ခံရပါများလာတော့ ကျွန်တော့်စိတ်ထဲတော်တော်တင်းနေပြီ။ နေ့စဉ်နဲ့အမျှဆိုတော့ ရှေ့ဆက်ဘယ်လိုမှ သည်းမခံနိုင်တော့။ လူလူချင်းကျောတယ်ဆိုရင်တောင် ကြံဖန်ဖြေသာနိုင်သေးတယ်။ ခုတော့ဘာမဟုတ်တဲ့တိရစ္ဆာန်တစ်ကောင်ကအသားလွတ်တွယ်နေခြင်း။
ကျွန်တော်အပြင်သွားတိုင်း၊ ကျောင်းသွားတိုင်း၊ ကျောင်းပြန်တိုင်း လမ်းထိပ်ကစတိုးဆိုင်ရှေ့ကိုဖြတ်ရသည်။ တစ်နေ့ ကျွန်တော့်ကို လှမ်းခေါ်သံကြားလို့ လှည့်ကြည့်မိတယ်။
“ဟေ့လူ”
ကြည့်လိုက်တော့ စတိုးဆိုင်ရှေ့မှာ ချိတ်ထားတဲ့ လှောင်ချိုင့်ထဲက ကြက်တူရွေး။ ကျွန်တော့်ကို စိုက်ကြည့်ရင်း
“နှာဘူး”
“ဟာကွာ”
စတိုးဆိုင်ထဲက ၀ယ်သူတစ်ချို့က ပြုံးစေ့စေ့။ ကျွန်တော့်ခမျာ ခြေကုန်သုတ်ရတော့သည်။ ဒီလိုဖြစ်ပျက်နေတာ တစ်နေ့တည်းမဟုတ် နေ့စဉ်။ သွားစရာကလည်း ဒီတစ်လမ်းတည်းရှိတော့ ကျွန်တော် ခံရခက်လာပြီ။ ပြီးတော့ ဟိုက တိရစ္ဆာန်သွားပြီး ရန်ဖက်ဖြစ်လို့ကလည်းမကောင်း။ ဒါကြောင့် ဆိုင်ရှင်ကိုသွားတွေ့ရတယ်။ ဆိုင်ရှင်ကလည်း..
“အေးဗျာ ၀ယ်ကတည်းက ဒီတစ်ခွန်းပဲ တတ်လာပုံရတယ်။ တိရစ္ဆာန်ပဲဗျာ ခွင့်လွှတ်ပေးပါ။ ကုသိုလ်ရပါတယ်”
ဆိုင်ရှင်က လေပြေထိုးပြီး ချွေးသိပ်လွှတ်လိုက်တယ်။ ဒါပေမယ့် ထူးမခြားနားနေ့တွေထဲမှာ ကျွန်တော့်စိတ်တွေ ကြက်တူရွေးဆီမှာ တစ်နုံ့နုံ့နှင့်။
“ဟေ့လူ”
“နှာဘူး”
ဒီတစ်ခါတော့ လမ်းမှာတွေ့တဲ့ ရပ်ကွက်လူကြီးကို အကျိုးအကြောင်းပြောပြ၊ လက်ဆွဲခေါ်ပြီး စတိုးဆိုင်ထဲဝင်လိုက်သည်။ ဆိုင်ရှင်ကလည်း ရပ်ကွက်လူကြီးတောင် ခေါ်လာရတဲ့အဆင့်ဆိုတော့ သူ့ကြက်တူရွေးကို နောက်ဒီလိုမဖြစ်အောင် ထိန်းသိမ်းပါမည့်အကြောင်း အာမခံတယ်။ ကျွန်တော်ကလည်း နောက်ဒီလိုဖြစ်ရင် တင်းတင်းကျပ်ကျပ်အရေးယူပေးဖို့ တောင်းဆိုလိုက်တယ်။
နောက်နေ့ညနေ ကျောင်းကပြန်လာတော့ ထုံးစံအတိုင်း စတိုးဆိုင်ရှေ့က အဖြတ်၊ လှောင်ချိုင့်ထဲက ခေါ်သံက ထွက်ဖြစ်အောင်ထွက်လာသေးတယ်။
“ဟေ့လူ”
“ဟေ့ကောင် ဘာလဲကွ”
ဒီတစ်ကြိမ်တော့ ကျွန်တော် ရဲရဲဝံ့ဝံ့ထူးပစ်လိုက်တယ်။ ကဲ ဘယ်လိုလဲ ကြက်တူရွေးစုတ်။
“ကျုပ်ပြောချင်တာ ခင်ဗျားသိပါတယ်”
No comments:
Post a Comment