Friday, March 30, 2012

အနမ်းအကြောင်း သိကောင်းစရာများ


သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ
ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကိုဖွင့်ဆိုတာဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definition လေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ်ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ
ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်းဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်ကထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။
ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာသဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ
တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့တ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။
ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
(အင်တာနက်တွင်တင်ထားသော blog များမှ ကူးယူဖော်ပြပါသည်)

သတင်းထူး....


ရတနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် အိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို ဆန်းသစ်တီတွင်လိုက်ပီဖြစ်ကြောင်း သိရှိရသည်။အဆိုပါ အင်တာနက် ကွန်နက်ရှင်မှာ မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှပထမဦးဆုံး တီတွင်ခဲ့သော ...မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။ အဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော ရတနာပုံတယ်လီပို့မှ အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က ထုတ်ဖော်ပြောဆိုရာတွင်......

" ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်အသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို အသုံးပြုနိုင်တာ ဂုဏ်အရမ်းယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို ကွန်နက်ရှင်ကို ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး အချိန်ကုန် ငွေကုန်ခံပြီး လူအပင်ပန်းခံ လုပ်ခဲ့ရပါတယ်။ ဒီကွန်နက်ရှင်ကြောင့် ဂရင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး" ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က မြန်မာလူမျိုးများအတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာအသုံးပြုကြသဖြင့် အဆိုပါ နှစ်ခုသာ ၀င်နိုင်သော အင်တာနက် ကွန်ယက်တစ်ခု စီစဉ်ထားကြောင်း၊ လက်ရှိ ဈေးကွက်စီးပွားရေးဈေးကွက်နှင့် အညီ Access has been denied၊ Network Error ၊ connection time out အစရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

ချစ်သ၀ဏ်လွှာ မတိမ်ကောရေး


ဟိုးအရင်ကတော့ ကျွန်တော်တို့ သကောင့်သား ပုရိသတွေဟာမယ်တို့ကို ဘယ်လောက်ချစ်ခင်ကြောင်း၊ မြတ်နိုးကြောင်း (ဟိုအကြောင်း ဒီအကြောင်းလဲ ပါမှာပေါ့) ကဗျာတစ်ညို စာတစ်ညိုနဲ့ ချစ်သ၀ဏ်လွှာ မေတ္တာစာပါးခဲ့ကြတာက ဖိုမ အင်ပါယာမှာ အရေးပါခဲ့သလိုဖြစ်နေတာကိုးးး။ ခေတ်အဆက်ဆက် သမိုင်းဝင် အဲသလို ပေးစာတွေကလည်း ကမ္ဘာကျော်ခဲ့တာ အားလုံးလည်း အသိပါပဲ။ ဥပမာ ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံရဲ့ သူ့သက်ထား ဂျိုးဇက်ဖင်း ဆီရေးတဲ့ ချစ်သ၀ဏ်လွှာတွေဟာ လေလံတင်တဲ့ အခါ တန်ဖိုးကြီးကြီးရခဲ့ပါတယ်။ အခုခေတ်မှာတော့ ချစ်သူသက်ထားဆီ အဲသလို မေတ္တာစာပို့တဲ့ ချစ်စာသီတဲ့ ယောက်ျားတွေဟာ မရှိသလောက်ကို ရှားသွားပြီတဲ့။ ဖုန်းဆက်မယ်။ မိုဘိုင်းဖုန်းနဲ့ Massage ပို့မယ်။ E mail ပို့မယ်ပဲ လုပ်ကြတော့တယ်တဲ့။ ဗြိတိန်က အချိန်အားနေပုံရတဲ့သူတွေက စစ်တမ်းကောက်ကြတဲ့အခါ အမျိုးသမီး (၇၈) ရာခိုင်နှုန်းက အဲသလို မေတ္တာစာတို့ ချစ်ကဗျာပို့တာတို့ကို လက်ခံရရှိတာကို အကြီးအကျယ် နှစ်သက်သဘောကျနေဆဲပါတဲ့။ ဒါပေမယ့်ချစ်သူတွေ သဘောကျတဲ့နေ့မျိုးမှာတောင် အမျိုးသားတွေက ပို့စကတ်လေးတစ်ခုတောင် ပို့ဖော်မရဘဲ Face Book Wall ပေါ်မှာသာ နှုတ်ခွန်းဆက်စာ ၀င်ရေးသွားတော့ တစ်ဖက်သတ်ရင်နာနေရပါတယ်တဲ့။ ကဲ အမျိုးကောင်းသားတို့ ရည်းစားစာရေးဖို့ လက်မနှေးကြပါနဲ့ဗျို့လို့ ကြွေးကြော်လိုက်ပါတော့တယ်ဗျား

အရူးဆိုသည်မှာ.....(အင်တာဗျူး)

ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ကျွန်တော်မဟုတ်ဘူးလို့ပြောရင် ရူးတယ်ထင်ဦးမယ်။ ဒီလိုပြောနေရင်းနဲ့ ကိုဖုန်းကို အင်တာဗျူးတာလေးကို သတိရမိတယ်။ အားပေးလိုက်ကြပါဦးဗျာ။
Pyae: မင်္ဂလာပါခင်ဗျာ… ကိုဖုန်း
Jack: ……
Pyae: ပုံစံကြည့်ရတာတော့ နယ်နယ်ရရတော့မဟုတ်ဘူး။ အောင်မြင်ကျော်ကြားနေတဲ့ အရူးကြီးဖြစ်မှာပဲ။
Jack: အောင်မြင်ပြီလား ကိုယ့်လူရာ။ တစ်လောကလုံး ကိုယ့်ကိုမသိတဲ့လူ တစ်ယောက်မှမရှိဘူး။
Pyae: တော်တော်အရှိန်အ၀ါကြီးတာပဲနော်။ ဒီလိုအောင်မြင်နေတော့ ဘယ်လိုခံစားရလဲမသိဘူး
Jack: ပီတိပေါ့ကွာ။ ပီတိဖြစ်တာပေါ့…။ “ပီတိကိုစား အားရှိ”ဆိုတဲ့စကားကို မောင်ရင်မကြားဖူးဘူးလား။ ဒါပေမယ့်တစ်ခုတော့ ရှိတယ်နော်။ သတိကသိပ်အရေးကြီးတယ်။ အောင်မြင်မှုမှာ ယစ်မူးနေလို့မရဘူးလေ။
Pyae: (အံမယ်… သူကများ) ဟုတ်ကဲ့ မှတ်ထားပါ့မယ်။ ကိုဖုန်းအနေနဲ့ ဘယ်အရွယ်တည်းက စရူးတယ်ဆိုတာ ပြောပြနိုင်မလား။
Jack: မွေးကတည်းကပဲဟေ့……။  ပါရမီထူးတယ်ပဲပြောမလား။ လသားတုန်းက မသိသာပေမယ့် ကြီးလေရူးလေ ဖြစ်လာတာ ဒီနေ့အထိပဲဟေ့.။
Pyae: တချို့ကပြောတယ်လေ။ ရူးတယ်ဆိုတာ လွယ်တာမှတ်လို့တဲ့။ ဒီစကားကိုအကို့အနေနဲ့ ဘယ်လိုမြင်သလဲ။
Jack: ဒါကတော့ မောင်ရင်စဉ်းစားကြည့်လေ။ လောကမှာ လူကောင်းတွေကများပြီးတော့ အရူးတွေ နည်းနေတယ်မဟုတ်လား။ ဒီတော့သဘောက ကောင်းဖို့ကလွယ်ပြီးတော့ ရူးဖို့ကျတော့ ခက်တယ်မဟုတ်လား။ ကိုယ်ကတော့ မောင်ရင်သိတဲ့အတိုင်း ခက်တာပဲ အရသာတွေ့တတ်တော့ ပညာပါပါပဲရူးတတ်တယ်။ အေးဆေးပဲရူးတယ်။ တချို့အရူးတွေလို အော်ကြီးဟစ်ကျယ်မရူးပြတော့ဘူး။ ဘာလုပ်မှာလဲ။ ဟုတ်တယ်မဟုတ်လား။ အချိန်တန်ရင် ကိုယ့်ကို အရူးဆိုပြီးသနားလာတဲ့ပရိတ်သတ်ကပဲ ခွဲတတ်လာမှာပါလေ။ ဘယ်အရူးက အရူးလောကကို စေတနာရှိတယ်။ ဘယ်လောက်ရူးတတ်တယ်။ ဘယ်အရူးကတော့ လူသနားအောင် အတင်းရူးပြတယ်ဆိုတာ သိလာမှာပါလေ။ အချိန်လေးခဏပေးထားလိုက်။ ကိုယ့်ကို သနားတဲ့ပရိတ်သတ်က လူကောင်းတွေပဲလေ။ ကျကျနနရူးဖို့ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာကို သူတို့လည်းနားလည်ပါတယ်လေ။ သိက္ခာရှိတဲ့အရူးတစ်ယောက်ဖြစ်ဖို့ဆိုတာ ပါရမီခံလေးလည်း ရှိမှ၊ ကံလေးလည်း လိုက်ဦးမှ ရူးဖြစ်တာ။ ကိုယ်မဆွယ်ဘူး။ ပရိတ်သတ်သနားလာအောင် ကိုယ်အရူးပါလို့ ဘယ်တော့မှ မဆွယ်ဘူး။ ကိုယ့်ဟာကို ရူးစရာရှိရူးပြလိုက်မယ်။ ခပ်တည်တည်ပဲရူးမယ် ဒါပဲ။ လွယ်တယ်ထင်ရူးကြည့်ပါလား။  မောင်ရင်လည်း ခုစမ်းရူးကြည့်လေ။ သိပ်ခက်တယ်မရဘူး။ ရေရှည်မှာ ကွာသွားတာပဲ။
Pyae: တော်ပါပြီဗျာ မရူးတော့ပါဘူး။ ဒါနဲ့ အရူးကိုသနားနေတဲ့ လူကောင်းတွေ ယုံကြည်နေတာက ဘယ်အရူးမှ ရူးနေတယ်လို့ ၀န်မခံဘူး။ ရူးတယ်လို့ပြောရင် စိတ်ဆိုးတယ်ပေါ့။ကိုဖုန်းကျတော့ ကိုယ်ရူးတာ ကိုယ်သိနေတယ်လေ။ အခုတလော အရူးလောကမှာ ဒီကိစ္စအပြောများနေလို့ အကို့ထင်မြင်ချက်လေး ပြောပြပါဦး။
Jack: ကိုယ်လည်း ဒါပဲပြောချင်နေတာ။ တချို့က အတင်းတွန့်လိမ်ကောက်ကွေး ရူးပြကြတယ်။ တချို့ကျတော့ သူများရူးပုံရူးနည်းကို လိုက်ကြည့်ပြီးရူးပြတာရှိတယ်။ တချို့က ခေတ်မမှီတဲ့ ရူးနည်းတွေနဲ့ ကျန်ခဲ့ကြပြီ။ တချို့ကျတော့ ခေတ်မှီမှီရူးပြကြတယ်။ မောင်ရင်ခုမေးတဲ့ ကိစ္စက ဒါပါပဲ။ ပညာပါတယ်နော်။ ခေတ်ကွ ခေတ် ခေတ်။ ခေတ်နောက်ကျကျန်ခဲ့ရင် သွားတာပဲ။ ကမ္ဘာကြီးက အရမ်းတိုးတက်နေပြီ။ ဒီတော့ အရူးတွေလည်း ခေတ်မှီနေရမယ်။ အရင်ကအရူးတွေ ကိုယ်ရူးလို့ရူးမှန်းမသိဘူး။ ဒါမှန်တယ်။ လူကောင်းတွေလည်း ဒါကိုလက်ခံထားကြတယ်။ ဒါပေမယ့် အဲဒီခေတ်ကုန်သွားပြီ။ အရူးတွေ ရူးမှန်းသိလာပြီ။ သိတယ်မဟုတ်လား။ ကိုယ်က ခေတ်မီမီပဲ ရူးချင်တာလေ။ (တောက်ကျိုးနည်း အရူးဟ)
Pyae: ဒါဆို အရူးတွေ ကိုယ်ရူးလို့ ရူးမှန်းမသိတာ ခေတ်မမှီဘူးပေါ့နော်။
Jack: မမီဘူး။ အများကြီးနောက်မှာကျန်ခဲ့ပြီ။ ကိုယ်ပြောချင်တာက မရူးဘူးဆိုရင် လူကောင်းပဲ လုပ်နေလိုက်။ ရူးမယ်ဆိုရင်လည်း ကျကျနနရူးပလိုက်။ ယုံယုံကြည်ကြည် ခေတ်မီမီနဲ့ ရူးနိုင်အောင် ကြိုးစားလိုက်။ တော်ရိရော်ရိမလုပ်နဲ့။ အရူးဖြစ်မလာဘဲ နှမ်းသွားမယ်။ အနှမ်းကြီးဖြစ်သွားမယ်။ ကရော်ကမယ်လုပ်လို့မရဘူး။ အရေးကြီးတယ်နော်။
Pyae: အရူးလိုင်းထဲမှာ အကိုက ဘယ်လိုင်းကိုပိုအားသန်ပါသလဲ။
Jack: တချို့က မယားတလိုင်းရူးကြတယ်။ ခံစားချက်ရှိတယ်။ လိုအပ်ရင် ခပ်ကြမ်းကြမ်းရူးလိုက်တယ်။ ဂရုမစိုက်ဘူးပေါ့။ ခံစားမှုဦးစားပေးပေါ့ကွာ။ ဒါပေမယ့်အများအားဖြင့် အေးဆေးပဲရူးကြတယ်။ ကောင်းပါတယ်။ ကိုယ်လက်ခံပါတယ်။ တချို့ကျတော့ တဏှာလိုင်းနဲ့ရူးကြတယ်။ ဒါမကောင်းဘူး။ ကိုယ်မကြိုက်ဘူး။ ညစ်ပတ်တယ်။ အရူးသိက္ခာကျတယ်။ တချို့ကျတော့ ဥစ္စာလိုင်းရူးကြတယ်။ ဒါလည်းသိပ်မကောင်းဘူး။ သူကဒေါသများတယ်။ ကိုယ်ကတော့ အရူးလိုင်းပဲ။ အကြောင်းပြမနေဘူး။ ကိုယ်ရူးနိုင်သလောက်ပဲ ရူးပြတယ်။ ဟန်မဆောင်ဘူး။ ဒီလောက်ပဲရူးပြတယ်။
Pyae: အရူးစစ်စစ်တွေ မဖြစ်တာမျိုး ရှိသလားခင်ဗျ။
Jack: ရှိတယ်။ အများကြီးကိုရှိတာ။ ကိုယ်ပြောပြမယ်။ တစ်ချို့က ရူးကြည့်ကြတယ်။ မရဘူး ပေါသွားတယ်။ ဟိုတစ်ကောင်ကိုပဲကြည့်။  face book မှာ ဟာသတွေရေးရေးနေတဲ့ John Kaung ဆိုတဲ့အကောင်။ ငပေါကြီးပဲဖြစ်သွားတယ်။ တချို့က ဂေါက်သွားတယ်။ တချို့က ကြောင်သွားတယ်။ အရူးအဆင့်ထိမရောက်ဘူး။ ဒါဟာ လမ်းတစ်ဝက်မှာ လစ်သွားကြတာပဲ။  တချို့ကျတော့ ရူးချင်ယောင်ဆောင်ကြသေးတယ်။ အလကား အဲဒါ။ တကယ်တမ်း နင်လား ငါလား အပြိုင်ရူးကြည့်။ မခံနိုင်ဘူး။ သွားရော မလိုက်နိုင်တော့ဘူး။
Pyae: ရူးရတာခက်တယ်နော်။ ဒါနဲ့ ကိုကြီး ပညာအရည်အချင်းလေး။
Jack: ဟကောင်ရ။ ရူးပါတယ်ဆိုမှ ကျောင်းနေလို့ရမလား။
Pyae: ဟုတ်ကဲ့။ အကိုကြီးရဲ့ တစ်နေ့တာအရူးထပုံလေးလည်း ပြောပြပါဦး။
Jack: သိပ်မထူးခြားဘူးလေ။ အကိုက သူများလို လျှောက်ရူးပြနေတာမှ မဟုတ်တာ။ မိုးလင်းလာတာနဲ့ အကိုကထိုင်ရူးနေလိုက်တာပဲ။
Pyae: အတော်လည်း စုံသလောက်ရှိသွားပါပြီ။ နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်။ အကို့အနေနဲ့ အရူးလောကကြီးကို ဘာများပြောချင်ပါသလဲ။
Jack: ပြောချင်တာ တစ်ခုတော့ရှိပါတယ်။ အရူးလောကရော လူကောင်းတွေပါ အရူးတွေကို စိတ်ညစ်အောင် မလုပ်ကြပါနဲ့လို့။ စကားပုံရှိတယ်လေ။ အရူးစိတ်ချမ်းသာရင် ဘာဖြစ်တယ်ဆိုတာသိတယ်မဟုတ်လား။ ရာသီဥတုက ပူတယ်လေ။ ကိုယ်လည်း အသက်အရွယ်ကလေးထောက်လာလို့  သိပ်သောင်းကျန်းပြီး အရူးထပြမနေချင်တော့ဘူး။ ရှေ့လျှောက်အေးဆေးလေးပဲ ရူးသွားချင်ပါတယ်။
Pyae: ဟုတ်ကဲ့။ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။
Jack: ……………..

(အရိုး၏ ...ဆိုသည်မှာ စာစုများမှ ကူးယူဖဲ့လိုက်ပါသည်)

အနံ့ခံကောင်းသူ


          ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ လူစုံနေတယ်လေ။ လူစုံဆိုလို့ ဘယ်သူမှတော့မဟုတ်ပါဘူး။ မင်းသားကြီး မောင်ဖုန်းရယ်၊ ကိုနွေရိပ်ရယ်၊ ကျောက်စက်ရေရယ်၊ နေမင်းသူရိန်ရယ်နဲ့ မောင်ကောင်းတို့ပါပဲ။ ဒီနေ့ထူးထူးခြားခြားလူစုံနေတာကလည်း ဒီလိုရှိတယ်ဗျ။ မောင်ဖုန်းကြီး မြို့ထဲမှာ ကောင်မလေးနဲ့ ချိန်းထားတယ်ဆိုပဲ။ သူကလည်း ဒါမျိုးကိစ္စရှိပြီဆိုတော့ သူငယ်ချင်းတွေကို ပြုစုရင်းကြွား အဲ ရင်ဖွင့်တယ်။ ကောင်မလေးနဲ့ တွေ့ရင် ဘာပြောရမယ်။ ဘာလိုတွေ နေရမယ်ဆိုတာကို မေးနေတယ်။ သူငယ်ချင်းဆိုတဲ့ အကောင်တွေကလည်း ဘာမှမသိဘဲ စားကောင်းသောက်ကောင်းအောင် လျှောက်ညာဖြီးနေကြတယ်။
          ဒီလိုနဲ့ စကားဝိုင်းကို မောင်ဖုန်းကပဲ
          “ကဲ ဘော်ဘော်တို့ရေ….ချိန်းထားတဲ့ အချိန်တောင်နီးပြီကွာ.. ငါသွားလိုက်ဦးမယ်” ဆိုပြီးတော့ ရေနွေးတစ်ခွက် မော့လိုက်တယ်။ သူငယ်ချင်းတွေကလည်း ကောင်းချီးပေးကြပါတယ်။ “သေနာကြီး အောင်မြင်ပါစေ” မောင်ဖုန်းကားပေါ်ကို ကော့ကန်ကော့ကားနဲ့ တက်သွားတယ်။ (ကော့ကန်ကော့ကားဆိုတာ ဘာလဲမမေးနဲ့ မသိဘူး လျှောက်ရေးတာ) ကားကလည်း လူသိပ်မပါပြန်တော့ မောင်ဖုန်းနေရာရတယ်။ နေရာကလည်း အပေါက်ဝနဲ့နီး၊ လေလည်းရတဲ့နေရာ။ သိတယ်မဟုတ်လား။ စပယ်ယာတွေ နောက်ကျခုံလေးပေါ့။ မောင်ဖုန်းကျကျနန ထိုင်ရင်းလိုက်သွားပါတော့တယ်။   ထောက်ကြန့် အရောက်မှာ အဆင်းအတက်တွေနဲ့ လူနည်းနည်းကျပ်သွားတယ်။ ဒါပေမယ့် မောင်ဖုန်းမမှုပါဘူး။ သူက ထိုင်ခုံနဲ့လေ။ သူမှုတာက တစ်ခု။ အဲတစ်ခုက……
          အဲတစ်ခုက လက်ဖက်ရည်ဆိုင်မှာ သောက်ထားတဲ့ ရေနွေးရယ် အအေးရယ်ပေါင်းပြီး တိုက်ခိုက်လာတဲ့ ဆီးသွားချင်တဲ့ ဝေဒနာပဲပေါ့ဗျာ။ သူလည်း တတ်နိုင်သလောက်အောင့်အီးသည်းခံရင်း လိုက်လာပါတယ်။ ဒီလိုနဲ့ ၀ါယာလက်အရောက်မှာ လသားအရွယ်ကလေးတစ်ဖက်နဲ့ အဒေါ်ကြီးတစ်ယောက်တက်လာပါတယ်။ ဒါကို မောင်ဖုန်းကြောင်တယ်လို့ ထင်လို့လား။ မှားမယ်။ ဒါမျိုးသူမလုပ်ဘူး။ သူလုပ်နေတာက..
          သူလုပ်နေတာက တင်ပါးကို ကျုံ့ထားရတာ။ ပြေးမြင်ကြည့်ကြပါဗျာ။ ပိန်ပိန်ပြားပြားလူတစ်ယောက်က ခါးမတ်၊ ဖင်ရှုံ့ထားတဲ့ပုံကို။ မောင်ဖုန်းခမျာဝေဒနာကို အဖြေရှာလို့ရပေမယ့် ဖြေရှင်းဖို့ခက်နေတယ်။ နောက်ဆုံးက ခုံမှာဆိုလည်း ရေသန့်ဘူးလေးထဲ ရှူးလိုက်လို့ရသေးတယ်။ ခုံက ထိပ်ဆုံးခုံဆိုတော့ သူခက်နေတယ်။ အရေးထဲ ကလေးက ငိုနေလေတော့ ကလေးအမေက ကလေးကို “ရှူး…. တိုးတိုးနေလေသားရဲ့ ရှူး…. တိုးတိုးနေလေသားရဲ့” ဆိုပြီးတော့ ချော့လိုက်တိုင်း မောင်ဖုန်း ငယ်ထိပ်မွှေးတွေ ထောင်ထောင်လာတယ်။ ခရေပင်လမ်းခွဲအရောက်မှာ မောင်ဖုန်းခေါင်းမှာ အကြံတစ်ခုလက်သွားတယ်။ ဒါနဲ့ပဲ ကလေးအမေကြီးကို မျက်နှာလို မျက်နှာရပြောလိုက်တယ်။
          “အန်တီ ဘယ်ထိသွားမှာလဲဟင်”
          “၈မိုင်ထိ သားရယ်”
          “သြော်… ကျွန်တော်က တံတားဖြူဆင်းမှာ”
          ဒီလိုပြောပြီး ထပေးမယ်ထင်လို့လား။ မထင်နဲ့ သူ့ဒုက္ခနဲ့သူ လှုပ်တောင် မလှုပ်ရဲဘူး။ ဆက်ပြောတယ်။
          “ကလေးကို ကျွန်တော့်ပေးထားလေ”
          “အေး အေး… ကျေးဇူးပဲသားရယ် ကောင်လေးက အိပ်ချင်လို့နဲ့တူတယ် အရမ်းဂျီကျနေတယ်”
          “ဟုတ်ကဲ့ရပါတယ်။ ကျွန်တော် ရပ်ကွက်ထဲမှာ ကလေးဗိုလ်ပါ”
ဘာမှမဆိုင်တာပါ ထည့်ကြွားသွားသေးတယ်။ ကလေးကလည်း မောင်ဖုန်းကို ဘာထင်နေလဲ မသိဘူး။ မောင်ဖုန်းရင်ဘတ်ထဲ ရောက်ကတည်းက ဂျီမကျနိုင်တော့ဘူး။ အိပ်သွားပါတော့တယ်။ ဒီတော့မှ မောင်ဖုန်းသူ့အကြံကို အကောင်အထည်ဖော်တော့တယ်။ သူ့အကြံက….
          သူ့အကြံက ဒီိလိုဗျ။ ကလေးက သူ့ပေါင်ပေါ်မှာ အိပ်နေတယ်။ သူကလည်း အရမ်းဆီးသွားချင်နေတယ်။ ဘာလုပ်မယ်ထင်လဲ ရိုးပါတယ်။ သူ ပေါက်ချလိုက်မယ်။ ပြီးရင် ကလေးကိုလွှဲချလိုက်မယ်။ ကားက ၁၀ မိုင်အရောက်မှာ သူ့အကြံကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။ ကလေးကဖျတ်ခနဲ လန့်နိုးလာပြီးတော့ သူ့ကိုမော့ကြည့်တယ်။ ပြီးတော့ သူ့အမေကို ကြည့်တယ်။ ပြီးတော့ မောင်ဖုန်းကိုပြန်ကြည့်တယ်။
          ဆီးကြောကလည်း ကြာလိုက်တာဗျာ။ အောင့်ထားရတာလည်း နည်းတဲ့ခရီးမှတ်လို့။ ဒါနဲ့ပဲ ၈မိုင်ရောက်လာတယ်။ ကလေးအမေကလည်း မောင်ဖုန်းကိုအားနာတဲ့ အသံနဲ့..
          “သားရယ် ကျေးဇူးတင်လိုက်တာ.. ရှေ့မှတ်တိုင် အဒေါ်တို့ဆင်းတော့မယ်။ ကလေးကို အဒေါ့်ကိုပေး”
          “အန်.. ပေးလို့ရဘူးလေ.. ပြီးသေးဘူး”
          “ဘာမပြီးတာလဲသားရဲ့ အဒေါ်တို့ဆင်းရတော့မှာ”
          “အော်ဟုတ်ပါတယ် ကားရပ်မှ ဆင်းလေ ကလေးလဲသွားမှားဆိုးလို့”
          အကြောင်းပြချက်ကောင်းလေတော့ သူ့အလုပ်သူဆက်လုပ်လို့ရတာပေါ့။ မှတ်တိုင်မှာ ကားရပ်ခါနီးမှ
          “အာ အန်တီ့သားကတော့ ကျွန်တော့်ကို အချစ်စမ်းလိုက်ပြန်ပြီ ကျွန်တော့်ပေါ်ကို  ရှုရှူးတွေ ပေါက်ချလိုက်ပြီ အန်တီရေ”
          “ဟယ် တောင်းပန်ပါတယ်သားရယ်။ ကလေးကလည်းလေ အားနာစရာတွေဖြစ်အောင်”
          “ရပါတယ် အန်တီရဲ့ ကျွန်တော်ပုဆိုးလှည့်ဝတ်လိုက်ပါ့မယ်”
          ဒီလိုနဲ့ မြေစာပင်သားအမိ ဆင်းသွားလေတော့မှ မောင်ဖုန်းဘေးက လူကပြောပါတယ်။
          “ဟွန်း ကလေးသေးကလည်း နံလိုက်တာ လူကြီးသေးနံ့ကျနေတာပဲ” တဲ့။
          ကဲ…။ ပျက်သွားမယ့်မောင်ဖုန်းမျက်နှာကလေးကို ပြေးမြင်လိုက်ကြပါတော့ဗျာ။။