Friday, February 24, 2012

အတွင်းဓာတ်ခံ


            လူတွေဟာ ကိစ္စတစ်ခု အကြောင်းအရာတစ်ရပ်ကိုကြည့်မြင် ချည်းကပ်တဲ့နေရာမှာ အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရှူ့မြင်သုံးသပ်တာမျိုးမဟုတ်ဘဲ သူတို့စိတ်ထဲမှာရှိနေတဲ့ အတွင်းဓာတ်ခံနဲ့ ပေါင်းစပ်ကြည့်မြင်ဆုံးဖြတ်လိုက်ကြတော့ ပြဿနာက အကုန်လုံးရှုပ်ကုန်ရော။ အဲဒီမှာ ဆန္ဒစွဲတွေ ဘယာစွဲတွေဖြစ်ကုန်တော့တာပဲ။
            အခုလည်း ရွာထဲမှာ မောင်မျိုးတစ်ယောက် စာရေးဆရာလိုလို ဘာလိုလို စာတွေရေးလိုက်ဖျက်လိုက်၊ စိတ်တိုင်းမကျလိုက် ပြန်ရေးလိုက် ပြန်ဖျက်လိုက်နဲ့ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ စာတွေချည်းဖိရေးနေတယ်။ တစ်ခါတစ်ခါ မြို့တက်စာတွေပို့နေပြီဆိုတာနဲ့ ရွာထဲက လူတွေအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ မောင်မျိုးကို တခြားကမ္ဘာကရောက်လာတဲ့ ဂြိုလ်သားတစ်ကောင်လို ထူးထူးဆန်းဆန်းလုပ်ပြီး ကြည့်တဲ့လူတွေကလည်း ကြည့်တယ်။ မျက်လုံးပြူး၊ မျက်ဆံပြူးနဲ့ တစ္ဆေတစ်ကောင်လို မြင်မှတ်ပြီး လန့်တဲ့သူတွေကလည်း လန့်နေပြီ။ မကြာခင်လူတွေကို ဒုက္ခပေးတော့မယ့် ရောဂါဆိုးကြီးတစ်ခုလို ထင်မှတ်ပြီး ရွံကြောက်ကြီးဖြစ်တဲ့သူတွေကလည်း ရှိပါ့။ ပိုဆိုးတာက ငယ်ငယ်တည်းက ပုခုံးဖက်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေကတောင် မခေါ်မပြောတော့ဘူး။ မေးထူးခေါ်ပြောလုပ်ခဲ့တဲ့ လူတွေကလည်း လမ်းမှာတွေ့ရင် မသိကျိုးကျွံပြုနေကြကုန်ပြီ။
            မောင်မျိုးတစ်ယောက် ဘာတွေရေးနေသလဲ၊ ဘယ်သူ့အကြောင်းတွေရေးနေတာလဲ၊ သူ့အကြောင်းလား၊ ကိုယ့်အကြောင်းလား၊ ရွာထဲကအကြောင်းလား၊ လားပေါင်းများစွာနဲ့ ကိုယ်ထင်တာ ကိုယ်တွေးပြီး ပိုက်ဆံမပေးရတိုင်း စိတ်ကူးနဲ့ ကုလားဖန်ထိုးကြတယ်။
            အဲဒီထဲမှာ ရွာဦးဘုန်းကြီးကျောင်းထိုင် ဆရာတော်ဦးဇ၀နက မောင်မျိုးစာရေးတတ်တယ်ကြားပြီး လာမယ့်ဝါဆိုဦးမှာ သူ့သိက္ခာထပ်ပွဲအတွက် အမှတ်တရတေးထပ်လေးရေးခိုင်းပြီး အသံကောင်းတဲ့ မိနွေကို တစ်ရွာလုံးကြားအောင် မိုက်တပ်ပြီး ဟဲခိုင်းမယ်လို့ စဉ်းစားထားတယ်။ ဂေါ်မစွံလူပျိုကြီး မောင်ဖုန်းကလည်းတစ်မျိုး။ မောင်မျိုးတစ်ယောက် စာရေးတတ်တာကို ၀မ်းသာအားရ လက်ခမောင်းထခတ်တယ်။ မောင်မျိုးသာ သူ့အတွက်ရည်းစားစာ ကောင်းကောင်းရေးပေးရင် ဒီဘ၀ငှက်ပျောတုံး နဲ့ဖက်စရာအကြောင်းမရှိဘူးပေါ့။ ဉာဏ်ပူဇော်ခအနေနဲ့ ထန်းရည်တစ်အိုးနဲ့ ကြက်တစ်ကောင်ကိုလည်း လက်ဆောင်အဖြစ်စိတ်ကူးထားရှာတယ်။ ရွာသူကြီး ဘစီကတော့ သူနဲ့အမြဲ ဘုဂလန့်ဂွစာလုပ်တတ်တဲ့ မောင်မျိုး စာရေးတတ်တာကို နှစ်လုံးပြူးသေနတ်ကောက်ရတာထက် စိုးရိမ်နေရှာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အိမ်မှာ အကူလာလုပ်တဲ့ မိတုတ်ကိုအလစ်သုတ်ခြေတော်တင်လိုက်ပြီး လူမသိခင် ဖုံးဖိပြန်လွှတ်လိုက်တာကို မောင်မျိုးတစ်ယောက်ရိပ်မိသွားလားလို့ တွေးနေတယ်။
            ဘုရားလူကြီး ဦးဖေသန်းကလည်း အိမ်မိုးမလုံတုန်းက ဘုရားဘဏ္ဍာထဲက မသိမသာယူသုံးထားတဲ့အကြောင်း မောင်မျိုးသိသွားရင် ဒုက္ခပဲလို့ရင်မတယ်။ ရွာမြောက်ပိုင်းက နေမင်းသူရိန်တို့အုပ်စုကလည်း လိုင်စင်မရှိဘဲ အမဲပေါ်တဲ့ကိစ္စ စာထဲထည့်ရေးလိုက်ရင် သူတို့ထမင်းအိုးကွဲပြီး အချုပ်ကျမယ့်ကိစ္စမို့လို့ ဘုရားတတယ်။
            မြေပိုင်ရှင် ငွေတိုးချေးစားတဲ့ ဦးချစ်တီးရဲ့သား အောင်ကျော်သူတို့အုပ်စု ကောင်မလေးကိစ္စနဲ့ စကားများပြီး ဟိုဖက်ရွာသားတွေကို အုပ်စုဖွဲ့ရိုက်ထားတာ အမှုပြန်ပေါ်လာပြီး ပြန်အမှုပတ်လာမှာကို စိုးရိမ်နေကြတယ်။
            ပြောရရင်တော့ မဟုတ်တရုတ်လုပ်ထားတဲ့သူတွေက သူတို့အကြောင်းတွေကို လူသိရှင်ကြားဖြစ်အောင် မောင်မျိုးကများ တစ်တစ်ခွခွရေးပြီး ဖော်ကောင်လုပ်မလားလို့ လန့်နေကြတာပေါ့။ ဒါကြောင့် မောင်မျိုးကို မသိမသာရော သိသိသာသာပါ မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ သူကြီးဘစီက သူ့လူတွေကို တိုးတိုးတိတ်တိတ်အမိန့်ထုတ်ထားတယ်။ အောင်ကျော်သူကလည်း သူတို့အကြောင်းရေးတာသေချာလို့ကတော့ နောက်နေ့မနက်မှာ မျက်နှာသစ်စရာ မျက်နှာမရှိစေရဘူး လို့သူ့တပည့် အခြောက်မ အမုန်းသခင်ခေါ် အောင်အောင်နဲ့ ထက်ဝင်းကို အမိန့်ပေးထားတယ်။ အမဲခိုးဖျက်တဲ့ နေမင်းသူရိန်တို့ကလည်း သူတို့ထမင်းအိုးကွဲရင် မောင်မျိုးရဲ့ မရှိမဲ့ရှိမယ့် တခြမ်းပဲ့ထမင်းအိုးလေးလည်း ပြန်ကွဲစေရမယ်လို့ ဂျူတီယူထားတယ်။
            ဒါကို စာရေးဆရာပေါက်စ မောင်မျိုးတစ်ယောက် ဘာတစ်ခုမှမသိပါဘူး။ သူသိတာက သူပို့လိုက်တဲ့စာ အယ်ဒီတာမင်းဆီ ရောက်မရောက်၊ ရောက်တဲ့အခါ အယ်ဒီတာမင်းက ရွေးမရွေး၊ ရွေးတဲ့အခါ ဘယ်သောအခါပါမလဲ၊ ပါတဲ့အခါ ဘယ်သောအခါဖတ်ရမလဲ ဆိုတာကိုပဲ မျှော်လင့်စောင့်စားနေတာပါ။ ထိုနည်းလည်ကောင်းပဲ မောင်မျိုးကိုစောင့်ကြည့်နေကြတဲ့အဖွဲ့ကလည်း ရင်တမမနဲ့ စိုးရိမ်နေပါတယ်။
            တစ်နေ့တော့ ရွာထိပ်ကနေ မောင်မျိုးတစ်ယောက် လက်ထဲမှာ သတင်းစာတစ်စောင် ဆုပ်ကိုင်လာပြီး ပြေးချလာတယ်။ ပါးစပ်ကလည်း စက်သေနတ်ပစ်သလို တလစပ် အော်နေတာပေါ့လေ။
            “ပါလာပြီကွ၊ ပါလာပြီ၊ ငါရေးထားတဲ့စာ သတင်းစာထဲမှာ  ပါလာပြီ၊ ဟား ဟား ဟား အနှစ်နှစ်အလလက ငါကြိုးစားရေးထားတာလေး ပါလာပြီကွ ငါ့အစွမ်းအစ သိကြပြီမလား။ လာဖတ်ကြည့်ကြစမ်း။ မောင်မျိုးတဲ့ကွ၊ တစ်မျိုးပဲရှိတယ်။ နှစ်မျိုးရှိရင် သင်းပစ်လိုက်မယ်”
            ဒီလိုအော်သံကြားတာနဲ့ မောင်မျိုးမြို့ကပြန်အလာကို စောင့်နေတဲ့ သူကြီးဘစီနဲ့ အကြံတူအပေါင်းအသင်းတွေဟာ လက်ဦးမှုယူတဲ့အနေနဲ့ အပြေးအလွှားလုလိုက်တာ သတင်းစာလေး တစ်စစီပြသွားတယ်။ ဒါပေမယ့် ဘယ်ရမလဲ သူတို့အကြောင်းပါမလားသိချင်နေကြတောမရရအောင် ပြန်ဆက်ပြီး သဲကြီးမဲကြီး နဲ့ဖတ်ကြတာပေါ့။
            “မန်ကျည်းစဉ်အုပ်စု ညောင်ပင်ကြီးရွာထိပ်နှင့် တမာကုန်ရွာထိပ်တို့တွင် ဆက်သွယ်ကူးသန်းသွားလာခဲ့သော တံတားကြီးမှာ နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့် ယိုင်ရွဲ့အိုမင်း ပျက်ယွင်းနေပြီဖြစ်ပါသည်။ ၀ါဆို ၀ါခေါင် မြစ်ရေကြီးချိန်တွင် တံတားကြီးပေါ်တွင် နှစ်ရွာတစ်ရွာ ကူးလူးသွားလာနေသော ရဟန်းရှင်လူ လူအများနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များ အန္တရာယ်ကြုံတွေ့ အခက်ပွေလာနိုင်သဖြင့် အသစ်တဖန် ပြန်လည်တည်ဆောက်သင့်ပါကြောင်း စေတနာကောင်းဖြင့် နှိုးဆော်လိုက်ရပေသည်။
ပုံ
တံတားစောင့်နတ် ဒစ်စကိုမျိုး”
                        မောင်မျိုးရဲ့စာကိုဖတ်ပြီး လူအများဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်လိုက်တာဆိုတာ ပတ်တုတ်လို့တောင်မရဘူး။ မောင်မျိုးကတော့ သူရေးတဲ့စာထဲမှာ ရယ်စရာမပါဘဲ ဘာလို့ရယ်တာလဲလို့ တွေးရင်း မျက်လုံးလေး ပေကလပ် ပေကလပ်ဖြစ်နေပါတော့တယ်။

No comments:

Post a Comment