Tuesday, March 13, 2012

RB-20


မောင်ဖုန်း တစ်ယောက် ရည်းစားရသွားပြီတဲ့။ မောင်ဖုန်းခမျာ ဒီကောင်မလေးဆီက အဖြေပြန်ရကတည်းက အနေအထိုင်၊ အပြောအဆိုတွေ ပြောင်းလဲသွားလိုက်တာများ။ အော်… ပြောင်းလဲသွားတယ်ဆိုလို့ ပြောပြရဦးမယ်။ အရင်က မောင်ဖုန်းဆိုတာက စာနဲ့ပက်သက်ရင် စာကလေးတောင် လွှတ်တာမဟုတ်ဘူး။ ရှိသေးတယ်… ကဗျာလို့ပြောလိုက်ရင် ထ.ကတာ။ က.ဗျာ. လို့ပြောတယ်ထင်လို့တဲ့။ ထားပါတော့..။ တိုတိုပြောရရင် မောင်ဖုန်း အချစ်တန်ခိုးတွေနဲ့ အရင်နဲ့မတူဘဲ တမူထူးခြားစွာ ပြောင်းလဲလို့လာပါတော့တယ်။ ဒီနောက်ပိုင်းမှာ ကဗျာတွေရေး၊ ကဗျာတွေဖတ်ပြီးတော့ ကဗျာဆန်ဆန်တွေပြောတတ်၊ ဆိုတတ်လာပြီလေ။
ဟော…ခုလည်းကြည့်။ မောင်ဖုန်း အလှပြင်နေပြီတဲ့။ အရင်က အလှအပဆိုတာ ယောက်ျားလေးတစ်ယောက်အတွက် မလိုအပ်ဘူးလို့ အသံကောင်းဟစ်ခဲ့တဲ့ မောင်ဖုန်းတစ်ယောက် ဒီလိုပြောင်းလဲလာတာလည်း အချစ်ကြောင့်ပဲလို့ပြောရမယ်။ အချစ်ကြောင့်ဆိုတာက...
*            *            *
အချစ်ကြောင့်ဆိုတာက… ဒီနေ့က မောင်ဖုန်းရဲ့ အသစ်စက်စက်ကောင်မလေးရဲ့အသက် (၂၀)ပြည့် မွေးနေ့လေ။ ဒီမွေးနေ့က မောင်ဖုန်းနဲ့ ကောင်မလေးနဲ့ ချစ်သူသက်တမ်း တစ်လျှောက်မှာ ပထမဦးဆုံးသော မွေးနေ့ပွဲလေးလည်းဖြစ်တယ်။ ဒီလိုနဲ့… ကောင်မလေးရှေ့ကို စုတ်တိစုတ်ပဲ့ မဟုတ်ဘဲ ချောချောမောမော နဲ့ရောက်သွားတယ်ပေါ့ဗျာ။
ကောင်မလေးကလည်း မိုးကျမယ်လေးလို ယဉ်လို့။ မောင်ဖုန်းကလည်း.. အဲ မောင်ဖုန်းကိုလည်း ပေးလှလိုက်ပါမယ်ဗျာ။ (ငါ့ကိုသက်သက်ညှာညှာလေးတွေ ရေးပေးပါကွာဆိုလို့နော်) မွေးနေ့ပွဲကို ဆင်နွှဲလေတော့ မောင်ဖုန်းကောင်မလေးခမျာ တခြားသူငယ်ချင်းတွေဆီက မွေးနေ့လက်ဆောင်ရပေမယ့် မောင်ဖုန်းဆီကတော့ ဘာမှထွက်မလာဘူးတဲ့ဗျ။ ဒါနဲ့ ကောင်မလေးသူငယ်ချင်းတွေက
“ဟဲ့ ဖုန်းမောင် နင်မွေးနေ့လက်ဆောင်မပါဘူးလား”
ဒီလိုမေးလေတော့ အလှပြင်ဖို့လောက်ပဲ သတိရပြီး မွေးနေ့လက်ဆောင် ၀ယ်လာဖို့မေ့လာတဲ့ မောင်ဖုန်းခမျာ ဘာပြောရမှန်းမသိဖြစ်ပြီပေါ့။ ဒီတော့ မောင်ဖုန်းတစ်ယောက် သူငယ်ချင်းတွေကြားမှာ မျက်နှာမပျက်ချင်လေတော့ ပြောမိပြောရာ ပြောတော့တာပေါ့။
“ဟင့်အင်း ငါကနင်တို့လို ပစ္စည်းမပေးချင်ဘူး၊ ကဗျာဆန်ဆန်ဖြစ်သွားအောင် ငါက RB 20 ပေးမှာ”
ဒီလိုပြောတော့ မိန်းကလေးတွေ စပ်စုချင်ကုန်ပြီ။
“ဟဲ့..ဘာလဲ RB 20 ဆိုတာ”
တွေဖြစ်ကုန်ရော။ ဒါပေမယ့် မောင်ဖုန်းဆိုတာကလည်း အိမ်ကခိုးလိမ်းလာတဲ့ မိတ်ကပ်အားကိုးနဲ့ အိုင်တင်ခံနေတယ်။ မောင်ဖုန်းကောင်မလေးဆိုလည်း RB 20 ဆိုတာကို သိချင်လွန်းလို့ မောင်ဖုန်းအနားကပ်ပြီး အနူနှာစေးတဲ့အသံနဲ့
“ကို.. RB 20 ဆိုတာ ဘာလဲ”
ဒါမျိုးကျတော့ သစ္စာရှိလိုက်တဲ့ မောင်ဖုန်းဆိုတာ မပြောဘူးဆိုတာချည်းပဲ။ နောက်ပြီး ဈေးကိုင်တဲ့ အနေနဲ့
“နောက်နေ့ နှစ်ယောက်တည်းတွေ့မှ ပြောမယ်”
“အင်း… နက်ဖြန်တွေ့မယ်လေ၊ ကန်ဘောင်ကို လာခဲ့။ တို့စောင့်နေမယ်”
*            *            *
မနက်ဖြန်..။ ဒီအချိန်မှာ မောင်ဖုန်းက ဈေးကိုင်ထားတဲ့လူဆိုတော့ ချိန်းထားတဲ့ အချိန်ထက် မိနစ် (၂၀)လောက်နောက်ကျနေလည်း လေချွန်မပျက်ဘူး။ RB 20 ဆိုတာကို အရမ်းသိချင်နေတဲ့ ကောင်မလေးကတော့ ဒါကိုအပြစ်လို့မမြင်ဘဲ မိုနာလီဇာသွားကိုက်နေတဲ့ အပြုံးနဲ့
“ကို.. မနေ့ကပြောတဲ့ RB 20 ဆိုတာ ဘာလဲ… ပြောဦးလေ”
RB 20 ဆိုတာကို ဒီတိုင်းမပြောဘူး။ စကားဝှက်နဲ့ပြောမယ်”
“အာ ကိုကလည်း ဒီတိုင်းပြောတော့ ဘာဖြစ်လို့လဲ”
“သြော်.. ဒီတိုင်းပြောလိုက်တော့ သဲ ရှက်သွားမှာပေါ့”
“အင်း ဒါဆိုလည်းပြော” (မျက်နှာနီကာ ခေါင်းငုံ့လျက်)
“အင်းပြောမယ်… RB 20 ဆိုတာ ကောင်လေးရဲ့ မာမာရှည်ရှည်အရာက ကောင်မလေးရဲ့ ပျော့ပျော့စိစိအရာကို ထောက်တာကိုခေါ်တယ်.. သိ…လား….”
“ဘာ..ဘာပြောတယ် နင်ငါ့ကို ဘယ်လိုအစားမျိုးမှတ်နေလို့ ဒီလိုစကားမျိုးပြောတာလဲ သေနာကောင်ရဲ့”
“ဟိုက် လွဲကုန်ပြီ ကိုယ် ကိုယ်ပြောတာ အဲသဘောဟုတ်ဘူးလေ သဲဟာသဲ သန်ရာသန်ရာတွေ စဉ်းစားနေပြီးတော့”
“ဘာ… နင်ထပ်ပြောပြန်ပြီ နင်ငါ့ကို တော်တော်အထင်သေးတယ်ပေါ့ဟုတ်လား”
“ဖြန်း”
နောက်ဆုံးမှာတော့ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးမယ့် မောင်ဖုန်းတစ်ယောက် ကောင်မလေးပေးခဲ့တဲ့ လက်ဆောင်လေးနဲ့ အင်းယားကန်ရေပြင်ကြီး နောက်ခံထားပြီး အသေအကျေ ကြေကွဲနေပါတော့တယ်။
*            *            *
ကဗျာဆန်ချင်တဲ့ မောင်ဖုန်းတစ်ယောက် သူကဗျာဆန်ဆန်ပြောမိတဲ့ RB 20 ဆိုတာကြီးကြောင့် အသဲကွဲရပါပကောလား။ အကူအညီတောင်းပါရစေ သူငယ်ချင်းတို့ရေ။ မောင်ဖုန်းပြောတဲ့ RB 20 ဆိုတာ “အာဘွား ၂၀” ဆိုတဲ့ အခါ (၂၀) အာဘွားပေးမယ် လို့အဓိပ္ပါယ်ရတယ်ဆိုတာကို မောင်ဖုန်းရဲ့ ကောင်မလေးနားလည်အောင် ရှင်းပြပေးလိုက်ကြပါဗျာ။

No comments:

Post a Comment