Thursday, March 15, 2012

ဇာတ်ညွှန်းမဲ့ ဗီလိန်


          သူ့နာမည်က ဆန်းရှိုင်း။ နာမည်အရင်းကတော့ ဒီဒေသမှာ တူနေတာတွေများလို့ မသုံးတော့ပါဘူး။ ဒါပေမယ့် ဆန်းရှိုင်းဆိုတဲ့ နာမည်ပြောလိုက် ငိုနေတဲ့ကလေး အငိုတိတ်ရုံမကဘူး တက်ပါတက်သွားလိမ့်မယ်။ ခွေးဆိုရင်တော့ ပြောမနေပါနဲ့တော့ ဟောင်လွန်းတဲ့ခွေး သူ့ရှေ့သာချပေးကြည့် အမြီးကုတ်ပြီးတော့ ငုတ်တုတ်ပါမေ့သွားတာ။ ဒါကဆန်းရှိုင်းရဲ့ ပင်ကိုအစွမ်း။
          ဒါကိုရုပ်ဆိုးလို့လားလို့မေးတယ်။ မဟုတ်ဘူး ရုပ်ဆိုးတာမျိုးမဟုတ်ဘူး။ ရုပ်ဆိုးတဲ့အဆင့်လောက်ဆို မပြောဘူး၊ အကြည့်များရင် နည်းနည်းယဉ်လာဦးမယ်။ အခုဟာက စေ့စေ့တောင် မကြည့်ဝံ့တဲ့ “မထိတ်သာ မလန့်သာ” ရုပ်မျိုး။ ဒေါသထွက်လာရင် သွေးစုပ်ဖုတ်ကောင်ဇာတ်ကားကို မိတ်ကပ်မကူ၊ မီးမထိုးဘဲ အလွတ်ရိုက်လို့ရတယ်။ အသားအရည်ကလည်း သေထားတဲ့မသာပေါ် ပေါင်ဒါမှောက်ကျသလိုဆိုတော့ ခပ်ဆင်ဆင်ပြောရရင် ဆိုမာလီလူဆိုးဂိုဏ်းက ပြန်ပေးသမားတွေလို မထင်ရင်မထင်သလို တကယ်လုပ်မယ့်ရုပ်မျိုးကြီး။ လုံးဝရုပ်မဆိုးဘူးနော်။ ကြောက်စရာကောင်းလောက်ရုံလေးလှနေတာ။ ထားတော့ သူ့အလှကိုဒီလောက်ပဲပြောတော့မယ်။ ရေးရင်းနဲ့ ပျို့ပျို့တက်လာလို့။
          စကားစပ်လို့ ရုပ်နဲ့အကျင့် ဆက်စပ်မှုအကြောင်း နည်းနည်းပြောပြမယ်။ တစ်ချို့ ကျွန်တော့်လို အရမ်းချောတဲ့ ကောင်လေးတွေ ရှိတယ်။ အဲလိုကောင်မျိုးက မကောင်းတဲ့ အပြုအမူအကျင့်အကြံလေးများရှိကြည့် လူတွေပြောတာက “ဟယ် ကောင်လေးနှယ် ရုပ်နဲ့ အကျင့်နဲ့မလိုက်ဘူး”တဲ့။ ဆန်းရှိုင်းကဒီလိုမဟုတ်ဘူး။ သူ့ကျတော့ ရုပ်နဲ့အကျင့်က လိုက်ပြီးသား ။ အချိုးညီတယ်ပြောရမယ်။ ရုပ်က ဆိုမာလီဓားပြရုပ်ဆို အကျင့်ကလည်း ပါလက်စတိုင်း အသေခံဗုံးခွဲသမားအကျင့်မျိုး။ ဇွတ်တရွတ်ကြီး။
          ဒါပေမယ့် ဆန်းရှိုင်းကတော့ ဒါတွေကို ဂရုစိုက်တာမဟုတ်ဘူး။ အေးဆေးပဲ။ သူလုပ်ချင်တာလုပ်နေရရင်လည်း ကျေနပ်နေတယ်။ သူလုပ်ချင်တာကလည်း တခြားမဟုတ်ဘူး။ ရုပ်ရှင်ရုံအောက်က ကွမ်းယာရောင်းတဲ့ ကုလားမလေးကိုအပိုင်ကြံရေးကိစ္စ။ ဒီကောင်မလေးကိုဘယ်လောက်တောင်ကြိုက်သလဲဆို ကောင်မလေးကွမ်းယာဆိုင်ရှေ့ကနေ တစ်နေကုန်တစ်နေခန်း ငေါက်တောက် အဲ့ ငုတ်တုတ်ထိုင်ကြည့်နေတာ။ အံကြီးကြိတ်လို့….
          ဆန်းရှိုင်းတို့က အဲသလိုထိုင်ပြီးသာကြည့်နေတာ။ ပါးစပ်ကဘာမှမပြောရဲဘူး။ ဒါမျိုးကျ အရမ်းရှက်တာလေ။ သင်္ကြန်မှာ မူးပြီး ပုဆိုးမပါဘဲ အိမ်ပြန်တာကျတော့ မရှက်ဘူးရယ်။ ဒါကြောင့် ခြေထောက်တွေအေးပြီးဗိုက်ကြီးသာယောင်လာတယ် ကောင်မလေးနဲ့ ဆက်ဆံရေးကဒုံရင်း။ “အကို ဘာနဲ့စားမလဲ” “နိုင်တီတူးနဲ့” ဒါပဲ။ ဒီလောက်ပြောလိုက်ရတာတောင် သူတော်တော်အရဲစွန့်နေရတာ။
          ဒါကို သူဘယ်လိုလုပ်ရမလဲ အကြံအိုက်နေတုန်း (ဗြုန်းဆို) ငယ်သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူသတိရတာ တခြားလူဟုတ်ရိုးလား။ အောင်ကျော်ဆက်ဆိုတဲ့အကောင်။ အဲဒီမှာ စတွေ့တာပဲ ဆိုမာလီပြန်ပေးသမားနဲ့တာလီဘန်စစ်သွေးကြွ။
          အောင်ကျော်ဆက်အကြောင်းပြောရရင် ဒီကောင်က နှာကိစ္စတော်တော်သန်တယ်။ ကိုယ်တိုင်သန်ရုံတင်မကဘူး။ ရပ်ကွက်ထဲမှာ သူ့စွမ်းဆောင်ချက်နဲ့ အိမ်ထောင်ကျသွားတဲ့ အတွဲတွေတောင်ရှိတယ်။ ကိုယ်တိုင်ဂိုးရှုးသလို၊ သူများကိုလည်း ရှူးနိုင်အောင်ပံ့ပိုးနိုင်တဲ့ ၀ါရင့်ကစားသမား။ အလုပ်အကိုင်ကလည်း ကြည့်ဦး။ ၀က်သိုးတစ်ကောင် မွေးပြီး နယ်လှည့်သားတင်ပေးနေတဲ့အကောင်။
          ဒီလိုအရည်အချင်းတွေကြောင့် ဆန်းရှိုင်းက အောင်ကျော်ဆက်ဆီပြေးကပ်တယ်။ ပြီးမှ တိုးတိုးနဲ့ သူ့ကိစ္စကိုအထုပ်ဖြည်တယ်။ (ပကျစ် ပကျစ် ကွိ ကွိ ကွ ကွ = စကားသံများ)
“ဟေ့ကောင် ငါ့ကိုကူညီပါဦးကွာ”
          ဒီစကားက ဆန်းရှိုင်းစတာ။ ဒီလိုပြောလိုက်တယ်ဆိုရင်ပဲ အောင်ကျော်ဆက်က ရုပ်သေနဲ့ပြန်မေးတယ်။
          “ဘာတုန်း၊ ဘာကူညီရမှာတုန်း”
          ဆန်းရှိုင်းကလည်း သူ့ဖြစ်ကြောင်းကို နှုတ်ခမ်းတစ်လန်၊ ပန်းတစ်လန်နဲ့ပြောပြတယ်။ သက်ပြင်းချလိုက်၊ ခေါင်းတညိတ်ညိတ်လုပ်လိုက်၊ ရင်သပ်ရှုမောသွားလိုက်နဲ့ နားထောင်နေတဲ့ အောင်ကျော်ဆက်၊ ဆန်းရှိုင်းစကားလည်းဆုံးရော..
          “အေး၊ ကူညီမယ်” ဆိုပြီး ဖြစ်ကုန်တယ်။ အောင်ကျော်ဆက်က ရုပ်ကသာသေတာ.. ဒါမျိုးရွပိုးထိုးရမယ်ဆို ရှေ့ဆုံးကမို့လား။ ချက်ချင်းပဲ ဆန်းရှိုင်းကိုအရောက်ပို့ဖို့အတွက် အကြံပက်စက်လိုက်တယ်။
          သူအကြံပက်စက်လိုက်တာက နည်းနည်းတော့ ရုပ်ရှင်ဆန်တယ်။ မင်းသား၊ မင်းသမီးဇာတ်ပို့ ဇာတ်ရံအစုံအလင်ကို ဇာတ်ညွှန်းခွဲလိုက်တယ်။ သူ့အကြံက ဆန်းရှိုင်းသည် ဇာတ်လိုက်၊ ဆွေကြီးမျိုးကြီး ကွမ်းယာသည်ကုလားမလေးက မင်းသမီး၊ သူကိုယ်တိုင်ကတော့ ဗီလိန်။ အဲ့သလိုအရောက်ပို့တာ။ ဒါပေမယ့်သိတယ်မလား ကာရိုက်တာဆိုးကို သရုပ်ဆောင်ရမှာဆိုတော့ အောင်ကျော်ဆက်က ဆန်းရှိုင်းကိုပြောလိုက်တယ်။
          “ကဲ… ငါ့ကောင် ဇာတ်လမ်းကတော့ ဒါပဲ.. ကြိုက်ရင် စရံတစ်ခါတည်းပေးခဲ့။ ငါကလူကြမ်းနှစ်ယောက်လောက်ရှာရဦးမှာ” ဆိုပြီး လိုရင်းကိုတည်လိုက်တယ်။ ဒါကို ဆန်းရှိုင်းက ဆရာကန်တော့ပွဲကြေးသာ လည်ပင်းညှစ်တောင်းရတာ ဒါမျိုးဆိုရင်တော့ “ရဘာတယ်တွာ… အကုန်ရုံး ပုံအောကျစ်မယ်”တဲ့။ ကြည့်… စကားတောင်မပီတော့ဘူး။ မွှန်နေပြီကိုးး။
*              *              *
          အစီအစဉ်အတိအကျကိုပြောရရင်တော့ ရှင်းတယ်။ မြန်မာကားများများကြည့်ထားတဲ့ လူတွေဆိုရင် ပြောစရာတောင်လိုမှာ မဟုတ်တော့ဘူး။ ကောင်မလေးသွားတဲ့ နေရာတွေကိုလိုက်ချောင်းရင်း ရိသဲ့သဲ့လုပ်ကြမယ်။ လုပ်ရမှာက အောင်ကျော်ဆက်။ ဒါကို ဟီးရိုးလုပ်ရင်း အကြည်ဇယားခင်းမှာက ဆန်းရှိုင်း။ ဇာတ်ညွှန်းကတော့ ဒီလောက်ပဲ။ နောက်ပိုင်းကောင်မလေးနဲ့ ကြည်ပြီး ပန်းခြံထဲပတ်ပြေးတာတို့၊ တူတူပုန်းတမ်းကစားတာတို့၊ ကပ်စေးကုတ်ပြီးတော့ အအေးတစ်ခွက်တည်း ပိုက်နှစ်ချောင်းထည့်စုပ်တာတို့တော့ မပါဘူးပေါ့။
          ဇာတ်ညွှန်းပြီးပြီိဆိုတော့ ကိုယ့်အပိုင်းကိုယ်ပိုင်အောင် လေ့ကျင့်ကြတယ်။ အောင်ကျော်ဆက်ဆို သက္ကလပ်ဦးထုပ်ကြီးတဖားဖားလုပ်နေလို့.. ဆန်းရှိုင်းခမျာပြောတောင်ယူရတယ်။
          “ဒါကြီးကလိုလို့လားကွာ” တဲ့။ ဒါကို အောင်ကျော်ဆက်က မျက်နှာသေနဲ့.
          “မင်းကွာ ဇာတ်လမ်းတွေဒီလောက်ကြည့်ပြီး ဒါတောင်မပေါက်ဘူး။ လူကြမ်းခေါင်းဆောင်ဆိုတာ ဦးထုပ်နဲ့ ကုတ်အင်္ကျီမပါလို့မဖြစ်ဘူးကွ ဒါတောင်ငါကရုပ်ဖျက်ချင်သေးတာ” ဆိုတော့ ဆန်းရှိုင်းက..
          “မင်းရုပ်ကြီးက နဂိုတည်းက ပျက်ပြီးသားဆိုတော့ အထူးတလည်ဖျက်စရာလိုလို့လားကွာ” တဲ့။
          အင်း ဘာပဲပြောပြော ဒီလိုအူယားဖားယားနဲ့ အစီအစဉ်ကို အတည်ပြုလိုက်ကြတယ်။ သောကြာနေ့ညနေ အစီအစဉ်စမယ်ပေါ့။ သောကြာနေ့ညနေဆိုရင် ကုလားမလေးက ဗလီတက်လေ့ရှိတယ်လေ။ ဖြတ်လမ်းတစ်ခုကနေ မဖြစ်မနေဖြတ်ရမယ်။ ကောင်မလေးပြန်လာတဲ့ အချိန်ဆို မှောင်ရီကလည်းပျိုးနေလောက်ပြီ။ လမ်းကလည်း လူပြတ်တယ်။ ကဲ… ဘာလိုသေးလဲ။ ဒါနဲ့ပဲ အရှုပ်တော်ပုံ စခဲ့ရော။
*              *              *
          အောင်ကျော်ဆက် စောင့်နေတယ်။ သူ့ဘေးမှာလည်း နေ့စားနဲ့ငှားလာတဲ့ တေလေဂျပိုးလေး နှစ်ယောက်ပါလာတယ်။ လူကြမ်းလေးတွေပေါ့။ လူကြမ်းသာဆိုတယ်။ သိပ်တော့မာမာချာချာမရှိလှပါဘူး။ တစ်ယောက်က နွေရိပ်တဲ့။ အရက်နာကျလို့ထင်တယ် သံပုရာသီးလေးထုတ်ထုတ်ရှုနေရတယ်။ ကျန်တဲ့တစ်ယောက်က ခင်ဗျားတို့ သိပြီးသားဖြစ်တဲ့ မောင်ဖုန်း။ သူကတော့ ပန်းနာရင်ကျပ်သမား။ ရင်ဘတ်ကလေးဖိပြီး ချောင်းဆိုးနေတာ တဟွတ်ဟွတ်နဲ့။
          အောင်ကျော်ဆက်ကလည်း သူ့တပည့်လူကြမ်းလေးတွေကို အမှားအယွင်းမရှိအောင် အထပ်ထပ်မှာနေတယ်။ ဒါကို နွေရိပ်ဆိုတဲ့ လူကြမ်းငတိက..
          “ဆရာ.. ကျွန်တော်တို့နည်းနည်း သွားတင်လိုက်ရင်ကောင်းမယ်။ ဒါမှ ဇာတ်လမ်းကပိုကြွလာမယ်ထင်တယ်” ဆိုပြီးပြောတယ်။ ဒါကို အရက်ဖိုးကုန်မခံချင်တဲ့ အောင်ကျော်ဆက်မျက်လုံးပြူးပြူးနဲ့…
          “ဟင့်အင်း ဟင့်အင်း လုပ်နဲ့၊ ဇာတ်ညွှန်းထဲမှာ မပါဘူး”တဲ့။ ဇာတ်ညွှန်းနဲ့ကိုင်ပေါက်လိုက်တော့ အရက်သမားနွေရိပ်ကလေး ငြိမ်သွားတယ်။ ဒါကိုကျန်တဲ့ မောင်ဂျက်ဖုန်းကတော့“ဗိုက်ဆာတယ်”ဆိုပြီးထလုပ်ပြန်ရော။ ကျွေးရမှာစိုးလို့လားမသိဘူး။ မျက်နှာမှုန်ကုပ်ကုပ်နဲ့ အောင်ကျော်ဆက် တစ်ဖက်လှည့်ပြီး မသိချင်ယောင်ဆောင်နေတယ်။
          မကြာပါဘူး။ ဟိုးအဝေးမှာ ဆာရီလေးခြုံပြီး လှုပ်လီလှုပ်ပဲ့လျှောက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကောက်ကြောင်းကို သူတို့တွေ့လိုက်ရတော့တယ်။ ဒါနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ့ကောင်လေးတွေကို ပြောလိုက်တာက
          “ဟေ့ကောင်တွေ နေရာယူ” တဲ့။ ဟိုအရက်သမားနဲ့ ဂီလာနကလည်း နီးစပ်ရာခြုံကြားထဲ လှစ်ခနဲပြေးဝင်သွားတယ်။ အောင်ကျော်ဆက်လည်း ဘေးနားက မကျည်းပင်ကိုပြေးကပ်တယ်။ ပစ်မှတ်ကလည်း တဖြည်းဖြည်းသူ့တို့နားလျှောက်လာတယ်။ ကြည့်ပါဦး။ ညသန်းခေါင်မှာ ကျွဲစီးပြီး ထီးနက်ဆောင်းလာတဲ့ ကပ္ပလီပုံစံမျိုးနဲ့ သူတို့ မနည်းရှာယူရတယ်။ ကုလားမလေးက မှောင်ရိပ်ထဲရောက်ရင် ပျောက်ပျောက်သွားလို့။
          အောင်ကျော်ဆက် မနည်းလိုက်ကြည့်ပြီးတော့ လူကြမ်းမုဒ်အပြည့်သွင်းလိုက်တယ်။ စိုင်းအောင်တင့် ဟိုဒင်းလုပ်ခါနီး အပြုံးမျိုး ခပ်ဖွဖွပြုံးရင်း ကုလားမလေးကို ထပ်ပြီး မနည်းချောင်းလိုက်တယ်။ နောက်တော့ စိတ်ထဲက ၀မ်း၊ တူး၊ သရီး ခေါ်ရင်း အသင့်ပြင်လိုက်ပြီးတာနဲ့…
          “၀ုန်း” ဆို အပင်နောက်က ဘွားခနဲ့ ခုန်ထွက်လိုက်တော့ ကုလားမလေးခမျာလန့်လွန်းလို့…
          “ဟင်.. ရှင်တို့ ဒါဘာလုပ်တာလဲ … လွှတ်နော် ကျွန်မကိုအခုလွှတ်”
လို့ပြောမယ်များမှတ်နေလား။ နိုးပဲ။ ဘာမှ မထူးဆန်းသလိုအမူအရာနဲ့ အောင်ကျော်ဆက်ကိုပြန်ကြည့်ရင်း မေးတာက…
          “ဘာဖြစ်ချင်လို့လဲ”
          “ဟင်… ဟိုဒင်းလေ… ဟိုဟာပေါ့”
          အောင်ကျော်ဆက်ရော၊ ခြုံကြားထဲကထွက်လာတဲ့ နေ့စားလူကြမ်းတွေရော အံ့သြသွားတယ်။ ဟုတ်တယ်လေ။ ဒါမျိုးက တစ်ခါမှ မကြုံဖူးဘူးလေ.. အမှန်ဆို..
          “လာကြပါဦးရှင်”တို့ “ကျွန်မကိုလွှတ်” တို့အော်ရမှာ။ ဒါမှ ဆန်းရှိုင်းက ဟီးရိုးဝင်လုပ်လို့ရမှာလေ။ အခုတော့ ဟိုကုလားမက ရုပ်တည်ကြီးနဲ့ စိုက်ကြည့်နေတာများ။ လူကြမ်းသုံးယောက်တောင် အချင်းချင်းလက်ကိုင်ထားပြီးတော့ ဘယ်လိုစရမလဲ အခက်တွေ့နေတယ်။ ကြောင်နေတဲ့အကွက်ကို အောင်ကျော်ဆက်က ပွဲဝင်ထိန်းလိုက်တယ်။
          “ ငါ့နာမည် အောင်ကျော်ဆက်”
          “ အေး အဲဒါဘာဖြစ်လဲ”
          ကုလားမလေးက ပြန်မေးတယ်။ အောင်ကျော်ဆက်ကလည်း အမှောင်ထဲမှာ ကုလားမလေးကို မနည်းပြန်ရှာပြီး
          “ငါ့နာမည် အောင်ကျော်ဆက်နော် ဟင်း ဟင်း”
          အောင်ကျော်ဆက်စကား ဒီမှာတင် တစ်နေတယ်။ ဘာဆက်ပြောရမှန်းလဲ မသိတော့ဘူး။ လူကြမ်းတွေလည်း ခြေကားယား လက်ကားယားနဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး။ ဗိုက်ဆာတဲ့လူကလည်းဆာ၊ ပန်းနာသမားကလည်း ချောင်းတဟွတ်ဟွတ်နဲ့။ သူတို့ဆရာ အောင်ကျော်ဆက်ကိုကြည့်ပြန်တော့လည်း ခေါင်းကုတ် ဖင်ကုတ်။
*              *              *
          ဒီလိုတို့လို့တန်းလန်းအနေအထားကို အလိုက်ကန်းဆိုး မသိဝင်ချလာသူက ဆိုမာလီဆန်းရှိုင်း။
          “ကျား ဟား ဟား” ဆိုပြီးဝင်ချလာတာများ ကားကားကြီး။ ပါးစပ်ကလည်း အလွတ်ကျက်လာတဲ့ စကားလုံးကြီးချအော်လို့။
          “ကောင်မလေးကို လွှတ်လိုက်” တဲ့။ အမှန်က ကောင်မလေးကို ဘယ်သူမှ ချုပ်မထားဘူး. ကောင်မလေးကသူ့ဟာသူ အလွတ်ကြီးရပ်နေတာ။ ဆိုးတော့ မဆိုးဘူး။ ဆန်းရှိုင်းဝင်လာမှ အောင်ကျော်ဆက်ပြောစရာ စကားရသွားတယ်ထင်ပါရဲ့။ လူမိုက်ကြည့်တစ်ချက်ကြည့်ပြီး ဇာတ်တိုက်ထားတဲ့ အတိုင်း….
          “ဟေ့ကောင် ကိုယ့်လမ်းကိုယ်သွား၊ မဆိုင်ရင် ၀င်မရှုပ်နဲ့၊ နားကားသွားမယ်” ဆိုပြီး သူ့ရဲ့နားရွက်နားမှာ လက်ငါးချောင်းကို ကားပြတယ်။ ရုပ်ကတော့ အထန်။ ဆန်းရှိုင်းကလည်း မခေဘူး။ စာသားတွေက ညကမှကျက်ထားတာ။ အကုန်အလွတ်ရတယ်။
          “ဒီမယ် ကိုယ့်လူ။ အားနွဲ့တဲ့ မိန်းမသားတစ်ယောက်ကို ဗလအားကိုးပြီး အနိုင်ကျင့်ရအောင် ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူးကွ” လို့ဆိုလိုက်တယ်ဆိုရင်ပဲ..
          “ကဲကွာ ဒါဆိုလည်း ချကြရအောင်ကွာ လာအချိန်မရှိတော့ဘူး။ ဗိုက်ကဆာနေပြီ” လို့ နေ့စားလူကြမ်း မောင်ဖုန်းက ထပြောတယ်။ သူ့ကြည့်ရတာ ကိစ္စမြန်မြန်ပြတ်ချင်နေတဲ့ပုံ။ သူပြောတော့ အရက်နာကျနေတဲ့ ကိုနွေရိပ်ကလည်း…
          “ဟုတ်တယ်၊ ဟုတ်တယ် လုပ်စရာရှိတာ မြန်မြန်လုပ်၊ စိတ်ကရှည်တော့ဘူး၊ လက်ကလည်း တုန်နေပြီ”
          ဒီလို အားလုံးတစ်ယောက်တစ်ပေါက်နဲ့ ကျက်ထားတဲ့စာတွေပြန်ရွတ်နေတုန်း သူတို့ကြားထဲက ထထွက်သွားတာက ဆွေကြီးမျိုးကြီး ကွမ်းယာသည်ကုလားမလေး။ အားလုံးမျောကုန်တယ်။ ဟုတ်တယ်။ ဇာတ်လမ်းက ဆင်ထားသလိုဖြစ်မလာတော့ ပေါတောတောကြီးဖြစ်ကုန်တာပေါ့။ (အယ်.. အကုန်လုံး စောကြီးတည်းက ပေါနေတာကိုး)
          အောင်ကျော်ဆက်လည်း မထူးဇာတ်ခင်းမယ်အကြံနဲ့ထင်ပါရဲ့။ ကုလားမလေးကို ပြေးဖက်တယ်။ သူ့အကြံက ဒီလိုပြေးဖက်ပေးမှ ကောင်မလေးကအော်မှာ ကောင်မလေးအော်မှပဲ ဆန်းရှိုင်းက ၀င်ပြီး ဟီးရိုးလုပ်လို့ရမယ်လေ။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘူး။ ဆန်းရှိုင်းဝင်စရာကို မလိုလိုက်တာ။ အကြောင်းက ကုလားမလေးက ဘာလုပ်လိုက်လဲမသိဘူး။ အောင်ကျော်ဆက်ခမျာ ဒူးလေးနှစ်ဖက်ခွင်ပြီး ပေါင်ကြားထဲ လက်ကလေးယှက်လို့ လဲကျသွားတယ်။ ပါးစပ်ကလည်း “အောင်မလေး” တောင်မအော်နိုင်ဘူး။ “ဥကျေး”တဲ့။ ဘာကိုရည်ရွယ်မှန်းတော့ မသိဘူး။ သွေးရူးသွေးတန်းနဲ့ထအော်တာ။ (မှတ်ချက်။    ။ကုလားမလေးမှ အောင်ကျော်ဆက်ကိုပေးလိုက်သော သင်ခန်းစာမှာ ကူရ်ဗာနီ လည်းဖြစ်နိုင်သည်)
          ကုလားမလေးကတော့ အေးဆေးပဲ။ လက်ဝါးကလေးနှစ်ဖက်ကို ဖျပ်ဖျပ်ဆိုပွတ်ပြီး ဆွဲခြင်းမလို့ ပြန်သွားတယ်။ ဒီအချိန်မှာ ငုတ်တုတ်မေ့သွားတာက ဆန်းရှိုင်း။ ဇာတ်လမ်းက ပေါက်ကရတွေထဖြစ်ကုန်တော့ သူဟီးနိုး အဲ့ ဟီးရိုးလုပ်ပြစရာ အခန်းမရှိတော့ဘူး။ လူကြမ်းလေးနှစ်ယောက်ကလည်း ထိုင်ရမလို ထွက်ပြေးရမလိုဖြစ်နေပြီ။ ဒီလိုဖြစ်လာရင်ဘယ်လိုလုပ်ရမယ်ဆိုတာ ဇာတ်ညွှန်းခွဲပေးမထားတော့ ဘာဆက်လုပ်ရမလဲမသိတော့ဘူး။ အောင်ကျော်ဆက်ကတော့ ကွေးကွေးလေး “ဥကျေး”နေတုန်း။
          “တောက် မင်းတို့ကောင်တွေ တစ်ယောက်မှအသုံးမကျဘူး.. တော်ပြီဟေ့ကောင်.. ဇာတ်ညွှန်းအတိုင်းမလုပ်ဘူး… ငါ့ဟာငါလိုက်ပြောမယ်ကွာ” အသံထွက်လာတာက ဆန်းရှိုင်း၊ ငွေကြေးအကုန်အကျခံပြီး စိတ်တိုင်းကျဖြစ်မလာတဲ့ ဇာတ်လမ်းကို အားမလိုအားမရဖြစ်သွားတယ်။ ဒါကြောင့် အောင်ကျော်ဆက်ခေါင်းကို နှစ်ချက်ဆက်တိုက် ခေါက်ပြီးတော့ ကောင်မလေးနောက် ပြေးလိုက်သွားတယ်။ ဆန်းရှိုင်းတကယ်လိုက်ပြောတော့မယ်။ တစ်ဘ၀စာချစ်ခဲ့ရတဲ့ အကြောင်းတွေကို ဇာတ်လမ်းမစဉ်ပဲ ရိုးရိုးသားသားရင်ဖွင့်တော့မယ်။
          “ဟေး… ဆရမလေးကွန်း”
          ခေါ်သံကြောင့် ကုလားမလေးခြေလှမ်းကို နှစ်ဆမြှင့်လိုက်တယ်။ သူ့စိတ်ထဲမှာ လူကြမ်းအုပ်စုလိုက်လာပြီထင်တာ။ သူတို့ထဲက တစ်ယောက်ကို ကူရ်ဘာနီလုပ်လိုက်လို့ ကျန်တဲ့လူတွေလည်း လုပ်ချင်လို့ အဲ ကျန်တဲ့လူတွေက မကျေနပ်လို့ အငြိုးနဲ့လိုက်လာပြီထင်တာ။ ဒါကြောင့်အနောက်ကပြေးလိုက်လာတဲ့ ဆန်းရှိုင်းရဲ့ခြေသံတစ်ဖုတ်ဖုတ်လည်း ကြားရော...။ ဘာလုပ်တယ်မှတ်လဲ။ ဘာမှမလုပ်ဘူး။
          “အမ်မရေး… ကယ်ကြပါဦး.. ဟရေး..ကျွန်မကို လိုက်နှောင့်ယှက်နေပါတယ်”
          အော်သံက ဘ၀ဂ်ညံသွားတော့ ဆန်းရှိုင်းပျာသွားတယ်။ “ဟုတ်ဘူးလေ.. အမီနာ.. ကျွန်တော်ရှင်းပြပါရစေဦး။ အမှန်ကဒီလိုပါ”လို့ပြောမယ်လို့ကြံပြီး အမီနာ့ဘေးပြေးကပ်လိုက်သောအခါ… (ဆောတီး.. ဆန်းရှိုင်းကောင်မလေးနာမည်ကို စုံစမ်းနေတာနောက်ဆုံးပိုင်းမှသိလို့)
          “ဟေ့ကောင် ရပ်လိုက်စမ်း”
          “တောက် မိုက်မိုက်ရိုင်းရိုင်းကွာ”
          “ချကွာ ဆော်သာဆော်”
          ဒုတိယမိ အော်သံတွေ ဘ၀ဂ်ညံသွားပြန်ပြီ။ ဆန်းရှိုင်းကလှည့်အကြည့်မှာ ဘွားခနဲတွေ့လိုက်ရတာကတော့ ဧရာမလူအုပ်။ ပြီးတော့ လက်သီးညိုညိုကြီးတွေ တဖုံးဖုံး တဂွမ်းဂွမ်း လက်သံတွေညံသွားတယ်။(အားရလိုက်တာကွာ) ဒါက ဆန်းရှိုင်းနောက်ဆုံးသိရတာ။ သည့်နောက်တော့ အမျိုးအမည်မသိတဲ့ နေရာတစ်ခုသူရောက်သွားတယ်။
          အမှန်က ဒီလမ်းကလူပြတ်ပါတယ်။ ဆန်းရှိုင်းကိုက ကံဆိုးတာ။ အစည်းအဝေးပြီးလို့ ပြန်လာတဲ့ ရပ်ကွက်ဆွမ်းလောင်းအသင်းနဲ့မှ တည့်တည့်တိုးတာ။ သိတယ်မဟုတ်လား…. ဆွမ်းလောင်းအသင်းဆိုတာကလည်း….
          ဆေးရုံမှာ သူတို့သုံးယောက်ပြန်တွေ့တယ်။ ဘယ်သူတွေလဲဟုတ်လား။ ဘယ်သူဖြစ်မလဲ။ ဆန်းရှိုင်း၊ အောင်ကျော်ဆက်နဲ့ “မခွဲရက်လို့ တွဲလက်မဖြုတ်ပါ” ဆိုတဲ့ဇာတ်လမ်းက ကျွန်တော်ပြည့်စုံတို့ဖြစ်ပါတယ်။ ဆန်းရှိုင်းက အရင်ကမှ မပွင့်တဲ့မျက်လုံးကို ခဏအနားပေးထားပြီး နှာခေါင်းကမျက်ရည်တွေထွက်နေတယ်။ အောင်ကျော်ဆက်ကတော့ ကြေကွဲစွာ “ဥကျေး”နေတုန်း။ ဒီလိုနှစ်ယောက်ကိုကြည့်ရင်း ရယ်နေတာက ကျွန်တော်ဂျွန်ကောင်းဖြစ်ပါတယ်ခင်ဗျာ။
          ပြောရရင် အခုမှ ဇာတ်ရုပ်တွေပီပီပြင်ပြင်ပေါ်သွားတာပေါ့လေ။ ဒါပေမယ့်အောင်ကျော်ဆက်ရဲ့ ဇာတ်ညွှန်းထဲကလိုတော့ မဟုတ်တော့ဘူးပေါ့။ ဒါကြောင့် ဒီဇာတ်လမ်းကို ဇာတ်ညွှန်းမဲ့ ဗီလိန်လို့ အမည်တပ်လိုက်ပါတယ်ခင်ဗျာ။

No comments:

Post a Comment