Wednesday, February 29, 2012

သူခိုးတစ်ယောက်ရဲ့ ဒိုင်ယာရီ


          ကျွန်တော်က သူခိုးတစ်ယောက်ပါ။ ဒါပေမယ့် ရိုးရိုးသူခိုးတစ်ယောက်တော့ မဟုတ်ဘူး။ သူခိုးနက္ခတ်နဲ့ ယှဉ်ပြီးတော့ မွေးလာတဲ့ သူခိုးဗျ။
          ကျူပ်ဆိုတဲ့ကောင်က ခိုးရင်ခြေစလက်န ဘာတစ်ခုမှ မကျန်ခဲ့ဘူး။ အားလုံးလက်စသိမ်းပဲ။ ဒါကြောင့်လည်း ကျူပ်ဒီအသက်အရွယ်အထိ ခိုးတဲ့လုပ်ငန်းနဲ့ ရပ်တည်နေနိုင်တာပေါ့။ ကျူပ်က သစ္စာတော့ရှိတယ်။ ကျုပ်အတွက်ကျုပ်လိုအပ်သလောက်ပဲ ခိုးတာ။ ကျုပ်ရှေ့မှာ အလွယ်တကူယူလို့ ရတဲ့ပစ္စည်းတွေ ဘယ်လောက်ရှိရှိ အိမ်ရှင် စီးပွားပျက်အောင် မတရားကြီးနစ်နာအောင် ဘယ်တော့မှ မယူဘူး။ ပြီးတော့ ကျုပ်တို့လို ဆင်းရဲသားငမွဲအိမ်တွေကို ပြန်မခိုးဘူး။ (ခိုးလည်း ရမှာမှမဟုတ်တာ)။ ကျုပ်ခိုးတဲ့အိမ်က အသင့်အတင့်နေထိုင်စားသောက်နိုင်တဲ့အိမ်တွေနဲ့ အဲဒီအိမ်တွေထက်ပိုချမ်းသာတဲ့အိမ်တွေပဲခိုးတာ။ ဒါက ကျုပ်ရဲ့စည်းကမ်းပေါ့ဗျာ။ ကိုယ့်စည်းနဲ့ကိုယ် စနစ်တကျ သစ္စာရှိရှိခိုးတော့ သူခိုးသက်တမ်းရှည်ပေမယ့် ထောင်နန်းမစံရသေးဘူး။
          ဗျာ….. ဘာလို့ကျုပ်အခုအဖမ်းခံနေရတာလဲဟုတ်လား။ အခုလိုအဖမ်းခံရတာ ကျုပ်စည်းဖောက်လို့ မဟုတ်ဘူး။ သစ္စာပျက်လို့လည်း မဟုတ်ပါဘူး။ ပြောရရင် ရှက်စရာတော့ကောင်းသား။ အာ.. မဟုတ်ပါဘူး။ ကျုပ်ခိုးတဲ့နေရာမှာ လက်စလက်နကျန်ခဲ့လို့လည်း မဟုတ်ပါဘူး။ ကျုပ်က စောရနက္ခနဲ့ ယှဉ်မွေးတဲ့ကောင်။ ကျုပ်လုပ်ငန်းကျုပ်ကျွမ်းပါတယ်။
          ဖြစ်ပုံက ဒီလိုဗျာ။ ကျုပ်အိမ်တစ်အိမ်ကို ၀င်ခိုးတယ်။ အားလုံးအငြိမ်ပဲ။ ကျုပ်လိုအပ်သမျှယူပြီးတော့ ပြန်အထွက်မှာ အိမ်ရှင်တွေနိုးတယ်ထင်ပြီးတော့ ဧည့်ခန်းက ထုတ်တန်းပေါ်ခဏတက်ခိုနေလိုက်တာ။ တကယ်တမ်း အိမ်ရှင်တွေနိုးတာမဟုတ်တော့ ထုတ်တန်းပေါ်ကနေ ပြန်ဆင်းမယ်အလုပ် အဲဒီမှာပဲ စတွေ့တာ။ မခိုင်နဲ့ ဓာတ်တိုင်။ အိုစမာဘင်လာဒင်နဲ့ ချောစုခင်။
          ကျုပ်လည်းအဆင်း မီးကလည်း ဖျတ်ခနဲအလင်းမှာ ကျုပ်ကလည်း ၀မ်းသာအားရနဲ့ သတိမေ့ပြီး
“ဝေး….ဟေး….ဟေး… မီးလာပြီကွ မီးလာပြီ” ဆိုပြီး အော်မိလိုက်လို့ ထောင်ကျတာပါဗျာ။ ဟုတ်တယ်လေ။ ကျုပ်တို့ရပ်ကွက်မှာ ဒီလိုပဲအော်နေကြကို။

ဆိုင်းဘုတ်ပဲ့တင်သံ


“သတိ..ငါးမမျှားရ”

“သတိ..စုံတွဲများမထိုင်ရ”

          ထိုဆိုင်းဘုတ်မျိုးကို သင်တွေ့ဖူးလောက်မည်။ ဒါဆိုရင် အဘယ်ကြောင့် ငါးမမျှားခိုင်းသည်။ အဘယ်ကြောင့် ဒွိယံမထိုင်သင့်သည်ကို သင်ဆက်စပ်၍တွေးပေလိမ့်မည်။ ဤကား ထိုဆိုင်းဘုတ်ကလေး၏ နောက်မှ ကပ်ပါလာသော “ ပဲ့တင်သံ ” ပင်။ ထို့ကြောင့်ဆိုင်းဘုတ်တစ်ခုတွေ့တိုင်း တွေ့သူက ပဲ့တင်သံကိုနားထောင်၍ သုံးသပ်လိုက်နာကြသည်။ တချို့ကဆိုင်းဘုတ်ကိုစာဖြင့်မရေး၊ သင်္ကေတများဖြင့်ပြသည်။ ရေကူးပုံကို မျဉ်းဖြတ်၍ရေမကူးရ။ မျဉ်းကောက်ကလေးတစ်ချောင်းဆိုလျှင် ရှေ့မှာကွေ့ရှိသည်။ ကလေးငယ်ပုံတွေ့ရင် ရှေ့မှာကျောင်းရှိသည်။ ဤသည်တို့ကိုမြင်လျှင် ရေမြင်ပါလျှက်မကူးကြတော့ ။ အရှိန်နှင့်မောင်းလာသောကားများ အရှိန်လျှော့ကြသည်။ ယင်းကား ဆိုင်းဘုတ်ကလေးတွေနောက်မှာ ကပ်ပါလာသော ပဲ့တင်သံကိုကြား၍ပင်ဖြစ်သည်။ ယင်းပဲ့တင်သံကို မသိကျိုးကျွံပြုသူများသည် တစ်စုံတစ်ရာသောအန္တရာယ်နှင့်တွေ့ကြသည်။ ဒါကြောင့် ဆိုင်းဘုတ်တစ်ခုကို တွေ့တိုင်း ကျွန်တော်ကတော့ ပဲ့တင်သံကိုနားထောင်ဖြစ်သည်။

“ကြက်သား ကာလသားချက်၊ အ၀စား ၁၅၀၀”

          ရှင်းသည်။ ကြက်သားကာလသားချက်ကို အဓိကထား၍ ထမင်းရောင်းချသည်။ ကြိုက်သလောက်စားလို့ရသည်။ လူတစ်ယောက် ထောင့်ငါးရာနှုန်း။ ကလေးလည်း ထောင့်ငါးရာ၊ လူကြီးလည်း ထိုနှုန်းအတိုင်းပင်။

“ကြိုက်သလောက်ခြစ်၊ မဖြုတ်ရ”

          လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ မီးခြစ်နှင့်အတူ ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပင်။ ပဲ့တင်သံကလေးက အူယားစရာ။ ဒီလိုချစ်ဖို့ကောင်းတဲ့ ဆိုင်းဘုတ်တွေရှိသလို အမြင်ကပ်ဖို့ကောင်းတဲ့ ဆိုင်းဘုတ်တွေလည်း ရှိတယ်။

“ထမင်းကျွေးသောလက်ကို ပြန်မကိုက်ပါနှင့်”

          တာဝန်သိသိ၊ သစ္စာရှိရှိဆိုသော စကာလေးကို ကြားယောင်ရင်း ရွံရှာသောစိတ်ပင်ပေါ်စေသော ဆိုင်းဘုတ်ပင်။ ယင်း၏ ပဲ့တင်သံက ဘယ်လိုတွေးတွေး စိတ်ချမ်းမြေ့စရာမရှိ။ သူ့ဝန်ထမ်းရမည်ကိုပင် လန့်မိပေသည်။

“ကြိုက်သလောက်စား၊ ကျသလောက်ရှင်း”

“ကြိုက်သလောက်ပြော၊ ကျသလောက်ရှင်း”

          ထမင်းဆိုင်နှင့် တယ်လီဖုန်းရုံးကလေးများတွင် တွေ့ရတတ်သော ဆိုင်းဘုတ်များ။ လက်မခံချင်စရာ အကြောင်းလုံးဝ မရှိ။ သဘောလည်း ကျပါသည်။ ပွင့်လင်းလွတ်လပ်လွန်းလှသည်ဟုလည်း တွေးမိသည်။

“တစ်ခွန်းဈေး”

“၀ယ်ပြီးပစ္စည်း ပြန်မလဲပါ”

စတိုးဆိုင်မှာ တွေ့ရတတ်သော ဆိုင်းဘုတ်များပင်။ ဒါမျိုးကျတော့ မြန်မာလူမျိုး စရိုက်နှင့် မကိုက်ချင်လှ။ မိမိတို့လူမျိုးစရိုက်က ဈေးဆစ်ချင်သည်။ အဆစ်တောင်းချင်သည်။ အမြည်းကျွေးသော မန္တလေးထိုးမုန့်ကိုလည်း သဘောကျသလို။ မုန့်ဟင်းခါးစားရင်တောင် ဟင်းရည်ကလေး  အဆစ်သောက်ရသည်ကို ကျေနပ်ကြတဲ့လူမျိုးပါလား။ “အချင်းချင်းဆိုတော့ အရှုံးခံလိုက်မယ်။ ကဲကဲ။ လျှော့ပေးသွား” ဆိုလျှင် ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ထိုဆိုင်ကိုသဘောကျကာ ဆိုင်ရှင်ကိုလည်း တစ်သက်လုံးကျေးဇူးတင်ကြသည်။ ဒီကြားထဲ ကံ ကံ၏အကျိုးကို ယုံကြည်သော မြန်မာလူမျိုးများဖြစ်ပေရာ ကံစမ်းမဲပါသည်ဆိုပါက ရွှေဆိုင်လည်း မျက်နှာပွင့်သလို အရက်ဆိုတာကိုလည်း မက်မက်စက်စက် သောက်ကြသည်။ 

“ကျား”

“မ”

          အများပြည်သူဆိုင်ရာ အဆောက်အဦးများတွင်တွေ့ရလေ့ရှိသော ဆိုင်းဘုတ်ငယ်များပင်။ ရှင်းသည်။ မှားဝင်လျှင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပင်။ ကျွန်တော်ဆို ငယ်ငယ်က ရုပ်ရှင်ရုံတစ်ခု၏ “မ”ခန်းထဲသို့ အဒေါ်နှင့်အတူလိုက်၍၀င်ဖူးသည်။ (ကြွားစရာမရှိတော့လည်း ဒါပဲထည့်ကြွားရတာပေါ့) အမှန်က မှောင်လွန်းသော အခန်းရှေ့မှာ “ကျား”ဟူသည့် ဆိုင်းဘုတ်ကိုလန့်ပြီး အဒေါ်နောက်လိုက်သွားခြင်းဖြစ်သည်။ မူလတန်းအရွယ် ကျွန်တော့်ကို တခြား “မမ”တို့က မျက်စောင်းခဲခြင်း ခံခဲ့ရသည်။ ဤသည်မှာ ပဲ့တင်သံကို စတင်ခံစားမိခြင်းဖြစ်သည်။
          ဒဂုံမြို့ဘက်ရှိ အိမ်တစ်အိမ်သည် လုပ်ငန်းစုံသည်။ ထိုအိမ်ရှေ့တွင် လုပ်ငန်းစုံအတွက် ဆိုင်းဘုတ်ကြီးတစ်ခုထောင်ထားသည်။ ယင်းဆိုင်းဘုတ်မှာ…

“သဲရမည်”

“တောင်မြေရမည်”

“အုတ်ရမည်”

“ရွှေပန်းမျိုးသန့်သန့်ရမည်”

          လုပ်ငန်းရှင်သည် ဆောက်လုပ်ရေးအတွက် သဲ၊ ရိသာ ခေါ် တောင်မြေနှင့် အုတ်ခဲအပြင် ရွှေပန်းကိုလည်း မျိုးသန့်သန့်ပွား၍ ရောင်းချနေသူဖြစ်ကြောင်း ပဲ့တင်သံမှတစ်ဆင့်သိနိုင်သည်။ သို့သော် လုပ်ငန်းရှင်မှာ အပျိုကြီးညီအမဖြစ်နေသောကြောင့် အချို့က အတွေးချော်ရင်း တခွိခွိရယ်သည်။ 

“ဘာကြောင့်ရပ်ရပ်၊ လမ်းဘေးချရပ်”

“ဗို့အား ၁၅၀၀”

“ဟွန်းသံကင်းမဲ့ဇုန်”

“ဆူညံခြင်းသည်းခံပါ”

“အလှူခံမလာရ”

          ထိုဆိုင်းဘုတ်များမှလည်း ကျေးဇူးတင်သော၊ အန္တရာယ်ရှိသော၊ သတိချပ်သင့်သော၊ ဆင်ခြင်သင့်သော ပဲ့တင်သံများနှင့် အမြင်ကတ်သွားသော ပဲ့တင်သံများပင်ရရှိတတ်သည်။
          မည်သို့ပင်ဖြစ်စေ စကားလုံးကျစ်လစ်သော ဆိုင်းဘုတ်ကလေးတိုင်း အတွေးပွားစရာ ပဲ့တင်သံများ အသီးသီးရရှိနိုင်သည်။ ရယ်မောဖွယ်၊ တက်ကြွဖွယ်၊ ထိတ်လန့်ဖွယ် ပဲ့တင်သံများကို ပေးရင်း နေရာအသီးသီးတွင် ဆိုင်းဘုတ်ကလေးများကတော့ နေရာယူလာပြီဖြစ်သည်။
နောက်ဆုံးအနေနဲ့ ကွမ်းယာဆိုင်ကလေးတစ်ခုမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဆိုင်ရှင်က မြေဖြူဖြင့်သာ ရေးထားသော ဆိုင်းဘုတ်ကလေးဖြစ်ပြီး စာဖတ်သူရော ဆိုင်ရှင်ပါ မည်သို့ပဲ့တင်သံမျိုးထွက်ကြောင်း သိနိုင်ပါသည်။ သို့သော် ယင်းဆိုင်းဘုတ်ရေးဆွဲပြီးနောက် ရောင်းဝယ်ရေး ပိုမိုတိုးလာ၍ အဆိုပါကွမ်းယာဆိုင်ကလေးသည် ကုန်စုံရောင်းသော အဆင့်သို့ တစ်နှစ်အတွင်းရောက်လာသည်။ ယင်းအတွက် ဆိုင်ကို ချဲ့ထွင်သလို ဆေးသုတ်ခြင်းများပါ ဆိုင်ရှင်ကပြုသည်။ သို့သော် အဆိုပါဆိုင်းဘုတ်ကလေးမှာမူ မြေဖြူရောင်မှိန်မှန်ကလေးနှင့် ရှိနေမြဲပင်။
          ဆိုင်းဘုတ်ကလေးမှာ….

“ကျွန်တော်မလှူနိုင်သေးပါ..
လှူနိုင်သောနေ့တွင် သင့်ကိုဖိတ်ကြားပါမည်”

Sunday, February 26, 2012

ကျွန်တော့်တစ်နေ့တာ

တစ်နေ့တာလုပ်သမျှ
ဒုက္ခလို့ သဘောဝင်
အဟုတ်ပ ပြောရင်ကွယ်
မောချင်တယ် တအား။
အိပ်ရာထ မနက်လင်းလာရင်
ချက်ချင်းဗျာ အလုပ်တွေများ
မိန်းမက အတင်းအော်မလာခင်
ထမင်းကြော်ကာ ပြင်ထား။
ဒင်းခေါ်တာ အမြန်မသွားရင်ဖြင့်
ကုတင်ခြားအိပ်သည်
နေ့လည်မှာ အပျင်းမဖက်သာဘု
ဒင်းအ၀တ်လျှော်ရဦးမည်။
ကလေးက ငိုလာပြီဆို
အသာချီ ချိုနို့ဘူးနဲ့
ရင့်ကျူးလို့ တီတီတာ
ထိန်းကျောင်းရရှာ။
ညကျတော့ ဒင်းအိပ်ယာမှာ
နင်းနှိပ်ကာ ပေးရတယ်လေး…..။      

Saturday, February 25, 2012

မိုက်ချက်ကတော့ ကမ်းကုန်


ကြုံတုန်းကြိုက်တုန်းလေ ကျွန်တော်တို့ဆီက မိုက်တဲ့အကြောင်းပြောပြရဦးမယ်ဗျ။ အရက်သောက်တတ်တဲ့လူ တော်တော်များများကိုကြည့်မယ်ဆိုရင် အရက်မူးလာရင် သွေးဆိုးတတ်ကြတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့လမ်းထိပ်က ကိုဂျက်ဖုန်းအကြောင်းပေါ့။ သူကအရက်စွဲနေတာတော့ မဟုတ်ဘူးဗျ။ ရွာထဲမှာ အလှူအတန်း မင်္ဂလာဆောင်ရှိတယ်ဆိုရင်တော့ စိတ်ရောလူပါ အင်တိုက်အားတိုက် ကူလုပ်ပေးတယ်။ အဲ… လုပ်ရင်းကိုင်ရင်းနဲ့ တော့သောက်တတ်တယ်။
တစ်နေ့မှာ ကိုဖုန်းတစ်ယောက် မင်္ဂလာဆောင်တစ်ခုကို ၀ိုင်းကူလုပ်ပေးရပါတယ်။ သူငယ်ချင်းတွေနဲ့သောက်ကြ စားကြ လုပ်ကိုင်ကြတာဆိုတော့ ကိုဖုန်းတစ်ယောက် သူ့ကိုယ်သူဘယ်လောက်သောက်မိလို့ သောက်မိမှန်းတောင်မသိပါဘူး။ လမ်းမတစ်လျှောက်တော့ သိုင်းကွက်အပြည့်နင်းပြီး ပြန်လာနေတယ်။
အဲမှာပဲ ကျွန်တော်ကလည်း ဆိုင်ကယ်နဲ့ အပြင်ကပြန်လာတာနဲ့တိုးရော။ ရှေ့ကယိုင်ထိုးယိုင်ထိုးနဲ့ သွားနေတာ မင်္ဂလာဆောင်အိမ်က ပြန်လာတဲ့ ကိုဖုန်းကြီးမှန်းသိလိုက်ပါတယ်။ ဒါနဲ့ သူကို စချင်နောက်ချင်တာနဲ့ ဆိုင်ကယ်ကို ဖြည်းဖြည်းစီးလာရင်း…
“တီ..တီ…တီ”
ဆိုင်ကယ်ဟွန်းတီးလိုက်တာပေါ့။ ကိုဖုန်းလှည့်ကြည့်လိုက်တယ်။ ဒါပေမယ့် ဆိုင်ကယ်မီးရောင်က မျက်လုံးကိုထိုးထားတော့ စိတ်တိုသွားတဲ့ပုံစံနဲ့
“ဟေ့…တီ..တီတွေ၊ ကျွတ်တွေ၊ မျှော့တွေ လုပ်မနေနဲ့ ငါကမြွေပွေးတောင် မကြောက်ဘူးကွ။ သိလား”
ဒါနဲ့ကျွန်တော်လည်း
“တိုက်ပစ်လိုက်မှာနော်။ တိုက်လိုက်မှာ”
“အေး မင်းတိုက်လည်း ငါမသောက်နိုင်တော့ပါဘူးကွာ။ ငါတော်တော်များနေပြီ”လို့ပြောပြီး သူ့အိမ်ထဲကို သိုင်းကွက်နင်းပြီး ၀င်သွားပါတယ်ခင်ဗျာ။       

Friday, February 24, 2012

သူဘယ်သူလဲ


            ကျွန်တော့ ညီဝမ်းကွဲဖြစ်သူ မောင်ဖိုးထောင်သည် အလွန်ရိုးအသူတစ်ဦးဖြစ်သည်။ သူ့ကို တောရွာတစ်ရွာမှ ကျွန်တော့်အိမ်သို့ ခေါ်ထားတာ တစ်လခန့်သာရှိသေးသည်။
            အိမ်တွင် ကျွန်တော်မအား၍သော်လည်းကောင်း၊ အပြင်သွားသို့ အလုပ်ကိစ္စဖြင့်သွားနေချိန်တွင်သော်လည်းကောင်း ဖုန်းလာသည့်အခါ သူက မမေးတတ် မပြောတတ်ချေ။
            တစ်နေ့ ကျွန်တော်အပြင်မှ ပြန်လာတော့ မောင်ဖိုးထောင်သည် အိမ်ဝမှ ဆီး၍
            “အကို အကိုဖုန်းအသံမြည်လို့ ကောက်ကိုင်လိုက်တော့ ဘာသံမှ မကြားတာနဲ့ ဖုန်းပြန်ချလိုက်တယ်”
            “ဟုတ်လား ဖုန်းလိုင်းပြတ်သွားတာလား။ ဒါမှမဟုတ် မင်းဖုန်းကို ပြောင်းပြန်ကြီးကိုင်လို့ အသံမကြားတာလား။ မင်းကို ဖုန်းနားထောင်နည်း ပြောနည်းကိုတော့ သင်ပေးထားရမယ်”
            ဖုန်းကို နမူနာကိုင်ပြပြီး
            “ဖုန်းအသံမြည်တာနဲ့ ဒီလိုကိုင်ပြီး ဟုတ်ကဲ့ အမိန့်ရှိပါ ဘယ်သူပါလဲခင်ဗျာ လို့ အရင်မေး ဟုတ်လား”
            “ဟုတ် ဟုတ် အကို”
            ဒီအချိန်မှာပဲ ဖုန်းက ထမြည်လာလေတော့
            “ကဲ ဖုန်းလာနေပြီ ငါသင်ထားသလို မင်းပြောကြည့်စမ်း”
            ဟုပြောလိုက်ရာ မောင်ဖိုးထောင်က ဖုန်းကို ဟန်ပါပါဖြင့် ကိုင်လိုက်ကာ
            “ဟဲလို….ဟုတ်ကဲ့။ ကျွန်တော်ဘယ်သူပါလဲ ခင်ဗျာ” ဆိုတော့ကာ