Sunday, March 11, 2012

ယောင်တတ်တယ်


မိန်းကလေးဆိုတာ ယောက်ျားလေးတစ်ယောက်ကိုချစ်နေပေမယ့် “ကို့ကိုချစ်တယ်” လို့ပြောဖို့ မိန်းကလေးဘ၀မို့ ပြောမထွက်တာပါ။(ကိုရီးယားတွေကို မပြောဖူးနော) ဟန်ဆောင်ပြီး အိနြေ္ဒထိန်းထားကြပေမယ့် သူတို့အမူအရာတွေက သက်သေခံနေပါတယ်။(အရမ်းသိနေလို့ ပြောတာဟုတ်ဘူးနော်) သူတို့ချစ်တဲ့ယောက်ျားလေးကို အမူအရာအမျိုးမျိုးနဲ့ ထုတ်ဖော်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာလည်း သူတို့ပြောတဲ့စကားတွေထဲမှာကို ချစ်တယ်ဆိုတဲ့ပရိယာယ်စကားလုံးလေးတွေ ပါတတ်ပါတယ်။
          တစ်ခါတုန်းက ကျွန်တော်တို့ရွာမှာ ချစ်သူစုံတွဲတစ်တွဲရှိခဲ့ဖူးပါတယ်။ ကောင်လေးကလည်း ကောင်မလေးကို ချစ်နေတယ်။ ကောင်မလေးကလည်း ကောင်လေးကို ချစ်နေတယ်။ ကောင်မလေးက သူ့အချစ်တွေကို အောင့်မထားနိုင်တော့ဘူး။ မိန်းကလေးဖြစ်နေတော့လည်း ဖွင့်ပြောဖို့အခက်။ အဲ့ဒီတော့လည်း သူ့အချစ်တွေကို သူ့ချစ်သူ ကောင်လေးသိအောင် ပရိယာယ်အမူအရာ အမျိုးမျိုးနဲ့ပဲ ထုတ်ပြနေရတယ်။
          အဲ… တစ်နေ့တော့ ကောင်မလေးက စပါးထောင်းနေပါတယ်။ အဲဒီအချိန်မှာ ကောင်လေးရောက်လာပါတယ်။ ကောင်လေးက ကောင်မလေးထောင်းထားတဲ့စပါးတွေကို ကိုင်ကြည့်ရင်း “ဆန်လေးတွေက ဖွေးနေတာပဲနော်” လို့ပြောလိုက်တယ်။ အဲဒီမှာ ကောင်မလေးက “ဆန်တွေက ဖွေးပေမယ့် စားမယ့်လူမရှိဘူးရှင့်” လို့ပရိယာယ်နဲ့ပြန်ပြောလိုက်ပါတယ်။
          ဒါကိုကောင်လေးက မသိဘူးဗျ။ (တုံးချက်ကတော့ ငါ့အတိုင်းပဲ ဟီးးးး) ကောင်လေးက သူ့အိမ်ပြန်ရောက်တော့ သူနဲ့ ကောင်မလေးအပြန်အလှန် ပြောတဲ့စကားတွေကို သူ့အမေကို ပြန်ပြောပြလိုက်တယ်။ သူ့အမေက “ဟဲ့ ငတုံး၊ အဲ့ဒါနင့်ကို ရည်းစားစကားပြောစေချင်လို့ လမ်းဖွင့်ပေးတာဟဲ့၊ နောက်တစ်ခါ အဲ့လိုပြောရင် စားမယ့်လူမရှိရင် ငါစားမယ်လို့ ပြောရတယ် မှတ်ထား” လို့ပြောလိုက်တယ်တဲ့။
          နောက်တစ်နေ့ ဒီနေ့တော့ ကောင်မလေးက ရက်ကန်းရက်နေပါတယ်။ ကောင်လေးကလည်း မနေ့က အခွင့်အရေးတစ်ခုလွတ်သွားလို့ အခဲမကျေတဲ့ပုံစံနဲ့ရောက်ချလာပါတယ်တဲ့။ ကောင်လေးက ကောင်မလေးရက်ထားတဲ့ ပိတ်စကိုကိုင်ကြည့်ပြီးတော့ “ဒီအစက ကောင်းလှချည်လား ဖြူဖွေးနေတာပဲနော်” လို့ပြောလိုက်တယ်တဲ့။ အဲ့ဒီမှာကောင်မလေးက “ဟုတ်ကဲ့ အသားကောင်းပြီး ဖြူတော့ဖြူပါတယ်၊ ဒါပေမယ့် ၀တ်မယ့်လူမရှိဘူးရှင့်” လို့ပြောပြန်တယ်တဲ့။
          အဲ့ဒီမှာကောင်လေးပြန်ပြောလိုက်တဲ့စကားကြောင့် ကောင်မလေးခမျာ “ရှင်” ခနဲ့ အာမေဍိတ်သံလေးထွက် ပါးစပ်လေးဟသွားရပါတယ်။ ကောင်လေးပြောလိုက်တာက “၀တ်မယ့်လူမရှိရင် ငါစားမယ်လေ” ဆိုတော့လည်း။

No comments:

Post a Comment