Friday, March 30, 2012

အရူးဆိုသည်မှာ.....(အင်တာဗျူး)

ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ကျွန်တော်မဟုတ်ဘူးလို့ပြောရင် ရူးတယ်ထင်ဦးမယ်။ ဒီလိုပြောနေရင်းနဲ့ ကိုဖုန်းကို အင်တာဗျူးတာလေးကို သတိရမိတယ်။ အားပေးလိုက်ကြပါဦးဗျာ။
Pyae: မင်္ဂလာပါခင်ဗျာ… ကိုဖုန်း
Jack: ……
Pyae: ပုံစံကြည့်ရတာတော့ နယ်နယ်ရရတော့မဟုတ်ဘူး။ အောင်မြင်ကျော်ကြားနေတဲ့ အရူးကြီးဖြစ်မှာပဲ။
Jack: အောင်မြင်ပြီလား ကိုယ့်လူရာ။ တစ်လောကလုံး ကိုယ့်ကိုမသိတဲ့လူ တစ်ယောက်မှမရှိဘူး။
Pyae: တော်တော်အရှိန်အ၀ါကြီးတာပဲနော်။ ဒီလိုအောင်မြင်နေတော့ ဘယ်လိုခံစားရလဲမသိဘူး
Jack: ပီတိပေါ့ကွာ။ ပီတိဖြစ်တာပေါ့…။ “ပီတိကိုစား အားရှိ”ဆိုတဲ့စကားကို မောင်ရင်မကြားဖူးဘူးလား။ ဒါပေမယ့်တစ်ခုတော့ ရှိတယ်နော်။ သတိကသိပ်အရေးကြီးတယ်။ အောင်မြင်မှုမှာ ယစ်မူးနေလို့မရဘူးလေ။
Pyae: (အံမယ်… သူကများ) ဟုတ်ကဲ့ မှတ်ထားပါ့မယ်။ ကိုဖုန်းအနေနဲ့ ဘယ်အရွယ်တည်းက စရူးတယ်ဆိုတာ ပြောပြနိုင်မလား။
Jack: မွေးကတည်းကပဲဟေ့……။  ပါရမီထူးတယ်ပဲပြောမလား။ လသားတုန်းက မသိသာပေမယ့် ကြီးလေရူးလေ ဖြစ်လာတာ ဒီနေ့အထိပဲဟေ့.။
Pyae: တချို့ကပြောတယ်လေ။ ရူးတယ်ဆိုတာ လွယ်တာမှတ်လို့တဲ့။ ဒီစကားကိုအကို့အနေနဲ့ ဘယ်လိုမြင်သလဲ။
Jack: ဒါကတော့ မောင်ရင်စဉ်းစားကြည့်လေ။ လောကမှာ လူကောင်းတွေကများပြီးတော့ အရူးတွေ နည်းနေတယ်မဟုတ်လား။ ဒီတော့သဘောက ကောင်းဖို့ကလွယ်ပြီးတော့ ရူးဖို့ကျတော့ ခက်တယ်မဟုတ်လား။ ကိုယ်ကတော့ မောင်ရင်သိတဲ့အတိုင်း ခက်တာပဲ အရသာတွေ့တတ်တော့ ပညာပါပါပဲရူးတတ်တယ်။ အေးဆေးပဲရူးတယ်။ တချို့အရူးတွေလို အော်ကြီးဟစ်ကျယ်မရူးပြတော့ဘူး။ ဘာလုပ်မှာလဲ။ ဟုတ်တယ်မဟုတ်လား။ အချိန်တန်ရင် ကိုယ့်ကို အရူးဆိုပြီးသနားလာတဲ့ပရိတ်သတ်ကပဲ ခွဲတတ်လာမှာပါလေ။ ဘယ်အရူးက အရူးလောကကို စေတနာရှိတယ်။ ဘယ်လောက်ရူးတတ်တယ်။ ဘယ်အရူးကတော့ လူသနားအောင် အတင်းရူးပြတယ်ဆိုတာ သိလာမှာပါလေ။ အချိန်လေးခဏပေးထားလိုက်။ ကိုယ့်ကို သနားတဲ့ပရိတ်သတ်က လူကောင်းတွေပဲလေ။ ကျကျနနရူးဖို့ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာကို သူတို့လည်းနားလည်ပါတယ်လေ။ သိက္ခာရှိတဲ့အရူးတစ်ယောက်ဖြစ်ဖို့ဆိုတာ ပါရမီခံလေးလည်း ရှိမှ၊ ကံလေးလည်း လိုက်ဦးမှ ရူးဖြစ်တာ။ ကိုယ်မဆွယ်ဘူး။ ပရိတ်သတ်သနားလာအောင် ကိုယ်အရူးပါလို့ ဘယ်တော့မှ မဆွယ်ဘူး။ ကိုယ့်ဟာကို ရူးစရာရှိရူးပြလိုက်မယ်။ ခပ်တည်တည်ပဲရူးမယ် ဒါပဲ။ လွယ်တယ်ထင်ရူးကြည့်ပါလား။  မောင်ရင်လည်း ခုစမ်းရူးကြည့်လေ။ သိပ်ခက်တယ်မရဘူး။ ရေရှည်မှာ ကွာသွားတာပဲ။
Pyae: တော်ပါပြီဗျာ မရူးတော့ပါဘူး။ ဒါနဲ့ အရူးကိုသနားနေတဲ့ လူကောင်းတွေ ယုံကြည်နေတာက ဘယ်အရူးမှ ရူးနေတယ်လို့ ၀န်မခံဘူး။ ရူးတယ်လို့ပြောရင် စိတ်ဆိုးတယ်ပေါ့။ကိုဖုန်းကျတော့ ကိုယ်ရူးတာ ကိုယ်သိနေတယ်လေ။ အခုတလော အရူးလောကမှာ ဒီကိစ္စအပြောများနေလို့ အကို့ထင်မြင်ချက်လေး ပြောပြပါဦး။
Jack: ကိုယ်လည်း ဒါပဲပြောချင်နေတာ။ တချို့က အတင်းတွန့်လိမ်ကောက်ကွေး ရူးပြကြတယ်။ တချို့ကျတော့ သူများရူးပုံရူးနည်းကို လိုက်ကြည့်ပြီးရူးပြတာရှိတယ်။ တချို့က ခေတ်မမှီတဲ့ ရူးနည်းတွေနဲ့ ကျန်ခဲ့ကြပြီ။ တချို့ကျတော့ ခေတ်မှီမှီရူးပြကြတယ်။ မောင်ရင်ခုမေးတဲ့ ကိစ္စက ဒါပါပဲ။ ပညာပါတယ်နော်။ ခေတ်ကွ ခေတ် ခေတ်။ ခေတ်နောက်ကျကျန်ခဲ့ရင် သွားတာပဲ။ ကမ္ဘာကြီးက အရမ်းတိုးတက်နေပြီ။ ဒီတော့ အရူးတွေလည်း ခေတ်မှီနေရမယ်။ အရင်ကအရူးတွေ ကိုယ်ရူးလို့ရူးမှန်းမသိဘူး။ ဒါမှန်တယ်။ လူကောင်းတွေလည်း ဒါကိုလက်ခံထားကြတယ်။ ဒါပေမယ့် အဲဒီခေတ်ကုန်သွားပြီ။ အရူးတွေ ရူးမှန်းသိလာပြီ။ သိတယ်မဟုတ်လား။ ကိုယ်က ခေတ်မီမီပဲ ရူးချင်တာလေ။ (တောက်ကျိုးနည်း အရူးဟ)
Pyae: ဒါဆို အရူးတွေ ကိုယ်ရူးလို့ ရူးမှန်းမသိတာ ခေတ်မမှီဘူးပေါ့နော်။
Jack: မမီဘူး။ အများကြီးနောက်မှာကျန်ခဲ့ပြီ။ ကိုယ်ပြောချင်တာက မရူးဘူးဆိုရင် လူကောင်းပဲ လုပ်နေလိုက်။ ရူးမယ်ဆိုရင်လည်း ကျကျနနရူးပလိုက်။ ယုံယုံကြည်ကြည် ခေတ်မီမီနဲ့ ရူးနိုင်အောင် ကြိုးစားလိုက်။ တော်ရိရော်ရိမလုပ်နဲ့။ အရူးဖြစ်မလာဘဲ နှမ်းသွားမယ်။ အနှမ်းကြီးဖြစ်သွားမယ်။ ကရော်ကမယ်လုပ်လို့မရဘူး။ အရေးကြီးတယ်နော်။
Pyae: အရူးလိုင်းထဲမှာ အကိုက ဘယ်လိုင်းကိုပိုအားသန်ပါသလဲ။
Jack: တချို့က မယားတလိုင်းရူးကြတယ်။ ခံစားချက်ရှိတယ်။ လိုအပ်ရင် ခပ်ကြမ်းကြမ်းရူးလိုက်တယ်။ ဂရုမစိုက်ဘူးပေါ့။ ခံစားမှုဦးစားပေးပေါ့ကွာ။ ဒါပေမယ့်အများအားဖြင့် အေးဆေးပဲရူးကြတယ်။ ကောင်းပါတယ်။ ကိုယ်လက်ခံပါတယ်။ တချို့ကျတော့ တဏှာလိုင်းနဲ့ရူးကြတယ်။ ဒါမကောင်းဘူး။ ကိုယ်မကြိုက်ဘူး။ ညစ်ပတ်တယ်။ အရူးသိက္ခာကျတယ်။ တချို့ကျတော့ ဥစ္စာလိုင်းရူးကြတယ်။ ဒါလည်းသိပ်မကောင်းဘူး။ သူကဒေါသများတယ်။ ကိုယ်ကတော့ အရူးလိုင်းပဲ။ အကြောင်းပြမနေဘူး။ ကိုယ်ရူးနိုင်သလောက်ပဲ ရူးပြတယ်။ ဟန်မဆောင်ဘူး။ ဒီလောက်ပဲရူးပြတယ်။
Pyae: အရူးစစ်စစ်တွေ မဖြစ်တာမျိုး ရှိသလားခင်ဗျ။
Jack: ရှိတယ်။ အများကြီးကိုရှိတာ။ ကိုယ်ပြောပြမယ်။ တစ်ချို့က ရူးကြည့်ကြတယ်။ မရဘူး ပေါသွားတယ်။ ဟိုတစ်ကောင်ကိုပဲကြည့်။  face book မှာ ဟာသတွေရေးရေးနေတဲ့ John Kaung ဆိုတဲ့အကောင်။ ငပေါကြီးပဲဖြစ်သွားတယ်။ တချို့က ဂေါက်သွားတယ်။ တချို့က ကြောင်သွားတယ်။ အရူးအဆင့်ထိမရောက်ဘူး။ ဒါဟာ လမ်းတစ်ဝက်မှာ လစ်သွားကြတာပဲ။  တချို့ကျတော့ ရူးချင်ယောင်ဆောင်ကြသေးတယ်။ အလကား အဲဒါ။ တကယ်တမ်း နင်လား ငါလား အပြိုင်ရူးကြည့်။ မခံနိုင်ဘူး။ သွားရော မလိုက်နိုင်တော့ဘူး။
Pyae: ရူးရတာခက်တယ်နော်။ ဒါနဲ့ ကိုကြီး ပညာအရည်အချင်းလေး။
Jack: ဟကောင်ရ။ ရူးပါတယ်ဆိုမှ ကျောင်းနေလို့ရမလား။
Pyae: ဟုတ်ကဲ့။ အကိုကြီးရဲ့ တစ်နေ့တာအရူးထပုံလေးလည်း ပြောပြပါဦး။
Jack: သိပ်မထူးခြားဘူးလေ။ အကိုက သူများလို လျှောက်ရူးပြနေတာမှ မဟုတ်တာ။ မိုးလင်းလာတာနဲ့ အကိုကထိုင်ရူးနေလိုက်တာပဲ။
Pyae: အတော်လည်း စုံသလောက်ရှိသွားပါပြီ။ နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်။ အကို့အနေနဲ့ အရူးလောကကြီးကို ဘာများပြောချင်ပါသလဲ။
Jack: ပြောချင်တာ တစ်ခုတော့ရှိပါတယ်။ အရူးလောကရော လူကောင်းတွေပါ အရူးတွေကို စိတ်ညစ်အောင် မလုပ်ကြပါနဲ့လို့။ စကားပုံရှိတယ်လေ။ အရူးစိတ်ချမ်းသာရင် ဘာဖြစ်တယ်ဆိုတာသိတယ်မဟုတ်လား။ ရာသီဥတုက ပူတယ်လေ။ ကိုယ်လည်း အသက်အရွယ်ကလေးထောက်လာလို့  သိပ်သောင်းကျန်းပြီး အရူးထပြမနေချင်တော့ဘူး။ ရှေ့လျှောက်အေးဆေးလေးပဲ ရူးသွားချင်ပါတယ်။
Pyae: ဟုတ်ကဲ့။ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။
Jack: ……………..

(အရိုး၏ ...ဆိုသည်မှာ စာစုများမှ ကူးယူဖဲ့လိုက်ပါသည်)

No comments:

Post a Comment