Monday, January 30, 2012

မခွဲရက်လို့.. တွဲလက်မဖြုတ်ပါ

မခွဲရက်လို့.. တွဲလက်မဖြုတ်ပါ

  “ကို..ဖေဖေနဲ့ မေမေတို့က ကိုနဲ့ ချစ်ကို သဘောမတူဘူးတဲ့။ ခုတောင်ဘယ်သူမှ မသိအောင်ခိုးထွက်လာတာ”    
ကျွန်တော်တို့သည် ချစ်၍ချစ်သူများဖြစ်ခဲ့ကြသည်။ ချစ်သူနှင့် ကွေကွင်းခြင်း၊ ကွဲကွာခြင်း ၀ဋ်ဒုက္ခများကို သူရော ကျွန်တော်ပါ မခံစားနိုင်ကြပါ။ မိဘများက မည်သို့ပင်တားမြစ်ပိတ်ပင်ပါစေ နီးစပ်အောင်တော့ အစွမ်းကုန်ကြိုးစားပါသည်။
            ကူညီမစမည့်သူ အားကိုးစရာလည်းရှာပါသည်။ (ဖာဂူဆန်တို့ အာဆင်ဝင်းဂါးတို့ကလည်း သိပ်အားကိုးလို့မရဘူးဗျ) အမေ့ဆီသွားပြန်တော့လည်း လူမြင်တာနဲ့ သရဲသဘက်မြင်တဲ့အလား ဇွတ်ကိုမောင်းထုတ်တာ။
            ချစ်သူသည်သာ အဓိကဖြစ်၍ အချိုသပ်ကာ အပျော့ဆွဲဆွဲပြန်ရာ “ကို့ကိုလည်း ချစ်တယ်။ မိဘတွေ စကားလည်း မလွန်ဆန်နိုင်ဘူး” ဟုဆိုရာ ရှေးရိုးနည်းစဉ်အတိုင်း ခိုးရာလိုက်ရန်ပြောပြန်သော်…
            “ခိုးရာတော့ မလိုက်နိုင်ဘူး ကို”
            နောက်ဆုံးစကား၊ နောက်ဆုံးမျှော်လင့်ချက်ပါ ကုန်ဆုံးသွားပြီဖြစ်ရာ များစွာစိတ်ပျက်နေခိုက် ချစ်သူက ၀မ်းသာအားရနှင့်….
            “အဲ… အကြံရပြီ။ ခိုးရာလိုက်ရင် အိမ်ကအမွေပြတ်တဲ့။ ဒီတော့ကိုက ချစ်ကို ကားတင်ပြေး”
            “ကားတင်ပြေးရမယ်”
            “ဟုတ်တယ်… ကားတင်ပြေးတော့ ကိုကိုနဲ့ မြန်မြန်နီးရမယ်။ ခိုးရာလိုက်တာမဟုတ်တဲ့အတွက် အိမ်ကလည်း သိပ်ကွိုင်မှာ မဟုတ်တော့ဘူးလေ။ ဒါပေမယ့် သဏ္ဍာန်လုပ် သရုပ်တူမှဖြစ်မှာ”
            ချစ်သူက ဖန်တီးထားသော ဇာတ်ကွက်တစ်ခုကို ပြောပြ၏။ သူ့ဟာသူတော့ အပိုအလိုမရှိ ကွက်တိဖြစ်ပေမယ့် ကိုယ့်အတွက်ကတော့ သိပ်မစားသာတာမို့..
            “အဲ့လောက်လိုလို့လားချစ်ရာ”
            “လိုတာပေါ့ ကိုရ။ သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ”
ဤသို့ဖြင့်…
            မှော်ဘီဈေးတံတားထိပ်တွင်ကားကိုရပ်လိုက်သည်။ ကူညီပေးမည့် ပြည့်ဖြိုးအောင်က မောင်းသည့်ခုံတွင် မိန့်မိန့်ကြီး ထိုင်နေသည်။ ကျွန်တော်ကတော့ အနောက်ဆီသို့ မျှော်လျက် ချစ်သူအလာကိုစောင့်နေလိုက်သည်။ လမ်း၏တစ်ဖက်ခြမ်းတွင်တော့ အောင်ကျော်ဆက်နှင့် ဥက္ကာတို့က ရောက်ရှိနေကြပြီ။
            ဟော.. အနောက်ဆီမှ ချစ်သူကိုတွေ့လိုက်ရသည်။ မျက်ဝန်းထဲတွင်တော့ ကမ္ဘာ့အလှဆုံးပန်းပွင့်လေး လေနှင့်လွင့်လာသလိုလို…
            “ရပ်”
            ချစ်သူကိုတား။ လက်ကိုဆွဲတော့ ချစ်သူက သူရေးသည့်ဇာတ်ညွှန်းထဲကအတိုင်း ဟန်ပါပါရုန်းကန်ရင်း ပါးချလေသည်။
            “ဖြန်း”
            ပါးပြင်တစ်ပြင်လုံး ပူထူသွားလေသည်။ လမ်းတစ်ဖက်က အောင်ကျော်ဆက်နှင့် ဥက္ကာတို့က ကျွန်တော်တို့ ရှိရာကို ပြေးလာပြီး..
            “လက်ကိုလွှတ်လိုက်စမ်း..ခွပ်”
            ကြိုတင်မှာထားသည့်အတိုင်း မလုပ်ဘဲ ကျွန်တော့်မျက်ခွက်အား အသားကုန်ထိုးသဖြင့်  စိတ်တိုပြီး ဥက္ကာအား ကန်ထည့်လိုက်သည်။
            “ဖုန်း..အွန့်..”
            မတည့်အတူနေ နဂိုကမှ အစာမကြေသူ အောင်ကျော်ဆက်ကတော့ အငြိုးနှင့် အတိုးပေါင်း၍တွယ်ရာ နှစ်ယောက်တစ်ယောက် မီးကုန်ယမ်းကုန်သုတ်ရသလိုဖြစ်နေလေသည်။ အကူအညီရမလားလို့ ပြည့်ဖြိုးအောင်ကို ကြည့်တော့ သူနဲ့မဆိုင်သလို ထိုင်နေသည်။
            “ခွပ်”
            “ဒုတ်”
            “အင့်”
            ချစ်သူလက်ကိုဆွဲထားရသည်က တစ်ကြောင်း၊ နှစ်ယောက်တစ်ယောက် ဖိုက်တင်ပလေးနေရသည်က တစ်ကြောင်းကြောင့် ထိုးလိုက်၊ ကန်လိုက်နှင့် ကိုယ်ကချည်းသာခံနေရလေသည်။ လူကနာလို့ ဒေါသပါရုံမကဘဲ မာတုဂါမလက်ကို ကိုင်ထားတော့ တဏှာကထပ်လောင်းပိုလာပြီမို့ ဇွတ်ရော အတင်းပါဆော်နေတုန်း ဘေးကကြည့်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့က..
            “ဟိုကောင်က ကောင်မလေးလက်ကိုကိုင်ထားတယ်”
            “ရုပ်ကလည်း ကြာကူလီရုပ်နဲ့”
            “ရပ်ကြည့်လို့ အမြတ်မရှိပါဘူးကွာ၊ နိုင်ငံကြီးသားပီပီ ကူညီလိုက်ရအောင်ပါ”
            ဟူသော စကားသံများက နောက်ဆုံးကြားရခြင်းဖြစ်သည်။ အား..လားလား. များလိုက်တဲ့လူတွေ။ ငယ်ငယ်ကကြည့်ဖူးတဲ့ စွန်းဝူခုန်းတို့ ကျန်ကျောင်းတို့ လာချတောင် နိုင်မှမဟုတ်ဘူး။
            ကြံရာပါ ပြည့်ဖြိုးအောင်ကလည်း အားကိုးရပါပေသည်။ ဟန်ပုံမရသည်နှင့် ကားကိုမောင်းပြေးလေပြီ။ ကျွန်တော့်တွင် ပြေးစရာမြေမရှိတော့….။ ချစ်သူလက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း …
            “ချစ်.. ကိုယ်တို့က ရည်းစားတွေလို့ပြောလိုက်လေ”
            “ဟင့်အင်း.. ပြောဘူး။ နိုင်အောင်ချပေါ့။ သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ ကိုရဲ့”
            “သေဟ”
            လူကများရတဲ့အထဲ တုတ်ကိုင်ထားတဲ့ လူတွေကပါသေး။ တတ်နိုင်ဘူး အားရှိသရွေ့တော့ ဆော်ရတော့မှာပဲ။ လက်သီးနဲ့ထိုး  ခြေထောက်နဲ့ကန် ပါးစပ်နားရောက်လာရင် ဆွဲကိုက်။ လူတွေကလည်း ဒါမျိုးဆိုရင် အားတက်သရော ကူညီကြပါ့။ ဘယ်ဘ၀က ငါးဖယ်ရောင်းခဲ့တယ်မသိပါဘူး။ ဒီဘ၀တော့ ငါးဖယ်တေ တေခံလိုက်ရတာဖြင့် သတိကိုလွတ်ရောပဲ။ (သတိသာလွတ်တာ ချစ်သူလက်ကတော့ လွတ်ဘူးရယ်)
            “မင်းရဲ့ချစ်ခြင်းကို လေးစားသောအားဖြင့် ငါ့သမီးနဲ့ သဘောတူလိုက်ပါပြီကွာ”
            ဦးဖေဖေ စကားကြားရသည်မှာ နားထဲတွင်ချို၍သွားလေသည်။ ၀မ်းသာအားရထခုန်မည်လုပ်တော့ ဟယ် တစ်ကိုယ်လုံးတွင် ပတ်တီးတွေ အပြည့်။ အို လူကလှုပ်မရတော့ မျက်နှာက ပြုံးပြရမပေါ့လေ ဟူ၍ပြုံးပြလိုက်ရာ လေများက ပါးစပ်ထဲဒလဟောဝင်လာ၏။ မသင်္ကာ၍ လျှာဖြင့်ကလိကြည့်တော့ ရှေ့က ကာဗာရှဲများမရှိတော့။ ဆရာဝန်ဖြစ်ဟန်တူသော ငနဲက..
            “ဒီလောက်ဒဏ်ရာများတာတောင် အသက်ထွက်မသွားတာ အံ့ဖွယ်ပဲ”
            “စိတ်လေ.. စိတ်။ စိတ်ဆောင်နေလို့ပေါ့ဗျာ” ဟု မကြာခင်တော်ရတော့မည့် ယောက္ခကြီးကပြောရာ ကုတင်ဘေးတွင် ကုတ်ချောင်းကုတ်ချောင်းနှင့် ရပ်နေသော ပြည့်ဖြိုးအောင်က
            “တဏှာလို့ပြောရင် ပိုမှန်ပါတယ် ဦးရယ်”
            “ကဲ..ကဲ.. ငါတို့လည်း ပြန်တော့မယ်။ ငါ့သမီးလက်ကိုလည်း လွှတ်ဦးကွ ရန်စဖြစ်ကတည်းက ကိုင်ထားတဲ့လက် အခုထိကို မလွှတ်သေးဘူး။ ငါ့သမီးက ဘယ်မှ ထွက်မပြေးပါဘူးကွ”
            “မခွဲရက်လို့ တွဲလက်ကို မဖြုတ်ပါရစေနဲ့ ဦးရယ်”
            “အဲဒါ..အဲဒါ.. ရောဂါ.. ရောဂါ”
            “ဒါနဲ့ အောင်ကျော်ဆက်နဲ့ ဥက္ကာရော”
            “သူတို့ကတော့ ရဲစခန်းမှာ ခဏထိန်းသိမ်းထားတယ် တခြားလူတွေကတော့ အာမခံနဲ့ထုတ်သွားပေမယ့် သူတို့ကိုတော့ ဘယ်သူမှ အာမခံမပေးလို့တဲ့”
            “အန်”
            အားလုံးပြန်သွားကြချိန်တွင်တော့ အခန်းထဲ၌ ချစ်သူနှင့်ကျွန်တော် နှစ်ကိုယ်တည်း။ ချစ်သူ၏အပြုံး၊ ချစ်သူ၏အယုအယတို့သည်က ဒဏ်ရာမှန်သမျှကို မေ့ပျောက်လို့သွားစေနိုင်တော့လေသည်။         ။

No comments:

Post a Comment