Friday, February 3, 2012

အချစ်နှင့်တိမ်းစောင်းနေသောအဓိပ္ပါယ်

အချစ်နှင့်တိမ်းစောင်းနေသောအဓိပ္ပါယ်
လေပြေလေးက အသော့နှင်နေသည်။ လယ်ကွင်းစိမ်းစိမ်းတို့၏ စိုလွင်နေပုံကလည်း ပန်းချီကားထဲက ရှုခင်းတစ်ခုနှယ်။ ကျေးငှက်တို့၏ တွန်မြည်သံတို့က ဟိုတစ်ချက်၊ ဒီတစ်ချက်စီညံနေ၏။ သာယာပါသည်။ လူတစ်ယောက်ရဲ့ စိတ်အစဉ်ကို နူးညွတ်လာစေတဲ့ အထိ သာယာနေပါသည်။
မြို့ကြီးသားပြည့်စုံတစ်ယောက် ဒီတောရွာလေးကို ရောက်လာစကတော့ ပျင်းစရာကောင်းလှသည်ဟုထင်ခဲ့သည်။ အနေယဉ်လာတော့လည်း ပျော်စရာကောင်းလာသည်ဟုထင်ခဲ့သည်။ တစ်ရွာလုံးနီးပါကလည်း ဆွေမျိုးရိပ်မကင်းသည့်အတွက် မြို့ကြီးသားကျွန်တော့်အဖို့ အနေကျုံ့သည့်အထိ ခံစားရလေသည်။ မနက်လင်းတာနဲ့ ၇ွယ်တူတွေ တရုန်းရုန်းနှင့် ကျွန်တော့်ထံရောက်လာတတ်ကြစမြဲ။ စားစရာ၊ သောက်စရာတွေကို အလျှံပယ်။ ဒါတွင်မက မေးစရာ၊မြန်းစရာ၊ ဗဟုသုတဆန်သော မေးခွန်းများကလည်း တစ်နေ့ တစ်မျိုးမထပ်ခဲ့။ ဒီရွာမှာ ကျွန်တော် ပျော်လာခဲ့ပါသည်။
ထိုသို့ ပျော်လာရသော အကြောင်းအရင်းကလည်း ရှိလာပြီလေ။ ကျွန်တော်ရောက်နေတဲ့ ဘကြီးအိမ်ရဲ့ နှစ်အိမ်ကျော်မှာ နေ့နေ့ညည မီးမထွန်းဘဲ လင်းနေသည့်ကိစ္စ။ ခုနှစ်ဆောင်တိုက်ခန်း မဟုတ်သော်လည်း ကျွန်တော့်မျက်စိထဲတွင်တော့ တကယ့် ကျေးလက် “ပပ၀တီ”လေးပင်ဖြစ်သည်။ သူမ နာမည်က တော့နှင်းမှုံ။ ကျေးတောသူတကယ်လှရင် မြို့သူက ဘယ်မှီပါ့မလဲ။ နှင်းမှုံကို ရင်ခုန်သည်။ ထို့ကြောင့် ကာလသားခေါင်း သာထူးအောင် ကို အပူကပ်ရတော့သည်။ သာထူးအောင်ကလည်း နှင်းမှုံထံ သတင်းပို့သည်။ အခြေအနေမဆိုး။ ရက် အနည်းငယ်အတွင်း စာပေးစာယူ အဆင့်ရောက်လာသည်။ အစောင်စောင်တွေထဲက ပြန်စာတစ်ခုမှာ နှင်းမှုံရဲ့ အဖြေပါလာတယ်။ “ကိုပြည့်စုံကို ကျွန်မချစ်ပါတယ်”ပေါ့။ ထိုနေ့က သာထူးအောင်ကို ထန်းရည် အ၀တိုက်ပြုစုခဲ့ရသေးသည်။
ချစ်သူတို့ရဲ့ဇာတ်လမ်းအရ အပြင်မှာ ချိန်းတွေ့ဖို့အားထုတ်ရပြန်သည်ပေါ့လေ။ ထုံးစံအတိုင်း သာထူးအောင်ကပဲ ကြားဝင်စီစဉ်ပေးရပြန်သည်။ နှင်းမှုံအပေါ်မှာ ဘယ်လို မေတ္တာတရားနဲ့ ဘယ်လောက်ချစ်ပါတယ် ဆိုတဲ့ အကြောင်းတစ်ဖွဲ့တစ်နွဲ့ပြောပြချင်သည်။ နှင်းမှုံရဲ့လက်ကလေးကို တယုတယကိုင်ထားချင်သည်။ ကျွန်တော့် စိတ်ကူးထဲမှ အပျော်တွေနဲ့ စိမ့်ဝင်မြူးထူးနေမိတာတော့ အမှန်ပင်။
လယ်ကွင်းစိမ်းစိမ်း ဘေးတစ်လျှောက် ကျွန်တော်နှင့် နှင်းမှုံ တိတ်ဆိတ်စွာ လမ်းလျှောက်နေကြသည်။ အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့စမို့လားမသိ။ရင်တွေခုန် သက်ပြင်းပုန်းကလေးတွေပါ ကျိတ်ချမိသည်။
ပတ်ဝန်းကျင် ဟိုဟိုဒီဒီကြည့်တော့လည်း လယ်ကွင်းထဲမှာ နွားကြီးတစ်ကောင်နှင့် နွားမတစ်ကောင်မှ လွဲ၍ငြိမ်သက်နေ၏။ တိတ်ဆိတ်ခြင်းကို ကျွန်တော်ကစ ဖြိုခွင်းလိုက်သည်။ ရင်ခုန်သံ အငွေ့အသက်နဲ့အတူ ဆွတ်ပျံ့ကြည်နူးဖွယ်လည်း ဖြစ်စေချင်သည်။
“ဟိုမှာကြည့်ပါဦး နှင်းမှုံရယ်… နွားကြီးက နွားမကလေးကို နမ်းနေလိုက်တာများ ဘယ်လောက်အားကျဖို့ကောင်းသလဲ အစ်ကိုလည်း အဲ့လိုနမ်းချင်လိုက်တာ”
ဟိဟိ မပိုင်လား။ စိတ်ကူးထဲမှာတော့ အဲ့စကားပြောလိုက်ရင် သူမ ရှက်ဖွယ်ဖွယ် ဖြစ်သွားလောက်သည်ပေါ့။ အဲ့တော့မှ ဒန်တန့်တန်မယ်ပေါ့။ သို့သော် သူမပြန်ပြောလိုက်သော စကားကြောင့် ကျွန်တော့်ရင်ထဲက မျှော်လင့်ချက် သစ်ရွက်ကလေးတစ်ရွက် မြေပြင်ပေါ်သို့ ခွပ်ခနဲကျကွဲသံ ကြားလိုက်ရလေသည်။ သူမပြောသည့်စကားကတော့
“သြော်…ဟုတ်ကဲ့..ကိုပြည့်စုံ သွားနမ်းချင် သွားနမ်းလေ..နှင်းမှုံ ဒီကပဲစောင့်နေပါ့မယ်” တဲ့။
နောက်ဆုံးတော့လည်း “ကျွန်တော်မျိုးကြီးပဲ သေသင့်ပါတယ်ပေါ့ဗျာ”

No comments:

Post a Comment