ကျွန်တော်ခင်ဗျားကို မကြိုက်ဘူး”
            “ဟင် မကြိုက်ဘူးဆိုရင် ဘာကြောင့် ငါ့အိမ်ရှေ့ကို လာလာပြီး ဂစ်တာတဒေါင်ဒေါင်နဲ့ “ချစ်တာတစ်ခုတည်း သိတယ်” ဆိုတဲ့ သီချင်းကို နေ့တိုင်းလာဆိုပြီး ပိုးနေရတာလဲ”
            “ဟာ အဲဒါခင်ဗျားကို လာပိုးတာမဟုတ်ဘူး”
            “ဘာမဟုတ်ရမှာလဲ။ တို့အိမ်နားမှာ အပျိုဆိုလို့ ငါတစ်ယောက်တည်းပဲ ကျန်တော့တာ။ ငါ့ကိုမပိုးလို့ ဘယ်သူ့ကို ပိုးတာလဲ ပြောစမ်း။ မင်းရီးတီးယားတားနဲ့ စားပြီးနားမလည်မလုပ်နဲ့နော်”
            အလိုဗျာ။ အပျိုကြီးက စားပြီးနားမလည်မလုပ်နဲ့တဲ့။ သူ့စကားက ဘယ်ရောက်သွားပြီလဲဆိုတာသူမသိဘူး။ ကျွန်တော်လည်း သူ့ကို ဘာမှ မဘာခဲ့ရပါဘူး။ အဲ့ဒါကျွန်တော့်ကို စားပြီးနားမလည်တဲ့။ အဖြစ်မှန်မပြောရင် ရှုပ်ကုန်မှာဆိုတော့…
            “ကျွန်တော်ခင်ဗျားကို လာပိုးတာ မဟုတ်ဘူး။ ခင်ဗျားကိုလည်း ကျွန်တော်ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ ဘယ်တော့မှလည်း ကြိုက်မှာမဟုတ်ဘူး။ ကျွန်တော်ဘာသာ ဂစ်တာတီးသင်နေလို့ လာလေ့ကျင့်တာဗျ”
            “ဂစ်တာတီးကျင့်ရင် နင့်ရပ်ကွက်ထဲနင်ကျင့်ပါလား။ ဘာလို့ ငါ့အိမ်ရှေ့လာကျင့်တာလဲ ခွေးကောင်လေး”
            အပျိုကြီးများ ကြောက်စရာဗျာ။ သူတို့လိုတော့ မောင်လေးတဲ့ မလိုတော့ ခွေးကောင်လေးတဲ့။ အဲဒီမှာကျွန်တော်ကလည်း ဆက်ပြီး
            “ကျွန်တော့် သူငယ်ချင်းတွေ မသိအောင်ဒီမှာလာကျင့်တာ ခင်ဗျားကို လာပိုးတာမဟုတ်”
            “အို ဘာပဲဖြစ်ဖြစ် ငါ့ကို အရှက်ခွဲတဲ့အကောင် နင် ငါ့အကြောင်းအခုသိစေရမယ်”
            အပျိုကြီးဟာ ကျွန်တော့်စကားကိုတောင် ဆုံးအောင်နားမထောင်တော့ဘဲ ရှက်ရမ်းရမ်းပြီး ကျွန်တော့်ကို ဆော်ဖို့ထပြီး လှမ်းဆွဲတယ်။ ကျွန်တော့်လည်း အပျိုကြီးဒေါသထွက်ကတည်းက သတိထားနေတာဆိုတော့ ရှောင်ပြီး လာရာလမ်းကို ပြေးတယ်။ အပျိုကြီးက နောက်ကလိုက် ကျွန်တော်က ရှေ့ကပြေး သူကလူကောင်ကြီးပေမယ့်မြန်တယ်။
            နောက်တော့ အပျိုကြီးတစ်ယောက် ဘယ်လိုကျန်ခဲ့တယ်ဆိုတာမသိတော့ဘူး။ ကျွန်တော့်နောက်မလိုက်လာတာတော့ အမှန်ပဲ။ အဲဒီအကြောင်းကို အခုထိကျွန်တော်မှတ်မိတုန်းပဲ။ တွေးမိတိုင်းလည်း ပြုံးမိတယ်။ အဲဒီအပျိုကြီးကတော့ အဲဒီကိစ္စဖြစ်ပြီး သိပ်မကြာခင်မှာပဲ ရှက်လို့ထင်ပါရဲ့ စစ်ကိုင်းတောင်က ချောင်တစ်ချောင်မှာ သီလရှင်ဝတ်သွားရှာသတဲ့။

No comments:

Post a Comment