Tuesday, February 21, 2012

သတ်ပုံမှားတဲ့ မေတ္တာ

သတ်ပုံမှားတဲ့ မေတ္တာ

            လွန်ခဲ့သော သုံးနှစ်လောက်က မောင်ဖုန်းတို့ရွာ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်သူ ကျောင်းဆရာမလေးတစ်ယောက် ရောက်လာခဲ့တယ်။ မောင်ဖုန်းဆိုတာကလည်း ကာလနာခေါင်း အဲလေ ကာလသားခေါင်းဆိုတော့ ဆရာမလေးနေဖို့ ကျောင်းဝန်းထဲက အိမ်လေးကို ကာလသားတွေကို ဦးဆောင်ပြီး သန့်ရှင်းရေးလုပ်ပေးရတာစပြီး ဒီဇာတ်လမ်းဖြစ်လာတာ။
            မောင်ဖုန်းခမျာ သူ့တစ်သက်မှာ ရန်ကုန်သူဆိုလို့ ဒီတစ်ခါပဲ အရှင်လတ်လတ်မြင်လိုက်ရတော့ တအံ့တသြနဲ့ “သြော်… ရန်ကုန်သူတွေ အသားဖြူချက်ကတော့ တရုတ်မပေါင်မှာ ခရုသင်းစွဲနေတဲ့အတိုင်းပါလား” လို့တောင် မှတ်ချက်ချသေးတယ်။ ဒီလိုဆရာမလေးလိုအပ်ချက်တွေကို အကူအညီပေးရင်းနဲ့ ရင်းနှီးသွားကြတယ်ဆိုပါတော့…။ ရင်းနှီးတာ ကြာလာတော့လည်း ရင်ထဲမှာသံယောဇဉ်ဖြစ်မိကြတာကို မောင်ဖုန်းရော၊ ဆရာမလေးရော အပြန်အလှန်သိတာပေါ့။
            မောင်ဖုန်းသာ ဟ လိုက်ရင်ဆရာမလေးက ပါပြီးသား (အဲလေ) မောင်ဖုန်းသာ ဖွင့်ပြောလိုက်ရင် ဆရာမလေးကလည်း မငြင်းဘူးဆိုတာ ဗေဒင်မေးစရာမလိုဘဲ သူသိနေတယ်။ တောသားဆိုပေမယ့်လည်း မိန်းကလေးတစ်ယောက်ကိုကြည့်လိုက်တာနဲ့ ဘယ်အချိန် ပျိုးထောင်ရမယ်၊ ဘယ်အချိန် မြေသြဇာထည့်ရမယ်၊ ဘယ်အချိန်မှာ ရိတ်သိမ်းရမယ်ဆိုတာ သိသလိုမျိုးပေါ့ဗျာ။ ဒါပေမယ့် မောင်ဖုန်းဒုက္ခက ဖွင့်ပြောမယ်ကြံတိုင်း တစ်ရွာလုံးက လေးစားချစ်ခင်နေရတဲ့ ဆရာမလေးကို တောသားလေး မောင်ဖုန်း ဘယ်လိုဖွင့်ပြောရဲမလဲ။ ဒီလိုနဲ့ပဲ သူ့အချစ်တွေ မြုံနေခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီလေ။
            တစ်နေ့ သူငယ်ချင်းတစ်ယောက်က မောင်ဖုန်းကို “ဟေ့ကောင် မောင်ဖုန်း၊ ဆရာမဆိုတဲ့ အဓိပ္ပါယ်ကိုသိလား။ မသိရင်မှတ်ထား။ ဆရာမဆိုတာ ဆရာတွေပဲ မ မ သွားလို့ ဆရာမလို့ခေါ်တာကွ” လို့ပြောလိုက်တော့ မောင်ဖုန်း တအားလန့်သွားတယ်။ ဒါကြောင့်သူဆုံးဖြတ်ချက်ချလိုက်တယ်။ ချစ်တာတွေ စာစီကုံးပြီးတော့ ဆရာမလေးကို ပေးမယ်လို့။ သူ့အတွေးထဲမှာတော့ ဒီစာက ဆရာမလေးရဲ့ ရင်ခွင်မှာ နေထိုင်ခွင့်လျှောက်လွှာဆိုတာသိနေတယ်။ ဒါကြောင့် စကားလုံးတိုင်းဟာ လေးနက်နေစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့…။

*              *              *

            ညရဲ့အမှောင်မှာ မှိန်ပြပြလရောင်လေး တစ်လုံးထွန်းညှိထားတယ်။ မောင်ဖုန်းကတော့ ဘတ္ထရီမီးရောင်အောက်မှာ ကမ္ဘာပျက်ဟောကိန်းထုတ်နေသည့်အလား ချစ်သ၀ဏ်လွှာကိုစရေးနေပါပြီ။ တကယ်တော့ မောင်ဖုန်းလို လူအတွက်တော့ စာရေးခြင်းဆိုတာ “အပျိုကြီးနဲ့ ပုခက်လို” ဘာမှ မသက်ဆိုင်ဘူးလေ။ ပြီးတော့ သူ့လို GRADE – II နဲ့ကျောင်းထွက်လာတဲ့ လူအဖို့တော့ ရည်းစားစာဆိုတာ “ဆာဒူးနဲ့ တဏှာရူး” လိုပဲ ဗြောင်ကို ဆန့်ကျင်နေတာ။ ဒါပေမယ့်လည်းဗျာ… သူနေတာက ကိုရီးယားမဟုတ်လေတော့ ယောက်ျားလေးကပဲ မပြောမပြီး၊ မတီးမမြည်ဆိုသလို ရေးနေရပြီပေါ့။
            ဒီလိုနဲ့ ကြိုးစားရေးနေရင်း မောင်ဖုန်းတစ်ယောက် လက်တွန့်သွားတယ်။ မေတ္တာဆိုတဲ့ စာလုံးကို  ဘယ်လိုပေါင်းရမလဲ မသိဘူးဖြစ်နေတယ်။ မသိဘူးဆိုလို့ ရှောင်ရေးလို့ကလည်း  မဖြစ်။ ဟုတ်တယ်လေ…. မေတ္တာတရားဆိုတဲ့ နေရာမှာ မေတ္တာမပါဘဲ ဘယ်လိုဆက်ရေးမလဲ။ ဟိုစာရေးဆရာပေါက်စ နွေရိပ် ကိုမေးဖို့ကျတော့လည်း ကျောင်းဆရာမခင်ပွန်းလောင်းအနေနဲ့ “ဟင်း…မနိပ်ပါဘူးကွာ” လို့တွေးမိတယ်။
            အမျိုးမျိုးစဉ်းစားကြည့်တယ်။ မရ။ ငါတို့ကိုသင်ခဲ့တဲ့ ကျောင်းဆရာမတွေများ မေတ္တာဆိုတဲ့ စကားလုံးကို သင်မှသင်ခဲ့ရဲ့လားလို့ အပြစ်တင်သလိုလိုနဲ့ ချွေးပြန်လာတယ်။ ပေးရမယ့်စာကလည်း ကျောင်းဆရာမကိုပေးရမှာဆိုတော့ စာလုံးပေါင်းကလည်း မှားလို့မဖြစ်။ မောင်ဖုန်းဘ၀က “ကိုင်ထားတော့လည်း နံသေး၊ လွှင့်ပစ်တော့လည်း ဒဏ်ငွေ ၁၅၀၀” ဆိုသလိုပဲ ဆုပ်လည်းစူး၊ စားလည်းရူးမယ့်ဘ၀။ ဒီလိုစဉ်းစားလို့ ဘေးက ဘတ္ထရီအားကုန်ခါနီးလို့ မှိန်တိန်တိန်ရှိမှ မောင်ဖုန်းဦးနှောက်က တစ်ချက်လက်တာတယ်။ ပြီးတော့ ပါးစပ်ကလည်း “ငါ့နှယ့် ညံ့လိုက်တာ.. ရွာလယ်က ဆန်းရှိုင်းကောင်မလေး ကွမ်းယာဆိုင်က ပြည်သူ့မေတ္တာ ကွမ်းယာဆိုင်ဆိုတာမေ့နေသဟ။ (ဆန်းရှိုင်းရေ… sorry ဟ) ဒီလိုနဲ့ ရေးလက်စ စာလေးကို ခေါင်းအုံးအောက်ထိုးထားပြီး မှုန်ဝါးဝါးလရောင်အောက်က သူတို့ရွာလယ်က ဆန်းရှိုင်းကြံနေတဲ့ ကုလားမလေးကွမ်းယာဆိုင်ကိုအပြေးအလွှားသွားကြည့်မိတယ်။
            ဟူး… တော်ပါသေးရဲ့ရွာထဲကလူတွေ အိပ်ကုန်လို့။ ဟော… တွေ့ပါပြီ။ သူမျှော်လင့်နေတဲ့ မေတ္တာဆိုတဲ့ စကားလုံးကို သေချာကြည့်ပြီး အပြန်ပြန်၊ အလှန်လှန် စာလုံးပေါင်းဖတ်ပြီးတော့ပြန်လာခဲ့တယ်။ ရေးလက်စ အချစ်သ၀ဏ်လွှာကိုလည်း အောင်မြင်စွာ (ညတွင်းဖြစ်) ရေးနိုင်ခဲ့တယ်။ သြော်… ဒါပေမယ့် သူမှတ်သွားတဲ့ မေတ္တာဆိုတဲ့ စကားလုံးကို ကာလသားတွေစနောက်ရင်း တစ်မျိုးပြောင်းရေးထားတယ်ဆိုတာရယ်၊ အဲဒီစာလုံးကလည်း အဓိပ္ပါယ်တစ်မျိုးထွက်နိုင်တဲ့ စာလုံးကြီးဖြစ်နေတာကို မောင်ဖုန်း မသိလေတော့။

*                 *                 *

            ဆရာမလေးဟာလေ.. မောင်ဖုန်းကစာပေးတော့ မျက်လုံးဝိုင်းကြီးနဲ့ အပြည့်ရှက်သွေးတွေ ဖိတ်ကျလို့ “စာပေးစရာလိုလို့လား ကိုဖုန်းရယ်” ဆိုပြီးတော့ ခေါင်းလေးငုံ့သွားပုံလေးက မောင်ဖုန်းကို အချက်ပေးလိုက်သလိုမျိုး။ မောင်ဖုန်းကလည်း အလိုက်သိစွာ ဆရာမလေးပခုံးနှစ်ဖက်ကို ကိုင်ပြီးရင်ခွင်ထဲသွင်းပြီး ပါးချင်းအပ်ထားလိုက်တာ တကယ့်ရုပ်ရှင်ထဲက အတိုင်းပဲ။ ဒီလိုအိပ်မက်မျိုး ဒီညမက်ဖြစ်အောင်မက်လိုက်မယ်ပေါ့။
            ဆရာမလေးကို စာပေးခဲ့တာ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့ မောင်ဖုန်းနဲ့ ဆရာမ ရွာထိပ်က ဘုရားရင်ပြင်ပေါ်မှာအတွေ့။ ဆရာမလေးရှေ့မှာ မောင်ဖုန်းရင်ဘတ်ကို ကော့ပြီးရပ်လိုက်တယ်။ အဲဒီအချိန်မှာ ဆရာမလေးရဲ့အကြည့်က မောင်ဖုန်းတစ်ကိုယ်လုံး ဘီလူးရုပ်ထိုးထားတာမရှိဘဲနဲ့ ဘာကိုကြည့်ပြီးကြောက်နေတာလဲမသိ။ သူ့လက်မောင်းကလေးမှာ ကြက်သီးလေးတွေထလို့။ မျက်ဝန်းမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေ့ခင်းကြောင်တောင် သရဲခြောက်ခံလိုက်ရသလိုမျိုး တုန်တုန်ရီရီနဲ့ ချာခနဲလှည့်ထွက်သွားတယ်။ ဒါကို နားမလည်စွာ ကျန်ခဲ့တဲ့လူက မောင်ဖုန်း။ တကယ်ဆို စာလေးတစ်စောင်ပေးလိုက်တာနဲ့ ဒီလောက်ထိဖြစ်စရာ အကြောင်းမှမရှိဘဲ..။ အသံမဲ့ချစ်ခြင်းတွေ ဖလှယ်ခဲ့ကြတာ မနေ့ တစ်နေ့ကမို့ မမေ့သင့်ပါဘူး ဆရာမလေးရယ်။ အသိခက်တဲ့ မိန်းမသားတွေထဲမှာ ရန်ကုန်သူဆရာမလေးလည်း ပါတာပါပဲလားလို့ မောင်ဖုန်းတစ်ယောက် မျက်ရည်ဝဲရင်းတွေးနေမိတယ်။ ဒီလိုနဲ့ပဲ ရန်ကုန်သူ “ဆရာမလေး” နဲ့ “မောင်ဖုန်း”တို့ ဇာတ်လမ်းလေးဟာ ပြီးဆုံးသွားပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်တစ်ရွာတည်းနေပေမယ့် ကမ္ဘာခြားသွားခဲ့လေပြီ။

*                 *                 *

            တကယ်တော့ မောင်ဖုန်းရင်ထဲက မေတ္တာတွေဟာ သတ်ပုံမမှားခဲ့ပါဘူးလေ။ မောင်ဖုန်းရဲ့ရည်းစားစာလေးကို သူငယ်ချင်းတို့အချိန်မီသိခဲ့လို့ ပြင်ပေးခဲ့မယ်ဆိုရင် မောင်ဖုန်းခမျာ အသည်းကွဲရမှာ မဟုတ်ဘူးဆိုလိုက်ချင်ပါတော့တယ်။ ဒီစာဖတ်နေတဲ့လူတိုင်းလည်း မောင်ဖုန်းလိုအဖြစ်မျိုးနဲ့ မကြုံရလေအောင် မောင်ဖုန်းရဲ့ ရည်းစားစာကို တစ်ပိုင်းတစ်စ ဖော်ပြလိုက်ပါတယ်။
            “ဆရာမရယ်.. ဟောဒီရွာက ယောက်ျားလေးတွေသာမက ဟောဒီကမ္ဘာက ယောက်ျားသားတွေက ဆရာမကိုချစ်တယ်ဆိုဦးတော့ “မော်တာတရား”မှာ ဘယ်သူ့ “မော်တာ”နဲ့ ယှဉ်ယှဉ် ကျွန်တော့် “မော်တာ”က အဆမတန်သာလွန်းပါတယ်။ ကျွန်တော့် “မော်တာ” ဘယ်လောက်ကြီးမားတယ်ဆိုတာ တစ်ချိန်ကျရင် ဆရာမလည်း သိလာမှာပါ
ကြီးမားတဲ့ “မော်တာ” ရှင်
မောင်ဖုန်း


           

No comments:

Post a Comment