ကျွန်တော်ဂစ်တာ တီးသင်တန်းစတက်တုန်းက ပထမဆုံးနေ့မှာဖြစ်တာပေါ့။ ပထမဆုံးသင်တာဆိုတော့ ဂစ်တာနဲ့ အစိမ်းသက်သက်ဖြစ်နေတာပေါ့။ ကျွန်တော်အပါအ၀င် သင်တန်းသူသင်တန်းသား ၆ယောက်တို့ကို သင်ပေးမယ့်ဆရာက အသက် ၄၀နီးပါးဆရာတစ်ယောက်တည်းဖြစ်ပြီးတော့ ဂစ်တာတီးသင်ခန်းစာကို စပြီးသင်ပေးပါတော့တယ်။
“ကဲ အားလုံးနားထောင်ကြပါ။ ဆရာက မင်းတို့အားလုံးကို ဂစ်တာတီးမသင်ပေးခင် ဂစ်တာကြိုးညှိတာကို အရင်ဆုံးသင်ပေးမယ်။ အဲဒီလို ကြိုးညှိတာသင်ပေးဖို့အတွက် မင်းတို့က ဂစ်တာကြိုးတွေ ညီမညီဆိုတာကို အရင်သိအောင်လုပ်ရမယ်။ အဲဒီတော့ အားလုံးဒီကိုကြည့်ပါ”
စကားဆုံးတာနဲ့ ဆရာက ဂစ်တာတစ်လက်ကို ယူလိုက်ပြီး ထိုဂစ်တာ၏ကြိုး ၆ ကြိုးကြီးပေါ်သို့ ပက်ထရမ် (Plectrum) လေးနှင့် သုံးလေးချက်ဆင့်၍ အသာအယာတီးခတ်လိုက်သည်။ ပြီးမှ
“မင်းတို့အားလုံး ဆရာတီးလိုက်တာကို မြင်တယ်နော်။ ပြီးတော့ အသံကိုလည်း ကြားလိုက်တယ်မဟုတ်လား”
“ကြားပါတယ်ဆရာ”
ကျွန်တော်တို့ ၆ ယောက်လုံး သံပြိုင်ဖြေလိုက်တယ်။ ဒီတော့မှ ဆရာကဆက်၍
“ဟုတ်ပြီ။ ဒါဆို ဆရာက မင်းတို့ကို တစ်ခုမေးကြည့်မယ်။ ဟောဒီဂစ်တာရဲ့ကြိုးတွေဟာ ညီသလား မညီဘူးလား”
“မညီပါဘူး”
သင်တန်းသား ၆ ယောက်ရှိတဲ့အထဲမှာ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးက ထိုသို့ ရဲရင့်ပြတ်သားစွာ ဖြေလိုက်ခြင်းဖြစ်သည်။ ကျွန်တော်အပါအ၀င် ကျန်တဲ့ ၅ယောက်ကတော့ ပါးစပ်ဟောင်းလောင်း မျက်လုံးကလယ် ကလယ် မျက်နှာငယ်လေးတွေနဲ့ပေါ့။ ဟုတ်တယ်လေ။ ဂစ်တာရဲ့အသံနားထောင်ပြီး ဂစ်တာကြိုး (အလျော့အတင်းညီမညီ) ဆိုတာကို မသိသေးဘဲ) ဆရာကတော့ သူ့မေးခွန်းကို ဖြေနိုင်တဲ့ ထိုမိန်းကလေးကို ကျေနပ်အားရတဲ့ပုံနဲ့ ပြုံးပြီးတော့
“မှန်တယ် သမီး။ အဲဒီတော့ သမီးကပဲ ဆက်ပြီးပြောပြပါဦး။ ဒီဂစ်တာမှာ ဘယ်ကြိုးတွေ မညီတာလဲလို့”
အဲဒီလိုမေးးလိုက်တဲ့ အခါ မဆိုင်းမတွပြန်ဖြေလိုက်တဲ့ ထိုမိန်းကလေးရဲ့ အဖြေစကားကြားတော့ ဆရာ့မှာ ငိုရမလို ရယ်ရမလိုဖြစ်သွားကာ တမင်ငယ်ထားတဲ့ ကျွန်တော်တို့ မျက်နှာလည်း ပြုံးဖြီးဖြီး ရယ်ကျဲကျဲဖြစ်သွားလေသည်။
ထိုကောင်မလေးပြန်ဖြေလိုက်ကိုလည်း ကြည့်ဦးလေ။
“အပေါ်ဆုံးကြိုးက ကြီးနေပြီး အောက်ဆုံးကြိုးက သေးသေးလေးဖြစ်နေပါတယ်ဆရာ” တဲ့ဗျာ
No comments:
Post a Comment