Sunday, March 11, 2012

အဖေဘယ်ဝါ ခေါ်စရာ


          နာမည်က ဖိုးသောကြာ၊ ပညတ်သွားရာ ဓာတ်သက်ပါ၊ စကားများ၊ စကားကြွယ်၊ အမေးအမြန်းထူ၊ ဒီသူငယ်နှပ်စား ခြောက်နှစ်သားကြောင့် မိဘနှစ်ပါးခမျာ ဗျာများခဲ့ကြတာအကြိမ်ကြိမ်။
          “ဖေဖေ၊ ကိုယ့်စားကျက်ကိုယ်မစားဘဲ သူများစားကျက်သွားစားတယ်ဆိုတာဘာလဲဟင်”
          “နွားတွေ ဆိတ်တွေ ကိုယ်စားခွင့်ရှိတဲ့မြက်ခင်းမှာ မစားဘဲ စားခွင့်မရှိတဲ့ သူများမြက်ခင်းမှာ သွားစားတာကိုပြောတာကွဲ့”
          “ဒါဆို အန်တီရွှေဝါရဲ့ယောက်ျားက နွားကြီးလားဟင်” 
          “ဘာဖြစ်လို့လဲ”
          “ဟိုနေ့က မေမေ့ကို အန်တီရွှေဝါပြောနေတာကြားမိလို့ပါ။ အိမ်ကလူက ကိုယ့်စားကျက် ကိုယ်မစားဘဲ သူများစားကျက်သွားစားနေတယ်။ အကြံလေးဘာလေးပေးစမ်းပါဦးဟယ်တဲ့”  
          “အင်း..ဒါဆို ရွှေဝါ့ယောက်ျားက နွားမဟုတ်ဘူးသား။ ကျား.. ကျားကြီး”
          “ဟင် ကျားကြီးဟုတ်လား အန်တီရွှေဝါ့ကိုမကိုက်ဘူးလားဟင်”
          “အိမ်မွေးကျားတို့ ခွေးတို့ ကြောင်တို့ဟာ အိမ်ရှင်ကို မကိုက်ကြဘူးကွ။ လျှာနဲ့ပဲ လျက်ကြတယ်”
          အဲလို အဲလိုမျိုး။
          “မေမေ ကျွဲပါးစောင်းတီးဆိုတာ ဘယ်လိုမျိုးလဲဟင်”
          “ကျွဲကိုစောင်းတီးပြလို့ ကျွဲကဘာနားလည်နိုင်ပါ့မလဲ။ အဲလိုပဲ လူလိမ္မာက လူမိုက်ကို သူတော်ကောင်းစကားပြောပေမယ့် လူမိုက်ကမသိနိုင်ဘူးလေ။ သားက ဘယ်ကကြားလာလို့လဲ”
          “ဟိုနေ့က ဖေဖေကသားကိုပြောပြတယ်။ မင်းအမေက ကျွဲပါးစောင်းတီးပဲတဲ့။ ငါဘယ်လောက်ပဲ စောင်းတီးတီး မင်းအမေက အိုင်လူးမပျက်ဘူးတဲ့”
          “ဘာ သင်း သင်းက သင်းက တွေ့မယ်”
          အဲလိုက တစ်မျိုး။
          အဲလို အဲလို နဲ့ ပြောရင် ကုန်မှာမဟုတ်ဘူး။ ခုနှစ်နှစ်သားမှာ သူ့အဖေက ရောဂါတစ်ခုနဲ့ ကွယ်လွန်သွားပါတယ်။ နှစ်ဖက်မိဘများထံကလည်း အမွေရထားတာမို့ သားအမိနှစ်ယောက် ဒုက္ခမရောက်ပါဘူး။ ဒါပေမယ့်လို့ ဖိုးသောကြာအမေ နီနီအသက်က ခုမှနှစ်ဆယ့်ငါး။ ရုပ်ရည်ကလည်း မက်လောက်စရာ။ ဖွဲ့စည်းပုံကလည်း တက်ခေါက်စရာဆိုတော့ ထုံးစံအတိုင်း အညှီရှိရာ ယင်အုံကြသပေါ့။ အဲ့ထဲမှာ သူများထက်ထူးတဲ့သူ သုံးဦးပါလာတယ်။
(၁)     ဦးခွေးသိုး၊ ရုပ်ရည်ကြမ်းကြမ်း၊ ဗလကောင်းကောင်း၊ မုဆိုးဖို၊ ဧကငါးဆယ်လယ်ပိုင်ရှင်။
(၂)     ခွေးကျော်တင့်၊ တစ်ခုလပ်၊ အင်းသူကြီး၊ နာမည်ရင်းက ကျော်တင့်၊ ဒူလာကိုင်လို့ ဆေးဝါးအဖြစ် ခွေးသားစား။ ခွေးသားစားလွန်းလို့ ခွေးနံ့တောင်ထွက်နေသူ
(၃)     အောင်ကျော်ခွေး၊       လူပျိုလူလွတ်၊ တံငါ၊ နာမည်အရင်းက အောင်ကျော်။ မျိုးနဲ့ရိုးနဲ့အသူ၊ အရိပ်ပြလို့ အကောင်မမြင်သူ။ ဒါကြောင့် ရွာကသူ့ကို “ဓားမနောက်ပိတ်ခွေး” လို့ပြောင်လှောင်ခေါ်ဝေါ်ကြရာမှ အောင်ကျော်ခွေးဖြစ်သွားခဲ့ရတာ။
          ဒီပွဲမှာ ဒီသုံးယောက်က အကဲဆုံးအသဲဆုံး။ သမီးလိုချင်မိခင်ဖခင်တိုင်ဆိုပေမယ့် နီနီမှာ မိဘနှစ်ပါးလုံးမရှိတော့တာမို့ သူ့သားဖိုးသောကြာကိုပဲ အရင်တည့်အောင် ပေါင်းကြတော့တာပေါ့။ ဖိုးသောကြာကလည်း လိမ္မာတယ်။ အမေ့အတွက်တစ်ထောင်ဖိုးပဏ္ဍာဆက်ရင် သူ့အတွက်က ငါးရာဖိုးပါမှ။
          “သုံးယောက်စလုံးကိုတော့ အမေက လောဘကြီးမှာ မဟုတ်ဘူး။ တစ်ယောက်တော့ သေချာတယ်။ အရွေးမခံရတဲ့ လူနှစ်ယောက်ကလည်း စိတ်မဖောက်ကြပါနဲ့။ ဒီနေ့ အမေ့ကိုသားမေးပေးပါ့မယ်”
          အဲ့ဒီညမှာ ဖိုးသောကြာကသူ့အမေကို နားချတယ်။
          “အမေ အဖြူအမည်း ဘယ်သူလဲသိချိန်တန်ပြီထင်တယ်၊ မကြိုက်ရင်လည်း အပြတ်သာဖြတ်ပစ်လိုက်တော့ သံသရာရှည်တယ်”
          “မကြိုက်လို့တော့ မဟုတ်ပါဘူးသားရယ်။ အမေတို့မှာ အားကိုးအားထား ယောက်ျားတစ်ယောက်တော့ လိုအပ်နေတာ အမှန်ပဲလေ။ သားအနေနဲ့ အဖေလို့ခေါ်ရမယ့်လူကို အမေရွေးထားတာရှိပါတယ်ကွယ်”
          အဲဒီမှာ ဖိုးသောကြာက အားတက်သရော ပြန်မေးလိုက်တာကတော့…
          “ရွေးပြီးပြီ ဟုတ်လား။ ဒါ ဒါဆို ဦးခွေးသိုးကြီးရယ်၊ ဦးခွေးကျော်တင့်ရယ်၊ ဦးအောင်ကျော်ခွေးရယ်ကို သား သားက ဘယ်ခွေးကိုအဖေခေါ်ရမှာလဲဟင်”     တဲ့။
(နောက်ဆုံးရသတင်း။  ။ သားတော်မောင်အမေးကြောင့် အမေဖြစ်သူနီနီတစ်ယောက် သံဝေဂရပြီး မုဆိုးမဘ၀နှင့် အရိုးထုတ်သွားခဲ့ပါကြောင်း)

No comments:

Post a Comment