စိတ်မရှည်နိုင်တော့လို့ သတိပေးလိုက်ရတယ်။
“ဒီမယ် ကိုယ့်ဆရာ…သတိလေးဘာလေးထားပါဦး၊ ခင်ဗျားဟာက တစ်ခါနှစ်ခါလည်းမဟုတ်ဘူး”
“အော..အွန်း…ဆောရီး”
ပြောတာရောကြားရဲ့လားမသိဘူး။ ဆောရီးသာဆိုတယ် မျက်စိကဘယ်မှာပွင့်လာလို့လဲ။ ဖြစ်ဖူးပါတယ်။ ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူး။ မြို့တွင်းဘတ်စ်ကားစီးတာပဲ ဘယ်လောက်အိပ်ရေးပျက်ပျက် အလွန်ဆုံးသုံးခါပေါ့။ ခရီးဝေးသွားတာမှ မဟုတ်တာ။ ကိုယ့်နေရာမှ မိန်းကလေးတစ်ယောက်သာဆိုရင် မခက်ဘူးလား။
“ဘုတ်”
“ဟာ.. ဒီလူပြဿနာပဲ”
ဘေးချင်းယှဉ်လျက်ခုံက လူတွေရယ်နိုင်ကြတယ်။ ကိုယ့်မှာတော့ တစ်ခါတစ်လေလေး ကံကောင်းလို့နေရာရတယ်။ ဖတ်လက်စစာအုပ်တောင် လွယ်အိတ်ထဲအပြီးသိမ်းလိုက်ရပြီ။
“တံတောင်နဲ့ထောက်ထားလိုက်ပါလား”
အမြင်မတော်တဲ့ အဒေါ်ကြီးတစ်ယောက် အကြံပေးတယ်။ အဲလိုလုပ်ရအောင်လည်း ကိုယ့်ထက်ငယ်တဲ့သူဆိုရင် ဘာအရေးလဲ။ ပြောင်းထိုင်စရာ ထိုင်ခုံနေရာလွတ်ကိုပဲ ချောင်းရင်းအခုပဲ ခရီးတ၀က်ကျိုးပြီ။ ရှေ့နားက မတ်တပ်တွေတောင် ခုထိနေရာ မရသေးဘူး။
“ကွေ့တော့မယ် ယိုင်လာလိမ့်မယ်နော်”
စပယ်ယာက သတိပေးတယ်။ အလျင်အမြန်လေးကာကွယ်လိုက်ပေမယ့် မမှီလိုက်ပါဘူး။
ကိုယ်ကစိတ်ညစ်နေရတဲ့အထဲ ခေတ်ဆန်ဆန်ကောင်မလေးနှစ်ယောက်တက်လာသေးတယ်။ တက်လာကတည်းက ခါနေတာပဲ။ အပေါ်က စွပ်ကျယ်လည်ဟိုက်ခါးတ၀က်၊ အောက်ကခြေအိတ်လိုလို ဆေးပတ်တီးလိုလို အနက်ရောင်ပြောင်ပြောင်ကြပ်ကြပ်..။ မဖြစ်ပါဘူး။ အကောင်းမြင်ပေးလိုက်တာပဲကောင်းတယ်။ ကိုယ့်မှာလည်း ဒုက္ခတန်းလန်းနဲ့။ ကမ္ဘာကြီးပူနွေးလာတာကို သတိပေးလှုံ့ဆော်ရာတောင်ကျသေးတယ်။
ဒီလိုကောင်မလေးတွေတက်လာတော့ ဘေးကတစ်ချိန်လုံး ကျွန်တော့်ပခုံးပေါ်မှီလာတဲ့ ငနဲသားက ပြူးလို့ (မျက်လုံးတွေ ပြောပါတယ်)။ ဒါနဲ့ ကျွန်တော်လည်း ကလိလိုက်တယ်။
“ဟော ကိုယ့်ဆရာတောင် နိုးလာပြီပဲ အိပ်မက်ဂဏန်းလေးဘာလေးမပြောတော့ဘူးလား”
“ဟဲဟဲ… ရပါတယ်”
ကျွန်တော်ပြောတာနဲ့ ပြန်ပြောတာနဲ့လည်းဘာမှမဆိုင်။ သူမှာလည်း အလုပ်များနေတယ်လေ။ နှစ်ယောက်လုံးကို မျက်လုံးနှစ်လုံးနဲ့ တာဝန်ခွဲပေးနေရတာကိုးးး။ တော်ပါသေးတယ်။ လက်ကျန်ခရီးတ၀က်ကို ငတိမလေးတွေ ကယ်ပေလို့ပေါ့။
No comments:
Post a Comment