ရေဝေး။
ခင်ဗျားတို့ကလည်းဗျာ။ အသည်းငယ်လိုက်တာ။ ဒါလေးပြောတာနဲ့ပဲ အမလေး တစရာမလိုပါဘူး။ ဟိုကဖြင့် စည်ကားလိုက်တာ လူပြတ်တယ်မရှိ။ ရှိသမျှခန်းမမှာ အလောင်းတွေ ကိုယ်စီနဲ့၊ ပန်းတွေ မှန်တွေပြင်ဆင်ထားတာလည်း ဝေနေတာပဲ။ ကြောက်တဲ့စိတ်က ဘယ်ချောင်ကမှ ပေါ်မလာဘူး။ နာရေးရှင်တွေကို ပုန်းလျှိုးကွယ်လျှိုးဝန်ခံရမယ်ဆိုရင် ပျော်တောင်ပျော်သေးတယ်။
ပြောပြမယ်။ အမေမအားဘူး။ အဖေအလုပ်သွားတယ်။ ဒါကြောင့်မို့ ကျွန်တော့်ကို နာရေးလိုက်ပို့ပေးဖို့ တာဝန်အပ်နှံခြင်းခံရတာဖြစ်ပါတယ်။
“လိုက်ပို့ပေးလိုက်ပါသားရယ်”
“သူကိုယ်တိုင်မှ လမ်းမလျှောက်နိုင်တော့တာ လိုက်ပို့ပေးရတော့မှာပေါ့”
တကယ်လည်း ကျွန်တော်လိုက်ပို့ပေးခဲ့ပါတယ်။ ရေဝေး၀န်ထမ်းတွေနဲ့အတူ သံမဏိလှည်းကြီးတွန်းပြီးတော့။ တစ်လမ်းတည်းအတူနေကြတဲ့သူတွေအပြင် ရှားရှားပါးပါးယောက်ျားသားတစ်ယောက်က ဆုံးပါးသွားတဲ့နာရေးဖြစ်နေတော့။
“အထဲကို ဘယ်သူလိုက်မှာလဲ”
ဝန်ထမ်းကမေးတယ်။ ကျွန်တော်လည်း ကျွန်တော်နဲ့မှ မဆိုင်တာ မသိချင်ယောင်ဆောင်နေတာပေါ့။ အဓိကနာရေးရှင်က အဘွားကြီး။ ရေဝေးရောက်အောင်တောင် မနည်းတွဲပို့လာရတာ။ ကျန်တာက ဆုံးတဲ့သူရဲ့ ညီမ၊ တူမ ဒုက္ခပါပဲ။ ကျွန်တော့်ကို ၀ိုင်းပြီးမျက်စောင်းထိုးနေကြပြီ။ ဘုရား.. ဘုရား။
“သား မောင်ကောင်း မင်းလိုက်သွားပေးပါလား”
“ဂီ”
“သားက ဆန်းရှိုင်းနဲ့ ပေါင်းနေတော့ သရဲမကြောက်ဘူးမဟုတ်လား ကျန်တဲ့လူတွေကလည်း မိန်းမသားချည်းဆိုတော့..”
ကောင်းမလား။ ကာယကံရှင် ရှေ့တည့်တည့်ကြီးမှာ ယောက်ျားတန်မဲ့ ကျွန်တော်မလိုက်ရဲပါဘူးလို့ ငြင်းရအောင်။ ခုနကမကြောက်ဘူးဆိုတဲ့စိတ်က ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ၀န်ထမ်းတွေကတော့ ရှေ့က၀င်သွားကြပြီ။ ပိုင်နိုင်သေချာတဲ့ ခြေလှမ်းတွေနဲ့ မငြင်းသာတဲ့အဆုံး ကျွန်တော်လည်းနောက်ကနေ ကုတ်ချောင်းချောင်း။
“ဂျိမ်း”
“အမငီး”
မီးသဂြိ င်္ုလ်စက်အခန်းထဲမှာ ကျွန်တော့်ခမျာ မျက်လုံးလေးကလည်ကလည်နဲ့ လူသေကောင်ကလည်း လှည်းပေါ်မှာ စန့်စန့်ကြီး။ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်ဒီအခန်းထဲရောက်လာတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ တကယ်ဆို ဒီနာရေးကို ကျွန်တော့်အမေလိုက်ပို့ပေးရမှာ။ မိန်းမသားဆိုတော့ အားဖြည့်ငိုပေးလိုက်ရုံပဲ။ ဒီထဲအထိတော့ လိုက်ဝင်စရာအကြောင်းမရှိ။ မှားတာက ကျွန်တော်လား။ ကျွန်တော့်အမေလား။ စဉ်းစားနေတုန်း။
“ညီလေး ဘာယူဦးမလဲ”
“စားလို့ရတာအကုန်သာထည့်”
“ဟေ.. သွားတို့၊ အရိုးတို့ ဘာယူချင်လဲမေးတာ”
ကြည့်။ မောင်ဖုန်းနဲ့ပေါင်းတာကြာတော့ ဒီလိုအဆစ်တောင်းတတ်တဲ့ အကျင့်က ဖျောက်မရပြန်။
“အာ ဒုက္ခပါပဲ ယူတော့ပါဘူးဗျာ”
“အေး.. အေး..”
သူတို့အလုပ် သူတို့ဆက်လုပ်တယ်။ ကျွန်တော့်မှာတစ်ယောက်တည်း။ ကြက်သီးတွေကလည်း အဖုလိုက် အဖုလိုက်သီးတက်လာတယ်။ မွန်းကြပ်လှောင်ပိတ်ပြီး အသက်ရှုရပ်မတတ်ဖြစ်လာတယ်။ ဒီချိန်မှာ စဉ်းစားမိတာက ထွက်ပြေးလို့မရအောင်များ သံတံခါးမကြီးကို ပိတ်လိုက်တာလားလို့လေ။ မှားတော့ မှားနေပါပြီဗျာ…။
“အ.. အစ်ကိုကြီးတို့ ကျ.. ကျွန်တော် ထွက်လို့ရပြီလားမသိဘူး.. မရသေးရင် ကျ ကျနော် ရှုးထွက်တော့မယ်”
“ပြန်တော့မလို့လား။ မီးရှို့ပြီးသွားတဲ့ အထိမစောင့်တော့ဘူးလား”
“အကိုကြီးတို့ပဲ အဆင်ပြေသလို ဆက်လုပ်လိုက်ပါတော့ဗျာ ဟင့်.. ကျွန်တော့်ကို တံခါးလေးတစ်ချက်လောက် ဖွင့်ပေးပါလားဟင် .. ကျွန်တော် တံခါးဖွင့်ဖို့တောင် အားမရှိတော့လို့ပါ.. ဟင့်”
မီးခိုးမွှန်သလိုလို၊ ဘာလိုလိုနဲ့ တကယ်ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်တယ်။ ဒီလိုနဲ့ သဂြိင်္ုလ်စက်ထဲက ထွက်လာတော့… ကျွန်တော်စီးလာတဲ့ နာရေးကားတန်းက မြောက်ဥက္ကလာအ၀ိုင်းကိုဖြတ်နေပြီ။ မှားပြန်ပြီ။ မှားတာမှ အကြီးကြီးမှားတာ ကားကွေ့ထွက်တဲ့ ဒီဘက်အခြမ်းမှာ ဘီအမ်ဟီးနိုးဖြစ်နေရမှာ။ ခုတော့ ချက်ဗလက်ဗိုက်ပူကြီးတွေ ဖြစ်နေပြီ။ ရေဝေးစင်္ကြန်အုတ်တိုင်ကို အလွမ်းမင်းသားတွေစတိုင်နဲ့ ကျောပွတ်မှီချလိုက်တယ်။
ကဲ ဘယ်လိုပြန်မလဲ။ အိတ်ထဲကို တစ်ပြားမှထည့်မလာမိတာ ပထမအမှား၊ မယောင်မလည်နဲ့ ခန်းမတွေရှေ့မှာရပ်ထားတဲ့ တခြားနာရေးကားတွေရှိရာ လျှောက်လာမိတယ်။ နီးစပ်ရာကားလေးများ ကြုံလို့ကြုံငြား။
ချက်ဗလက်ကားရဲ့ ဒရိုင်ဘာကြီးက သုဿန်မှာ သံဝေဂရစွာ အိပ်ငိုက်နေတယ်။
“ဒီကားက ဘယ်ကိုပြန်မှာလဲ ဆရာကြီး”
“မရမ်းကုန်း”
ဘာမှမဆိုင်ဘူး။ တောင်နဲ့မြောက်ပဲ။
“သွားပါပြီကွာ” တစ်ယောက်တည်းရေရွတ်ပြီးတော့ “ဟာ”
ယပ်တောင်လှလှလေးမဟုတ်ပါဘူး။ သူလိုကိုယ်လို ပလတ်စတစ်ယပ်တောင်ပါ။ လေလွင့်မှာစိုးလို့ အုတ်ဘောင်ပေါ်မှာ ရေသန့်ဘူးအသေးနဲ့ ဖိပြီးတင်ထားတဲ့ယပ်တောင်က စာသားကိုလှမ်းဖတ်မိတယ်။ အား… ဟုတ်ပြီ မြို့ကတော့ တူနေပါပြီ။ ကျွန်တော်နဲ့ တစ်မြို့တည်းက နာရေးပဲ။ ၀မ်းသာအားရနဲ့ လိပ်စာကိုတိတိကျကျသိအောင် ရေသန့်ဘူးကိုဖယ်ပြီးတော့ ကြည့်. ကြည့်.
“ဟိတ်. ဘာလုပ်တာလဲ”
“………”
“ရေသန့်ဘူးက အသစ်ကြီး။ ဖောက်တောင် မဖောက်ရသေးဘူး။ မဖောက်ရသေးတဲ့အသစ်တွေကိုတောင် မျက်စောင်းလာထိုးရတယ်လို့။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်တင်မဟုတ်တော့ဘူး။ လုပ်နိုင်ကိုင်နိုင်တွေပါ အချောင်ခိုချင်လာပြီ”
ဟာ ပက်ပက်စက်စက်ကြီးပါလား။ ကျွန်တော်တောင် ကျွန်တော့်ရေသန့်ဘူးကို သူများပေးလိုက်တဲ့ကိစ္စ။
“မဟုတ်ပါဘူးဗျာ။ ဟိုဟာလေ… အသက်ဘယ်လောက်လဲလို့ ကြည့်တာပါ။ ယပ်တောင်မှာ ရေးထားတဲ့အသက်က ရေသန့်ဘူးနဲ့ ကွယ်နေလို့”
“လောင်းကစားသမားတွေများ.. သေတဲ့လူခမျာ အေးအေးလူလူမသေရဘူး။ အသက်ကိုလိုက်ထိုးကြတယ်။ ပြီးတော့ မထွက်ရင် အပြစ်တင်ဦးမယ်”
ညစ်နေတာနော်။ ရေဝေးဆိုတာ ရန်ဖြစ်ကောင်းတဲ့နေရာ မဟုတ်လို့ အထိုးမခံရတယ်မှတ်ပါ။
“ဒီလောက်မှားဖို့တော့ မသင့်ဘူးဗျာ။ ခင်ဗျားရေသန့်ဘူးကို မက်လည်းမမက်ဘူး။ ကျုပ်ရေသန့်ဘူးကိုတောင် သူများပေးလိုက်ပြီ။ ပြီးတော့ ကျုပ်ကလောင်းကစားသမားလည်း မဟုတ်ဘူး။ အဲဒါတွေလည်း ၀ါသနာမပါဘူး။ ကျုပ်အပူနဲ့ ကျူပ်”
“ဘာလဲ ရှင့်မိန်းမသေလို့ ပူနေတာလား”
တော်ပြီ။ မပြောတော့ဘူး။ ဒီလောက်လွဲနေမှတော့….။ အတွေးထဲမှာ ရှိနေတာကတော့ ဒီကားလွတ်ရင် ရေဝေးဘယ်နားမှာ အိပ်ရမယ့်အကြောင်း……။
မယောင်မလည်နဲ့ ကားထွက်မှ နောက်ပေါက်ကတွယ်လိုက်တော့တယ်။ သူလိုလို ကိုယ်လိုလိုနဲ့။ ကားခိုးစီးတာလောက်တော့ ဆန်းရှိုင်းသင်ပေးလို့ ကျွမ်းပြီးသားပါ။ ကျေးဇူးတင်ပါကြောင်း ဒီနေရာမှ…..။ အသိလေးများပါမလားလို့ ရှာမိကာမှ တွေ့ပါပြီ။ ကျွန်တော့်ကို အမှားကြီးမှားတဲ့ သူငယ်မ။ ကောင်မလေးက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော့်ကို တစ်ချက်တစ်ချက် လှည့်ကြည့်ရင်း တွတ်ထိုးနေတယ်။ ဒီလောက်ဆိုသေချာပြီ။ ကောင်မလေးတွေ ကျွန်တော့်ကို နည်းနည်းတော့ ရှိန်နေပြီ။ ဒါပေမယ့် လက်သီးလက်မောင်းတန်းလို့ မဖြစ်။ ကိုယ်တောင်မှ သူများကားခိုးစီးလာရတာကို။ ပြဿနာဖြစ်ရင် ဂျွန်ကောင်း မသာကားခိုးစီးပြီး ရန်ဖြစ်ပါတယ်လို့ ကျော်ကြားနေဦးမယ်။ ရှက်ချာကြီး။ ကဲ… တေးထားလိုက်တော့ မောင်ကောင်းရေ. ကောင်မလေးက လှတယ်။ (ဘာမှလည်း မဆိုင်ဘူး)
နာရေးကားတွေက ကျွန်တော်တို့မြို့ထဲတော့ ၀င်လာပြီ။ မီးပွိုင့်နီရင် ဆင်းခဲ့လို့ကောင်းပါ့မလား။ နာရေးကားမို့ မီးပွိုင့်အတက်အဆင်းမှာ မဖမ်းလောက်ဘူးလို့တော့ထင်တာပဲ။ တွေးရင်း… တွေးရင်းနဲ့ပဲ ရပ်ကွက်ထဲထိအောင် ပါသွားပြီ။ မှားပါတယ်။
လူအုပ်စုများလို့သာ မကြောင်တာပေါ့။ ယောင်တောင်တောင်နဲ့ အရှေ့လှောက်ရင်ကောင်းမလား။ အနောက်လျှောက်ရင်ကောင်းမလား။ ဟော.. ကောင်မလေးကားပေါ်ကဆင်းလာပြီး ရေသန့်ဘူးနဲ့ ယပ်တောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ တော်တော်ဥစ္စာခြောက်တဲ့ ကောင်မလေးဗျ။ လမ်းထိပ်ဘက်ကို သူ့သူငယ်ချင်းနဲ့ နှစ်ယောက်တွဲပြီး ထွက်သွားတယ်။ ကျွန်တော်လည်း အဲဒီဘက်ပြန်ရမယ်ဆိုတော့ မယောင်မလည်နဲ့ လိုက်သွားမိတယ်။
ခေါင်းထဲမှာ ဘာအတွေးမှ မရှိဘူး။ တစ်ခုပဲ အမေမျှော်နေလောက်ပြီ။ ကျွန်တော်လိုက်ပို့တဲ့ နာရေးကားတွေနဲ့ နာရေးလိုက်ပို့တဲ့လူတွေ ပြန်ရောက်လာပြီး ကျွန်တော်ပြန်မရောက်လာသေးတော့ မျှော်နေလောက်ပြီ။ ကောင်မလေးနှစ်ယောက်ကလည်း ခြေလှမ်းတွေက တွန့်ဆုတ်တွန့်ဆုတ်နဲ့ နှေးနေသလိုပဲ။ ကိုယ့်မြို့နယ်ထဲ ကိုယ်ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်လည်းစိတ်အေးရပြီ။ ရပ်ကွက်တစ်ခုခြားဆိုတော့ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်လိုက်ရင်….
“ရော့ ရေသန့်ဘူးလေး တစ်ဘူးလောက်နဲ့ ဖြစ်နေတာ အသည်းအသန်ပဲ”
ကောင်မလေးနှစ်ယောက်က လမ်းလျှောက်တာနှေးလွန်းလို့ကျော်အတက်မှာ ရေသန့်ဘူးက ကျွန်တော့်ရှေ့ရောက်လာတယ်။ ရေသန့်ဘူးကိုင်ထားတဲ့လက်က ကျွန်တော့်ကို တားထားသလိုကြီး အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း လန့်သွားတယ်။ မလန့်နေနိုင်မလား ခုလောလောလတ်လတ် ရေဝေးကပြန်လာတဲ့လူကို အခုလိုဗြုန်းခနဲလုပ်လေတော့ ကျွန်တော်မို့လို့ တခြားလူဆိုရင် ဗြုန်းခနဲသေလောက်တယ်။ (ရှာကြံကြွားရတာပေါ့) ဘာပဲပြောပြော မှားတော့မှားနေပါပြီ။
“မယူပါဘူး။ ဘာလုပ်ရအောင် ယူရမှာလဲ။ အစကတည်းက ရေသန့်ဘူးယူမလို့ မဟုတ်ပါဘူးဆိုတဲ့ဟာကို”
“ဒါဆိုဘာလုပ်တာလဲ”
“လိပ်စာကြည့်တာ.. ရေသန့်ဘူးအောက်ကယပ်တောင်မှာရေးထားတဲ့ လိပ်စာကိုကြည့်နေတာ”
“လိပ်စာ၊ လိပ်စာက ဘာလုပ်ရအောင်လဲ။ နေပါဦး ရှင်ကရော အဲဒီယပ်တောင်နဲ့ ရေသန့်ဘူးမရဘူးလား။ အဓိပ္ပါယ်မရှိတာ မပြောနဲ့နော်”
သြော်.. လူကိုမေးလား မြန်းလားနဲ့။ လာရစ်နေတယ်။ ရွဲ့လိုက်ဦးမယ်။ သိတယ်မဟုတ်လား မောင်ကောင်းတို့ ရစ်ပြီဆိုရင်….
“အဲဒါကိုရှင်းပြရရင် အရှည်ကြီးပဲ။ အဓိက ကတော့ ခင်ဗျားဘယ်မှာနေလဲသိချင်လို့”
“ဘာ”
“ဟုတ်တယ်။ အမှန်အတိုင်းပြောရရင် ကျုပ်ကဒီနာရေးကို လိုက်ပို့တဲ့လူမဟုတ်ဘူး။ ခင်ဗျားတို့ရှေ့က နာရေးကိုလိုက်ပို့တာ။ ခင်ဗျားကိုတွေ့လို့ စိတ်ဝင်စားလို့”
စာသားတွေက ကြိုတွေးထားတာမဟုတ်ပေမယ့် ပါရမီအခံပါလို့ဖြစ်မယ်။ ချောနေတာပဲ။ သူငယ်မလေး ရုတ်တရက် ဘာပြန်ပြောရမှန်မသိဘူးဖြစ်နေတယ်။ ကျွန်တော်ကတော့ လစ်ပြီ။ မလစ်လို့လည်းး မရဘူးလေ။ သူများရပ်ကွက်ကြီးမှာ စိတ်ထင်ရာလျှောက်ပြောပြီး အဖြေပြန်လာတဲ့အထိစောင့်နေလို့ကတော့ ကမ္ဘာမှာကျွန်တော့်ထက်မှားတဲ့လူရှိဦးမှာလား။ ဒီတော့ မှားတာတွေ နောက်မှထား။ ခုတော့ လစ်ပြီ။
မနက်ခင်းမှာ လမင်းမပျောက်သေးဘူး။ ဟိုး… အနောက်ယွန်းယွန်းမှာ ရေးရေးကလေး။ တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဘယ်ခေတ်ဘယ်အခါကတည်းက အမြစ်မြဲခဲ့တာလည်း မသိ။ ကျွန်တော်တို့အရွယ်ရောက်ချိန်မှာတော့ ရိုးရာဖြစ်နေပြီ။ အခုလည်း ရိုးရာကိုမပစ်ပယ်သင့်တာနဲ့ ကျွန်တော်တို့အဖွဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတယ်။
“ညကပွဲဘယ်လောက်နဲ့ ပြီးသွားလဲ” (နေမင်းသူရိန်)
“မင်းသိချင်ရင် ဂျာနယ်ဝယ်ဖတ်ပါလား” (ကျွန်တော်)
“မင်း… မကြည့်ဘူးလား” (ကိုကျော်ဇင်ဦး)
“မကြည့်ဘူး ကိုရီးယားလောက်မှ မချောဘဲ” (ကျွန်တော်)
“လှတာမက် ညစာခက် အဟက်.. အဟက်” (မောင်ဖုန်း)
ဘာမှမဖြစ်ကြဘူး။ ဒီလောက်နဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ဗွေမယူကြတာ။ လူငယ်တွေပဲ။ နောက်မယ်။ ပြောင်မယ်။ လောင်မယ်။ ဒီလိုနဲ့ပဲ တိုးတက်မှုတွေက ရှေ့ဆက်သွားကြတာ မျက်မြင်ပဲလေ။ အဲဒီလူငယ်တွေမှ ခေတ်ကိုဆက်လက်မထမ်းပိုးရင် အချိန်မှန်လည်နေတဲ့ ကမ္ဘာကြီးရပ်တန့်သွားလောက်တယ်။
“တစ်ယောက်တော့ တွေ့ထားတယ်” (ကျွန်တော်ပြောတဲ့စကား)
“ဘယ်လောက်တဲ့လဲ” (နေမင်းသူရိန်အသံ)
“ဘာကွ” (ကျွန်တော်)
ဒီတစ်ကြိမ်တော့ တော်တော်တင်းသွားပြီ။ ကိုယ့်ရင်ထဲမှာ ပိုးမွေးသလို နုထွေးထားရတာကို ဈေးစကားပြောရတဲ့ အတန်းအစားထဲထည့်ပြီးတော့….
“ဟေ့ကောင် ငတိုး ငါ့ကိုနှိပ်ကွပ်ချင်တာနဲ့ တစ်ဘက်သားရဲ့ ဂုဏ်သိက္ခာကိုတော့ မချိုးဖဲ့နဲ့ကွာ.. ငါနဲ့လည်း အစစ်အမှန်ကြီး ပက်သက်သေးတာမဟုတ်ဘူး”
“ဟာ… သူငယ်ချင်းတို့ရေ… ဒီကောင်ဘာတွေပြောနေတာလဲ။ ငါက ဘောလုံးသမားအပြောင်းအရွှေ့ဈေးအကြောင်းပြောနေတာ။ ပေါ်ပြီဟေ့ကောင်တွေ။ ဒီကောင် ငကောင်းမှာ ငါတို့ကို အသိမပေးထားတာတစ်ခုခုတော့ ရှိနေပြီ” (နေမင်းသူရိန်)
မှားတာ.. ကျွန်တော်မှားတာ။
ကျွန်တော်အတိတ်ကောက်မှားတာနဲ့ ကွင်းလုံးကျွတ်ပေါ်မယ့်ကိန်းဆိုက်နေပြီ။ တကယ်တော့လည်း ဒီလိုကိစ္စမျိုးတွေက သူငယ်ချင်းတွေကြားစဉ်းစားတာ အကောင်းဆုံးလေ။
“ဒီလိုကွ… ကောင်မလေးတစ်ယောက်တွေ့ခဲ့တယ်ကွာ” (ကျွန်တော်)
“ဟ လုပ်စမ်းပါဦး စိတ်ဝင်စားတယ်။ ဒီလိုခေါင်းစဉ်မျိုးက ငါတို့လို လူပျိုလေးတွေနဲ့ အလိုက်ဖက်ဆုံး။ ဘယ်မှာတွေ့ခဲ့တာလဲ” (ကိုကျော်ဇင်ဦး)
“ရေဝေးမှာ” (ကျွန်တော်)
“ဂင်” (တစ်ဝိုင်းလုံး)
တစ်ဝိုင်းလုံး အီစိမ့်သွားတယ်။ ချစ်မှုရေးရာမှာ အကွက်ဆန်းလေးတွေနဲ့ လန်းနေသင့်တာပေါ့။ ဒါပေမယ့် ရေဝေးဆိုတဲ့ ဇာတ်လမ်းအစနေရာမှာတင် ဟိုကောင်တွေ ကြက်သီးဖြန်းသွားတယ်။
“ဂျွန် အဲဒီလောက်ထိ ဇာတ်နာအောင်မလုပ်ရဘူးလေကွာ” (မောင်ဖုန်းအသံ)
“လုပ်စမ်းပါဦး နည်းနည်းလောက် အကျယ်ချဲ့စမ်းပါဦးကွာ။ မင်းပြောတဲ့ပုံက ရင်တုန်ပန်းတုန်ရှိလိုက်တာ” (ကိုကျော်ဇင်ဦးအသံ)
“နာရေးလိုက်ပို့ရင်းနဲ့ ရေဝေးမှာတွေ့တာလို့ပြောတာပါဗျာ။ နေတာကတော့ ဟိုဘက်တစ်ရပ်ကွက်ကျော်မှာ ဖြစ်ဖို့များတယ်” (ကျွန်တော်)
“ဟိုဘက်တစ်ရပ်ကွက်ကျော်က ပြော ငါ့ကို၊ အဲဒီရပ်ကွက်ထဲမှာ သုံးနှစ်လောက် ကျူရှင်တက်လာတာ အိမ်မှာမွေးထားတဲ့ခွေးနာမည်က အစသိတယ်” (မောင်ဖုန်း)
“သဇင်နဲ့ တူတယ်ဗျ၊ သူ့သူငယ်ချင်းတစ်ယောက်ခေါ်သံကြားရတာတော့ သဇင်ဆိုလားပဲ” (ကျွန်တော်)
“သိတယ် သိတယ် အရပ်ရှည်ရှည် အသားညိုညိုနဲ့လေ ဟုတ်တယ်မှုတ်လား” (မောင်ဖုန်းအသံ)
“ဒီလောက်ကြီး မညိုဘူးထင်တယ်။ ဖြူဆွတ်နေတာ မဟုတ်တောင် ၀င်းဝင်းကလေးလားလို့” (ကျွန်တော်)
“ကြည့်စမ်း ကြည့်စမ်း ချစ်တဲ့စိတ်များ ဘယ်လောက်ဆန်းကြယ်သလဲဆိုတာ၊ ညိုတာတောင် သူ့မျက်လုံးထဲမှာ ၀င်းဝင်းကလေးဖြစ်နေရတယ်လို့၊ အေးပေါ့လေ ချစ်တဲ့စိတ်နဲ့ ကြည့်ရင် အရာရာလှတယ်လို့တောင် ဆရာတော်ဘုရားတွေ ဟောထားသေးတာပဲ” (မောင်ဖုန်း)
“မောင်ဖုန်း ခင်ဗျားဘာသား ဘုန်းကြီးကျောင်းနားနေတာက နေတာပဲ ။ သံဝေဂတေးတွေ လာရွတ်ပြမနေနဲ့။ ခင်ဗျားနဲ့ သိလား ရှင်းရှင်းပြော” (ကျွန်တော်)
“သိတာပေါ့ကွာ၊ အခုအသစ်ဆောက်နေတဲ့ အိမ်ကြီးမှာနေတယ်။ အောင်တာကတော့ ငါတို့အရင်တစ်နှစ်က အောင်တာ။ အခုကလေးတွေကို ကျူရှင်ပြနေတယ်” (မောင်ဖုန်း)
ကိုဖုန်းရဲ့ သတင်းက ခိုင်မာလွန်းနေတယ်။ ကျွန်တော်လည်း အတွေးကို စားမြုံ့ပြန်သလိုချိန်ဆကြည့်ရတယ်။ သူမဟန်ပန်လေးက ကလေးတွေရဲ့ ဆရာမရုပ်ပေါက်နေသလား၊ ဖြစ်တော့ဖြစ်နိုင်တယ်။ စတွေ့တုန်းက ကျွန်တော့်ကို အပီကောတာကိုပဲကြည့်။ လက်ဝါးဖြန့်စမ်း ဆိုပြီးတော့ ပေတံနဲ့ မရိုက်တာပဲ ကျန်တော့တယ်။ ဖြစ်နိုင်တာပေါ့။ သိပ်ဖြစ်နိုင်တယ်။ ဒီတစ်ခါတော့ မမှားတော့ဘူးထင်ပါရဲ့။
“ကိုဖုန်းတို့ မြန်မြန်သောက်ဗျာ အဲဒီဘက်ကို ချီတက်ရအောင်” (ကျွန်တော်၏၀ိုင်းသိမ်းစကား)
မကောင်းတာကတော့ မကောင်းဘူးပေါ့။ မိန်းကလေးတစ်ယောက်အတွက်နဲ့ ယောက်ျားလေးအုပ်စုလိုက်ကြီး ချီတက်လာတာကို ကျွန်တော်ရယ်၊ မောင်ဖုန်းရယ်၊ ကိုကျော်ဇင်ဦး၊ နေမင်းသူရိန်တို့။ အောင်ကျော်ဆက်ကိုတော့ မခေါ်တော့ပါဘူး။ သူ့ဇာတ်ညွှန်းတွေ ကြောက်လွန်းလို့။
လမ်းထိပ်ရောက်လာပြီဆိုမှတော့ သတင်းအရင်းအမြစ်သမား မောင်ဖုန်းကို ရှေ့ဆွဲထုတ်။
“ဘယ်အိမ်လဲ မောင်ဖုန်း” (ကျွန်တော်)
“လေးအိမ်မြောက်” (မောင်ဖုန်း)
“ဘယ်လား… ညာလား” (နေမင်းသူရိန်)
“အဲ… အဲဒါတော့” (မောင်ဖုန်း)
ဒီအတိုင်းတပ်ခေါက်ပြန်ရတော့မယ့် ကိန်းဆိုက်နေပြီ။ လျှောက်လာရတဲ့ ခရီးကလည်း နီးမှ မနီးဘဲ။ ဒီလိုကြီးတော့ လက်လျှော့မပြန်နိုင်ပေါင်။ အနည်းဆုံးတော့ ကောင်မလေးကို လှမ်းမြင်ပြီးမှ ပြန်လာမယ်။ လောလောဆယ်တော့ ဘယ်လား ညာလားဆိုတာကို ကံစမ်းရမယ့် အခြေအနေ။
“ဟိုကောင် ငတိုး၊ မင်းကလူကောင်သေးတယ် တီးကွာ” (ကိုကျော်ဇင်ဦး)
“ကိုကျော်ဇင်ဦး စကားကြီးကလည်း ဘာကြီးလဲ ကြက်သီးထစရာကြီး” (နေမင်းသူရိန်)
“အာ မင်းကို ဟိုအိမ်ရှေ့က ဘဲလ်တီးခိုင်းနေတာ” (ကိုကျော်ဇင်ဦး)
“လုပ်ပါကွာ ကိုဖုန်းက ဘယ်ကနေထွက်လာလဲကြည့်” (ကျွန်တော်)
အင်း မှားတော့မှားနေပါပြီ။ ဘယ်နေရာ ရောက်မှ မှားမှန်းသိကြမယ်မထင်။ အကုန်လုံးက မွှန်နေတာကိုးး။
နေမင်းသူရိန်က ခေါင်းလောင်းသွားတီးတယ်။ မောင်ဖုန်းက ခြံရှေ့မှာ မိန့်မိန့်ကြီး။ ကျွန်တော်နဲ့ ကိုကျော်ဇင်ဦးရယ်က ခြံစည်းရိုးအုတ်တိုင် တစ်ယောက်တစ်တိုင်ကွယ်ထားတယ်။ ကျွန်တော်ကတော့ ကောင်မလေး ကျွန်တော့်ကိုမြင်ရင် အခြေအနေတစ်မျိုးပြောင်းသွားမှာစိုးလို့။ ကိုကျော်ဇင်ဦးကတော့ လုပ်စရာမရှိလို့ ၀င်ပုန်းတာ။
“အေး ငါတို့ဝင်ခဲ့မယ်နော် ကိစ္စလေးရှိလို့” (မောင်ဖုန်း)
ကိုဖုန်းအသံကြီးက ၀မ်းသာလုံးဆို့နေတဲ့အသံမျိုး။ မီးစင်ကြည့်ကရမယ်ဆိုတာ ဒီဇာတ်မျိုးကိုပြောတာ။ သတ်သတ်မှတ်မှတ် ဇာတ်ညွှန်းရေးတတ်တဲ့ အောင်ကျော်ဆက်လို အကောင်လည်းပါမလာ။ ဒီတော့ ဇ၀နဉာဏ်လိုတယ်ဆိုပါတော့.။
“နေဦးကိုဖုန်း ဘယ်လိုအစီအစဉ်ရှိလဲ ကြိုညှိသွားရအောင်” (ကျွန်တော်)
“အေး နားထောင်ပြောပြမယ် ကိုကျော်ဇင်ဦးနဲ့ ငတိုးနဲ့က ဒီမှာစောင့်နေ၊ ငါနဲ့ မင်းနဲ့က အထဲဝင်မယ်” (မောင်ဖုန်း)
“အဲဒါက ဟုတ်ပါပြီ ဘာတွေပြောမလဲ” (နေမင်းသူရိန်)
“အေး ဆက်နားထောင် ဟီးး။။။ ကြုံသလိုပေါ့ကွာ ဟိုကောင်မ သဇင်ရှိနေတာပဲ။ မင်းပါလာရင် သူ့ဟာသူခွင်ဆင်သွားလိမ့်မယ်။ အ၀င်ကတော့ မူလတန်းကလေးတစ်ယောက်ကို စာသင်ပေးနိုင်မလား ဘာညာပေါ့ကွာ” (မောင်ဖုန်းလေသံနှင့် အသုံးအနှုန်းများအတိုင်းရေးပါသည်)
“ဟုတ်ပြီ ဆက်လုပ် ရဲဘော်” (ကိုကျော်ဇင်ဦး)
မှားတာ… မှားတာမှ အကုန်လုံးမှားတာ၊ အကြီးကြီးမှားတာ။ မောင်ဖုန်းခေါ်သွားတဲ့ သဇင်ဆိုတာက ရေဝေးမှာတွေ့ခဲ့တဲ့ကောင်မလေးမှ မဟုတ်ဘဲ။ ရှည်ရှည်ကိုင်းကိုင်း၊ မဲမဲသဲသဲကြီး၊ ပါဝါမျက်မှန်ပုလင်းဖင်လောက်နဲ့။ ကျွန်တော်ပြန်ပြေးချင်နေပြီ။ မောင်ဖုန်းကတော့ နောက်လှည့်မကြည့်ဘဲ ကျွန်တော့်လက်ကို ဆွဲထားရင်း စွတ်ဆက်တင်နေပါတော့တယ်။
“နင်ဒီကောင့်ကို သိတယ်မဟုတ်လား၊ သိတယ်တော့ လုပ်လိုက်ဟာ၊ အဟဲ…ဟဲ… ဒီလိုဟာ သူ့တူမလေးတစ်ယောက်ကို စာသင်ပေးနိုင်မလားလို့ပါ။ ဖြစ်တယ်မဟုတ်လား၊ ဖြစ်တယ်တော့လုပ်လိုက်ပါဟာ၊ ဟုတ်တယ်မို့လား အဟားဟား၊ ငါသိပါတယ်၊ ဟေ့ကောင် ဂျွန်ကောင်း ပြောလေကွာ၊ ငါ့ခေါ်လာပြီး မင်းကရှက်နေပြန်ပြီ၊ လုပ်… လုပ် ငါကကြားပွဲစား ဟုတ်တယ်မို့လား၊ အဟား…. ဟားး” (မောင်ဖုန်း)
“မဟုတ်ဘူး” (ကျွန်တော်)
“ဟုတ်ပါတယ်၊ ဟေ့ကောင် ရှက်မနေနဲ့၊ ငါနဲ့က ဘော်ဒါရင်းတွေ အားလုံးအေးဆေး….အငြိမ်း…. လုပ်….လုပ်….. ကိုယ့်ကိစ္စကိုယ်ပြောကြ” (မောင်ဖုန်း)
(မောင်ဖုန်းရေးနည်းအတိုင်း Dot များများလိုက်ထည့်မိသည့်အတွက် ခလုတ်ပါပျက်သွားပါပြီ မောင်ဖုန်းရေ အသစ်တစ်လုံး ဤကား စကားပြားချပ်ချပ်)
“ဟိုဟာ.. ကျွန်မက ကလေးလေးသေးသေးလေးတွေ မပြတော့ဘူးပါဘူး” (သဇင်ဆိုသော အမျိုးသမီး)
“ဟေ…. ဒါဆို နင်က လူကြီးတွေ လိုက်ပြနေတာပေါ့….. ဟုတ်လား” (မောင်ဖုန်း)
“ဟာ.. ကိုဖုန်း… လွဲကုန်ပြီ ဒီကဘယ်သူ မသဇင် ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ ကျွန်တော့်တူမလေးက အခုမှ သူငယ်တန်းပဲရှိသေးတာမို့ အတန်းကြီးမှပဲ ပြန်လာခဲ့ပါ့မယ်။ လာ… လာသွားမယ် ကိုဖုန်း” (ကျွန်တော်)
ကိုရီးယားထဲကလို ဆယ်ငါးဆယ်လောက်ခါးချိုးပြီးတောင်းပန်ရတာပေါ့။ ကိုယ့်ဘက်က မှားနေတာမှ အကြီးကြီးမှားနေတာကိုး။ ဒါကိုလက်ကုတ်လည်းမရ။ မျက်မှောင်ကျုံ့လည်း မကြည့်။ မောင်ဖုန်းလုပ်ပုံက ကြာရင် ပြေးပေါက်မှားလောက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောချလို့မဖြစ်နိုင်။ ကြည့်ပါဦးဗျာ။ ဟိုကအဖြူ၊ ဒီကအမည်း။ ဟိုကအသည်း၊ ဒီက သွားကျဲ။
“ကိုဖုန်းက အသားကုန်စွတ်တင်နေတယ် အဲဒါကျွန်တော်ပြောတဲ့ ကောင်မလေးမှ မဟုတ်တာ” (ကျွန်တော်)
“မဟုတ်ဘူးလား” (မောင်ဖုန်း)
“မဟုတ်ဘူး။ ခွီးမှပဲ၊ ဟိုတစ်ယောက်ကလည်း သဒ္ဒါတောင် မကျေဘဲ ဆရာမလုပ်ချင်သေးတယ်။ ဟီ ဟိ.. ကျွန်မက ကလေးသေးသေးလေးတွေ မပြတော့ဘူးတဲ့။ ကိုယ့်စကား ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ” (ကျွန်တော်)
“ဟီးး… မင်းကို ရုတ်တရက် ပစ်ကျသွားလို့ ဖြစ်ချင်ဖြစ်မှာပေါ့” (ကိုဖုန်း)
“နေပါ ကိုယ့်ဟာကို ဆားနဲ့ပဲစားပါတော့မယ်” (နေမင်းသူရိန်ပြောနေကျစကားကို ကျွန်တော်ယူသုံးပါသည်)
အမှားတွေ တပွေ့တပိုက်ကြီးနဲ့ ခြံရှေ့ပြန်ထွက်ခဲ့တယ်။ ဒါပေမယ့် သစ္စာရှိလှတဲ့ ကိုကျော်ဇင်ဦးနဲ့ နေမင်းသူရိန်က မတွေ့တော့။ လမ်းထိပ်က အအေးဆိုင်မှာ ငုတ်တုတ်လေး။ကျွန်တော်တို့ကို တွေ့တော့ လက်မထောင်ပြတယ်။ အောင်မြင်ခဲ့လားဆိုတဲ့ သဘော။ ကျွန်တော်တို့လည်း စစ်ကနက်ပြန်ပြလိုက်တယ်။ ခေါင်းလေးတွေ လေးလေးတွဲတွဲခါပြီး အောင်မြင်စွာ ဆုတ်ခွာခဲ့ရပြီပေါ့။
“နေပါဦး ခင်ဗျားတို့ ဘယ်နှယ့်နေပြီးတော့ ခြံရှေ့ကနေ ဒီရွေ့လာတာလဲ” (ကျွန်တော်)
“ငါတို့က အသည်းနုတော့ သွေးထွက်သံယိုတွေ မကြည့်ရဲလို့ပါကွာ” (နေမင်းသူရိန်အသံ)
“မင်းတို့ မအောင်မြင်ပေမယ့် ငါတို့တော့ ရည်ရည်လည်လည်ခံစားလိုက်ရတယ်ကွာ စောစောကလေးကမှ ဟိုဘက်အိမ်ကထွက်လာတာ ငါတို့နှစ်ယောက်ဝိုင်းရှိတ်လိုက်တာပေါ့ ဘယ်ရမလဲ တကယ့်အလန်းကွာ။ အမြှီးမြင်ရုံလောက်နဲ့ မင်းတို့ ခါထွက်သွားနိုင်တယ်” (ကိုကျော်ဇင်ဦး)
“ဘယ်မှာလဲ” (မောင်ဖုန်း)
ဒါမျိုးကျတော့ မောင်ဖုန်းတို့က မြန်တယ်။ ဒါရိုက်ရှင်က ချက်ချင်းပြောင်းသွားရတယ်လို့။ စောစောကလေးကမှ ကုလားမကြီးအပေါ် အတင်းလှော်ပြီး အခုတော့လည်း အလန်းဆိုတာနဲ့ ချော်ထွက်သွားပြန်ပြီ။
“ဟိုမှာလေ…. ကားလမ်းဘက်နားမှာ” (ကိုကျော်ဇင်ဦး)
“ဟာ… အဲဒါ.. အဲဒါ.. လိုက်… လိုက်” (ကျွန်တော်)
ကျွန်တော်က ဦးဆောင်ပြီး ရှေ့ကပြေးထွက်သွားတော့ နောက်မှာ တပြုံတမကြီးနဲ့ ၀ရုန်းသုန်းကား။ သူများရပ်ကွက်ထဲမှာ လိုက်… လိုက် ဆိုတော့ ခါးပိုက်နှိုက်လားပေါ့။ လူတွေကလည်း ကူညီတတ်ပါတယ်။ တုတ်ဆွဲ… ဓားဆွဲ…..။
“မောင်ကောင်း….. အဲဒီကောင်မလေးကိုပြောတာလား” (မောင်ဖုန်းအသံ)
“အင်း… ဟုတ်တယ်” (ကျွန်တော်)
“ရေဝေးမှာ ဆုံခဲ့တယ်ဆိုတာလေ” (နေမင်းသူရိန်)
“ဟုတ်ပါတယ်ဆိုကွာ” (ကျွန်တော်)
“ဆောရီးကွာ… ငါတို့က မသိလို့” (ကိုကျော်ဇင်ဦး)
“ရပါတယ်ဗျာ.. ဒါတွေနောက်မှမေး ခုတော့ မှီအောင်လိုက်” (ကျွန်တော်)
ပြေးရင်းတစ်ဖက် လာစပ်စုနေတာမို့ ကျွန်တော်သည်းမခံနိုင်စွာနဲ့ စကားစဖြတ်လိုက်တယ်။ ဟုတ်တယ်လေ.. ခင်ဗျားတို့ပဲစဉ်းစားကြည့်။ လူက နဂိုတည်းက ဆေးလိပ်သောက်တတ်လို့ အမောမခံနိုင်ပါဘူးဆိုမှ..။ သူတို့က စကားလာရှည်နေတယ်။ ပြီးတော့ သူတို့လည်း မောနေတာပဲ.. အကုန်လုံးက ဆေးလိပ်သောက်တတ်ကြတာကိုးး။ ဆေးလိပ်မသောက်တတ်တဲ့ မောင်ဖုန်းဆိုတာကလည်း ရောဂါသည်။
ကျွန်တော်တို့ အပြုံတမကြီး ပြေးသံကြောင့် ကောင်မလေးနှစ်ယောက်က လှည့်ကြည့်တယ်။ ရုတ်တရက်ပဲ ကျွန်တော်တို့ ရပ်လိုက်တယ်။ မရပ်လို့မရတော့ဘူး ကောင်မလေးနှစ်ယောက်ကလည်း ဆက်မသွားတော့ဘဲ ရပ်လိုက်တယ်လေ။ ပြီးတော့ ကျွန်တော့်ကောင်မလေး (ဟီး) က ကျွန်တော်တို့ဘက်ကို ကြည့်ပြီးတော့ လက်ယက်ခေါ်တယ်။
“ငါ့ကိုခေါ်တာလားမသိဘူး” (နေမင်းသူရိန်)
“မင်းကိုခေါ်တာဖြစ်မလား။ ခေါ်မယ့်ခေါ်သူနဲ့ ပက်သက်တဲ့ ငကောင်းကိုခေါ်တာဖြစ်မှာပေါ့” (ကိုဖုန်း)
ဟုတ်တာ မဟုတ်တာထား။ သူ့နဲ့ပက်သက်တဲ့ ဆိုတဲ့ စကားနဲ့တင် ဘ၀င်လေခိုက်သွားတယ်။ ကျွန်တော်လည်း သဘောပေါက်စွာနဲ့ ကောင်မလေးရဲ့ စက်ကွင်းထဲ တိုးဝင်သွားလိုက်တယ်။ ကြောက်တာပေါ့။ ရည်ရွယ်ချက်တစ်ခုခုရှလို့သာ ဒီလိုလမ်းမျိုးခင်းပေးတာဖြစ်မယ်။
“တပြုံတမကြီးနဲ့ နင်ဘာတွေ လျှောက်လုပ်နေတာလဲ နင်မရှက်ပေမယ့်ငါရှက်တယ်နော်” (သူမ)
တစ်လုံးတည်းနဲ့ ပစ်ကျွေးလိုက်တာ။ ကျွန်တော်ဆိုတဲ့ကောင်ကတော့ ကြိုးဝိုင်းထောင့်မှာ ကားခနဲ။ လောလောဆယ် ဘာမှပြန်မပြောနိုင်သေးဘူး။ သူမရှေ့မှာ ကိုယ့်ဖိနပ်ကို ဆယ်ခါလောက်ပြန်ကြည့်ရင်း ရှက်နေတယ်။ ကားမှတ်တိုင်နားမှာဆိုတော့ သူမလည်း ရှက်နေရှာမပေါ့။ ဒီအချိန်မှာ…
“သွား… နင်ပြန်တော့” (သူမ)
“ဒီတိုင်းကြီးပြန်လို့တော့ မဖြစ်ဘူးထင်တယ်” (ကျွန်တော်)
“ဘာ” (သူမ)
“ဖြည်းဖြည်းအော်ပါဟ လူတွေဝိုင်းကြည့်နေတာ ရှက်စရာကြီး။ ငါက အဝေးကြီးက လာရတာပါဟာ” (ကျွန်တော်)
“သြော်.. ဟုတ်တယ် ငါကတော့ မရှက်ရဘူး။ နေပါဦး အဝေးကြီးကဆိုတော့ ဘယ်ကလာရတာမို့လို့လဲ” (သူမ)
“ဟိုဘက်ရပ်ကွက်က” (ကျွန်တော်)
ကောင်မလေးနည်းနည်းပြုံးလာတယ်။ ပြီးတော့ ဆက်ပြောတယ်။
“ ဟိုဘက်ရပ်ကွက်ကလာတာတောင် အဖော်က သုံးယောက်လောက်ပါတယ်။ သြော် တော်တော်သနားစရာကောင်းတာပဲနော်။ ကျွတ်… ကျွတ်” (သူမ)
“မငေါ့ပါနဲ့ဟာ… ငါ့မှာ ဒုက္ခတွေ တနင့်တပိုးကြီးတွေနဲ့ နင်တို့ရပ်ကွက်ထဲက အသားမည်းမည်းနဲ့တစ်ယောက် ကိုတောင် နင်နဲ့မှားပြီး” (ကျွန်တော်)
“ဘာ” (သူမ)
“ဟုတ်တယ်….. သဇင်ဆိုတဲ့ တစ်ယောက်ကို နင်နဲ့ မှားပြီးတော့ သူ့အိမ်ရောက်တော့မှ.. သြော်ဒါနဲ့… နင့်နာမည် ဘယ်လိုခေါ်လဲ” (ကျွန်တော်)
“ဘုရား.. ဘုရား…. ဒီဟာမျိုးနဲ့မှ မှားစရာလား။ အလကား သူ့ကိုယ်သူ ဆရာမဆိုပြီးတော့ ဂိုက်ပေးကြမ်းနေတဲ့ မိန်းမ.. နင်ကလည်းဟယ် သူနဲ့မှ စပ်စပ်ယှက်ယှက်” (သူမ)
တွေ့လား.. မိန်းကလေးတွေများ အတင်းပြောရမယ်ဆိုရင် ကိုယ့်ကို ရည်းစားစကားပြောနေတဲ့ လူနဲ့တောင် အတင်းပြောပစ်တာ။
“အာ… ငါသူနဲ့ မစပ်ယှက်ပါဘူး… ဒုက္ခပါပဲ.. ငါက သူနဲ့ ပါးပါးလေးမှားသွားတာပါ ပြီးတော့ ချက်ချင်းပြန်ထွက်လာတယ် အဲဒီမှာ နင်နဲ့တွေ့တာ” (ကျွန်တော်)
“အဲဒီတော့” (သူမ၏ ချောင်ပိတ်မေးခွန်း)
“အဲဒီတော့” (ကျွန်တော်၏ ရှေ့ဆက်လမ်းမဲ့နေသော သံယောင်စကား)
ကျွန်တော်လည်း ဘာပြန်ပြောရမလဲမသိတော့ဘူး။ ရည်ရွယ်ချက်က စီပြီးစဉ်ပြီးအဆင်သင့်မှ မရှိတာ.. တည့်တည့်တင်းတင်းမေးလာတော့ နောက်က ကိုယ့်အဖွဲ့ကိုပြန်ကြည့်မိတယ်။ စစ်ကူးတောင်းတဲ့သဘောပေါ့။ ဘော်ဒါတွေက မေးဆတ်ပြတယ်။ အဓိပ္ပါယ်က ဆက်လုပ်။ ခွီးမှပဲ ။ ဘာကိုဆက်လုပ်ရမှာလဲ။ ဒီမှာ သေချင်နေပြီ။
“နင့်ကို လိုက်ပို့ပေးမယ်လေ” (ကျွန်တော့်ရဲ့ ပြောမိပြောရာ)
“နေပါ။ နင်နဲ့တွဲပြီး လမ်းထဲဝင်ရမှာရှက်လွန်းလို့ သွားပြီ.. မှတ်ထား ငါ့နာမည် သံစဉ်.. မေသံစဉ်” (သူမ)
“သြော် သံစဉ်လား အေးလေ သဇင်နဲ့ နည်းနည်းကာရန်လိုက်တော့ မှားမိတာပေါ့. ရပါတယ် နင့်မျက်နှာတွေ့ရတာပဲ ကျေနပ်လှပါပြီ။ နင့်စကားကို နားထောင်တဲ့ အနေနဲ့ ပြန်တော့မယ် ဟေ့ကောင်တွေ ပြန်မယ်” (ကျွန်တော်)
“သေနာခြောက်” (ဘော်ဒါများ)
နောက်တစ်နေ့…..။
ဒီနေ့လည်း ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်။ ကိုဖုန်းကနေတဆင့် မေသံစဉ်ရဲ့ ဖုန်းနံပါတ်က အစ၊ ဘယ်သွားတတ်တယ်။ ဘာကြိုက်တယ်ဆိုတာအထိ သိခဲ့ပြီ။ ဒီတော့ ကျွန်တော်ဆက်လုပ်ရမှာက…
“ကိုကျော်ဇင်ဦး ဖုန်းခဏပေးစမ်းပါ” (ကျွန်တော်)
“ဘာလုပ်မလို့လဲဟ ပိုက်ဆံသိပ်မကျန်တော့ဘူးနော်” (ကိုကျော်ဇင်ဦး)
“ခဏလေးပါဗျာ.. ဘယ်လောက်မှ မကြာစေရဘူး” (ကျွန်တော်)
“ကြည့်ကျက်တော့ လုပ်နော် မောင်ကောင်း” (ကိုကျော်ဇင်ဦး)
“ကိုဖုန်း ဖုန်းနံပါတ်ပြန်ပြော…” (ကျွန်တော်)
“01-620***” (မောင်ဖုန်း)
ဆိုင်ရှေ့ထွက်ပြီးတော့ ဖုန်းနံပါတ်နှိပ်လိုက်တယ်။
“တူ………..တူ…………တူ…………”
“ဟဲလို” (တစ်ဖက်မှ)
“ဟဲလို…. ဟုတ်ကဲ့ပြောပါ”
ဖုန်းဆိုတဲ့ဟာကြီးကို ခုမှပြောဖူးတာဆိုတော့ ကျွန်တော်လည်း ကြောက်တာပေါ့။ ဒီတော့ပြောမိပြောရာတွေ ပြောကုန်ရော။
“ဟုတ်ဘူးလေ.. မင်းက ဖုန်းဆက်တာလေ မင်းပြောပေါ့” (တစ်ဖက်မှ)
“ဟီးးးးး… ဟုတ်လား… ဟုတ်တယ်နော် ကျွန်တော်ခေါ်တာ ဟီးးဟီးး” (ကျွန်တော်)
“ဟေ့ကောင် ပြောကွာ” (တစ်ဖက်မှ)
“ဟီးး ဘာပြောရမှန်းမသိဘူးဗျ ဒီလိုလုပ်ပါလား ဦးလေးအရင်ပြောကြည့်လေ.. ပြီးမှ ကျွန်တော်ပြောတာပေါ့.. ခိခိ” (ကျွန်တော်)
“အာကွာ.. ဖုန်းသရဲတွေနဲ့ လာတွေ့နေတယ် အနှောင့်ပဲ” (တစ်ဖက်မှ)
“ဂေါက်”
တွားပြီ…။ သေတာပဲ။ ဟုတ်ပြီ ဘေးမှာလူတွေရှိရင်တော့ ပြောရဲမှာပဲ။ ကိုဖုန်းတို့နား ပြန်ထိုင်နေလိုက်တယ်။
“ဟေ့ကောင် ဘယ်လိုလဲ” (နေမင်းသူရိန်)
“ငါကွာ………………..”
ဖြစ်ကြောင်းကုန်စင်ကိုပြောပြတော့.. ငနဲသားတွေက ၀ိုင်းပြီးတော့ ဆရာလုပ်ကြတယ်။ ဟိုလိုပြော.. ဒီလိုပြောပေါ့။ ကျွန်တော်လည်း ပြောသမျှကို အင်းလုပ်လိုက် အဲလုပ်လိုက်နဲ့ ဖုန်းထပ်ခေါ်လိုက်တယ်။
“ဟေ့ကောင်ကြည့်လုပ်နော်” (ကိုကျော်ဇင်ဦး)
“ခဏလေးပါဗျာ” (ကျွန်တော်)
“နေဦး” (မောင်ဖုန်း)
“ဘာဖြစ်လို့လဲ” (ကျွန်တော်)
“မင်းစကားမပြောရဲဘူးဆိုရင် အရင်ဆုံးစကားတွေငါတို့ဆီမှာ အရင်ဆိုပြပါလား အကျင့်ဖြစ်သွားတာပေါ့” (မောင်ဖုန်း)
“အန် အဲ့လိုကြီးလား” (ကျွန်တော်)
“အေး ဆိုပြ” (နေမင်းသူရိန်)
“အင်း ဆိုမယ်… ဟိုက ဟဲလိုဆိုတာနဲ့ ကျွန်တော်က မေသံစဉ်နဲ့ ပြောချင်လို့ပါ ဟုတ်တယ်မလား ခင်ဗျားကလည်းဗျာ ကျွန်တော့်ကို ဆရာလာမလုပ်ပါနဲ့” (ကျွန်တော်)
ပြောသာပြောရတာ ကျွန်တော့်မှာလည်း ဒူးခပ်တုန်တုန်ရယ်။ ဒါနဲ့ပဲ…..
“မေသံစဉ်နဲ့ ပြောချင်လို့ပါ.. မေသံစဉ်နဲ့ ပြောချင်လို့ပါ မေသံစဉ်နဲ့ပြောချင်လို့ပါ” ခဏခဏရွတ်နေမိတယ်…။ အင်းရလောက်ပါပြီ ထပ်ဆက်ကြည့်မယ်။
“တူ…..တူ…..တူ…..”
“ဟဲလို” (တစ်ဖက်မှ)
“ဟဲလို သံစဉ်အမေနဲ့ပြောချင်လို့ပါ” (ကျွန်တော်)
“သြော် ဒါဆိုခဏကိုင်ထားနော်”
မှားပြန်ပြီ။ ဒါကြောင့် အမှားတော်ပုံလို့ ပြောရင် မမှားလောက်ဘူးနော်။ မေသံစဉ်နဲ့ ပြောချင်ပါတယ်ဆိုမှ.. သံစဉ်အမေဆိုတော့.. သားမှားပြီ မှားပြီ မေရဲ့.. ဟင့်….။
“ဟဲလို” (တစ်ဖက်)
“ဟဲလို.. ” (ကျွန်တော်)
“ဘယ်သူလဲမသိဘူး အမေမရှိလို့ဘူးရှင့်” (တစ်ဖက်)
အမလေး.. တော်သေးတယ်။ ဒီတစ်ခါတော့ မမှားလောက်တော့ဘူးထင်တယ်။ နည်းနည်းတော့ ရှိန်အောင် ဟောက်လိုက်ဦးမှ။
“ဟဲလို မေသံစဉ်နဲ့ ပြောချင်လို့ပါ” (ကျွန်တော်)
“ဟုတ်ကဲ့ မေသံစဉ်ပါ” (သူမ)
“ကြာလိုက်တာဟာ.. မြန်မြန်မလာဘူး… ဒီမှာဖုန်းဘေလ်တွေ အများကြီးတက်ကုန်တော့မယ်” (ကျွန်တော်)
“ဟဲလို.. ဘယ်သူလဲမသိဘူး” (သူမ)
ဟုတ်သားပဲ။ ကျွန်တော်ကသာ သူ့ကို ဖုန်းတွေဘာတွေဆက်နေတာ သူကကျွန်တော့်ကိုတောင် သိသေးတာမဟုတ်ဘူး။
“ဂျွန်ကောင်းပါ” (ကျွန်တော်)
“ဘယ်သူလဲ မသိဘူးရှင့်” (သူမ)
“ဂျွန်ကောင်းပါလို့ပြောနေတဲ့ဟာကို” (ကျွန်တော်)
“အေး… အဲဒီ ဂျွန်ကောင်းကို မသိလို့မေးနေတာပေါ့ဟဲ့ ငနာရဲ့.. ငါ့အသိမိတ်ဆွေထဲမှာ အဲလိုကြောင်တောင်တောင်နာမည်နဲ့ကောင်မှ မရှိတာ” (သူမ၏ ချစ်ခွန်းချိုစကား)
တိန်.. သေပဟ။ ကိုယ်က ဟောက်ရမလားအောင့်မေ့တယ်။ သူကချည်းပဲ။ ဒီတော့ နည်းနည်းတော့ ပြန်လျှော့ရမှာပေါ့…။
“အဟီး…. ဟုတ်သားပဲ။ ဒီလိုပြောလို့ ဘယ်သိပါ့မလဲ။ ဟို… ရေဝေးမှာဆုံတဲ့ တစ်ယောက်၊ မနေ့က အုပ်စုလိုက် လာရှာတဲ့ တစ်ယောက်လေ မှတ်မိလား” (ကျွန်တော်)
“ဘာ” (သူမ)
တိတ်သွားပြီ။ ကောင်မလေး ကျွန်တော့်ရဲ့ စုံစမ်းထောက်လှန်းမှုတွေကို လန့်သွားပြီ.. ဟီး.. ဟီး.. ဒီလိုပဲဖြစ်ရမယ်လေ.. ကျွန်တော်ဆိုတဲ့ ကောင်က ပေါ့သေးသေးမှ မဟုတ်တာ..။
“မေသံစဉ်.. မေသံစဉ်.. ငါပြောတာကြားလား..” (ကျွန်တော်)
“ကြားတယ်.. ဘာကိစ္စလဲ” (သူမ)
“ဘာကိစ္စမှ မဟုတ်ပါဘူး။ ဒီဖုန်းကို ခေါ်ရင် ရမလားလို့ စမ်းကြည့်တာပါ။ ရတယ်ဆိုပြီးရော.. ပြီးရော” (ကျွန်တော်)
“ဟဲ့ အကောင် ကြောင်တောင်တောင်နဲ့။ နင်ကြောင်တာက အကြောင်းမဟုတ်ဘူး။ ဒီမှာ ဖုန်းဖိုး နှစ်ရာပေးရတော့မယ်.. ကောင်စုတ်.. နင်မပေးရတိုင်း..” (သူမ)
“ဟီးး နင်ကလည်းဟာ.. ငါပေးပါ့မယ် ငါ့အတွက်ဒီလောက်ကတော့ အေးဆေးပါ.. ငါပိုက်ဆံပြန်ပေးပါ့မယ်” (ကျွန်တော်)
“တော်တော့ ငါဖုန်းချပြီ”
“ဂွက်”
အတည်ဖုန်းချသွားပါပြီ။ ဒီတစ်ခါတော့ ပျော်ရွှင်စွာ ဂွက် ခြင်း။ ကိုကျော်ဇင်ဦးကို ဖုန်းပြန်ပေးပြီးတော့ စီးကရက်တစ်လိပ် မီးညှိလိုက်တယ်။ ဘေးမှာတော့ မောင်ဖုန်းနဲ့ နေမင်းသူရိန်တို့ရဲ့ အားကျတဲ့ မျက်လုံးတွေ..။
“ဟေ့ကောင် မင်းပြောတာ ၅ မိနစ်တောင်ကြာတယ်..ပိုက်ဆံပြန်ပေး” (ကိုကျော်ဇင်ဦး)
“ဂိန်” (ကျွန်တော်)
ရာသီဥတုတွေ ခဏခဏပြောင်းလဲနေပါတယ်။ ကျွန်တော်ကတော့ ကိုဖုန်းတို့ရပ်ကွက်ကိုပဲ သွားချင်နေလေရဲ့။ (ဘာမှလည်း မဆိုင်ဘူးနော်)
“မင်းအတွက် လမ်းပေါက်ကလည်း ဘယ်မှာမှ မရှိတော့ ကြံဖို့ခက်တယ်ကွာ” (ကိုကျော်ဇင်ဦး)
“အေးကွ.. မင်းကောင်မလေးက ဘယ်လမ်းမှလည်း ထွက်တာမဟုတ်၊ ကျောင်းကလည်း ပြီးသွားပြီ။ အလုပ်ကလည်း လျှောက်ထားဆဲ၊ ဈေးသွားတာကလည်း သူ့အမေကိုယ်တိုင်၊ နာရေးခဏခဏလိုက်ပို့ရအောင် ရပ်ကွက်ထဲက လူကြီးတွေ ခဏခဏသေပေးရမလိုဖြစ်နေပြီ မောင်ကောင်းရေ” (ကိုဖုန်း)
ဒါက ကျွန်တော်တို့ အဖွဲ့လက်ဖက်ရည်ဆိုင်ရင်း ဆွေးနွေးနေကြတာပါ။ ဒီအချိန်မှာ လက်ဖက်ရည်ဆိုင်ကို သီချင်းတွေ လာပို့တဲ့လူကိုတွေ့တော့ နေမင်းသူရိန်က လှမ်းခေါ်ပြီး အခွေတွေကြည့်တယ်။
“ညီလေး ဟိုအခွေရှိလား” (နေမင်းသူရိန်)
“အာ… အဲဒါမလုပ်ရဲဘူး။ ဖြစ်ရင် အကြီးကြီးဖြစ်မှာ” (ကောင်လေး)
“မဟုတ်ပါဘူး။ ဥူးသုမင်္ဂလရှိလားမေးတာပါ” (ကိုကျော်ဇင်ဦး)
“ဟီး.. အဲဒါတွေတော့ မပါလာသေးဘူးဗျ” (ကောင်လေး)
ဒီအချိန်မှာ ကျွန်တော့အတွေးဖျက်ခနဲလက်တယ်။ သိတယ်မဟုတ်လား။ ဂျွန်ကောင်းတို့ အကြံထွက်ပြီဆိုရင် အပိုင်။ ဘယ်မိန်းမ မဆို အားလျှော့သွားနိုင်တဲ့ အကွက်။
“အခုလက်တလော လူကြိုက်များနေတာ ဘာဇာတ်လမ်းလဲကွ” (ကျွန်တော်)
“ရမ္မက်မီး အပိုင်း ၁၀၀ ကျော်ပြီ” (ကောင်လေး)
“ဒါဆို အချပ်တစ်ရာကျော်ဝယ်ရမှာလား” (ကျွန်တော်)
“မင်းကလည်း ဝေးပြန်ပြီ အခုနောက်ဆုံးထွက်တဲ့ အပိုင်းဝယ်ပေါ့ဟ.. တစ်ချပ်မှာ ဆယ်လေးငါးပိုင်း ပါတာပဲ DVD ဆိုမှ” (နေမင်းသူရိန်)
“အေး… ဟုတ်ပြီ အခုနောက်ဆုံးထွက်တာ ဘယ်နေ့ကလဲ” (ကျွန်တော်)
“ဒီမနက်ကမှ ဇာတ်သိမ်းထွက်တာ” (ကောင်လေး)
“မင်းဆီမှာပါလား”(ကျွန်တော်)
“ပါတာပေါ့… ဈေးထဲက ဆိုင်တွေ သွားပို့မလို့” (ကောင်လေး)
“ပေး တစ်ချပ်၊ ဘယ်လောက်လဲ” (ကျွန်တော်)
“အချင်းချင်းတွေပဲ အကိုရယ်…. ၃၀၀ ပဲပေး” (ကောင်လေး)
ပလတ်စတစ်နဲ့ ထည့်ထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ချပ်လက်ထဲရောက်လာတယ်။ သိန်းပေါင်းမြောက်များစွာ အကုန်အကျခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းတစ်ခုကို ငွေ ၃၀၀ နဲ့ ငါးရက်လောက်ကြည့်ရတာ တန်မှတန်။ ကျန်တဲ့လူတွေက မေးကြတယ်။ အိမ်မှာကြည့်ဖို့လား။ ဘာအတွက်လဲပေါ့.
လက်ဖက်ရည်ဆိုင်ကအထွက် ကိုဖုန်းတို့လမ်းဘက်ကို ချီတက်ခဲ့တယ်။ အရင်လိုပါပဲ။ တပြုံတမကြီး။ သူမဘယ်လောက်ပြောပြော ကိုယ့်ဘက်မှာ လူအင်အားတောင့်တော့ အားရှိတာပေါ့.။
“တစ်ယောက်လိုက်ခဲ့ ဘယ်သူလိုက်မလဲ” (ကျွန်တော်)
“မလိုက်ဘူးဟေ့ကောင် ဘယ်နှယ့် ကြေးအိုးတစ်ပွဲဝယ်သွားရင်တောင် အားနာပါးနာနဲ့ လက်ခံလိုက်ဦးမယ်။ မင်းကိုရီးယားအခွေက ဘာလုပ်ရမှာလဲ ငါတော့မလိုက်ဘူး” (ကိုကျော်ဇင်ဦး)
“ဟုတ်တယ် ငါလည်း ငါ့ရပ်ကွက်ထဲမှာဆိုတော့ မျက်နှာပူတယ်” (ကိုဖုန်း)
“မောင်မင်းတို့ မသိသေးပါဘူးဗျာ… ငတိုးမင်းပဲလိုက်ခဲ့တော့… လူတွေ လတ်တလောဘယ်ကို အာရုံကျနေလဲဆိုတာ မင်းပဲမျက်ဝါးထင်ထင်သိစေရမယ်” (ကျွန်တော်)
“ဟုတ်မှလည်း လုပ်ပါကွာ… မင်းဟာ မဖြစ်ဘူးထင်တယ်.. ငါကြေးအိုးသွားဝယ်လိုက်ရမလား” (နေမင်းသူရိန်)
“တော် တန် တိတ် ဟိုက တစ်ပွဲ နှစ်ထောင်ကွ ဒါက သုံးရာတည်း ခွီးး နားလည်း မလည်ဘူး” (ကျွန်တော်)
မေသံစဉ်အိမ်ရှေ့ရောက်တော့ ခြံရှေ့က ခေါင်းလောင်းတီးလိုက်တယ်။ သူမကိုယ်တိုင် ခြံတံခါးလာဖွင့်ပေးပါတယ်။ လန့်တော့ လန့်သွားတယ် ကျွန်တော့်ကိုတွေ့တော့..
“ဘာလာကြောင်ပြန်ပြီလဲ” (သူမ၏ သာယာလှသော နှုတ်ခွန်းဆက်စကား)
“အန်တီရှိလား” (ကျွန်တော်)
“ဟင်” (သူမ)
ခင်ဗျားတို့လည်း ကြောင်သွားတယ်မဟုတ်လား။ ဒါမှ တကယ့်အကြောင်ကွက်ပေါ့။ သူ့အမေနဲ့ ကျွန်တော်က တရင်းတနှီးမိတ်ဆွေတွေလိုလို ဘာလိုလို…။
“ဘယ်အန်တီလဲ” (သူမ)
“နင့်အမေကိုမေးတာ” (ကျွန်တော်)
“ဘာလုပ်မလို့လဲ” (သူမ)
“အခွေပေးမလို့” (ကျွန်တော်)
“ဘာအခွေလဲ နင်နော် လူကြီးကို မဟုတ်က ဟုတ်က” (သူမ)
ကြည့်.. ခေတ်ကာလသားသမီးတွေများ..။ အခွေရှိသေးတယ်။ ဘာမှန်းကိုမသိဘူး။
“အာ.. ခေါ်မှာသာ ခေါ်စမ်းပါ.. နင့်ဆီလာတာမှ မဟုတ်တာ.. နင်ကဘာဖြစ်နေတာလဲ သ၀န်တိုတာလား” (ကျွန်တော်)
ပြောရင်းဆိုရင်း သူ့အမေကိုယ်တိုင်ထွက်လာပါတယ်။
“ဘာအခွေလဲသားရဲ့” (သူမအမေ)
“ရမ္မက်မီးဇာတ်သိမ်းလေ အန်တီ” (ကျွန်တော်)
“ဟယ်.. ဟုတ်လား။ ကျေးဇူးပဲ သားရယ်။ ဘယ်တော့ထွက်မလဲ ဘယ်တော့ထွက်မလဲနဲ့ မျှော်နေတာ..။ အန်တီတို့ကလည်း နေ့တိုင်းဈေးမရောက်ဖြစ်ဘူးလေ။ ကျေးဇူးပဲသားရယ်။ အန်တီဘယ်လောက်ပေးရမလဲ” (သူမအမေ)
“အာ.. မဟုတ်တာ.. မပေးပါနဲ့ သံစဉ်က အန်တီ ရမ္မက်မီးဇာတ်လမ်းတွဲကြိုက်တယ်လို့ ပြောဖူးလို့ လာပေးတာပါ။ သွားဦးမယ် အန်တီရဲ့” (ကျွန်တော်)
“ကျေးဇူးပဲသားရယ်.. ကော်ဖီလေးဘာလေးသောက်သွားပါလား” (သူမအမေ)
“မသောက်တော့ပါဘူးခင်ဗျာ လက်ဖက်ရည်ဆိုင်က ထလာကြတာမို့လို့ ခွင့်ပြုပါဦး” (ကျွန်တော်)
“အေး.. အေး.. ကျေးဇူးပါသားရယ်..” (သူမအမေ)
ပြန်ခါနီး မေသံစဉ်နားကပ်ပြီး စကားတစ်ခွန်းပြောလိုက်သေးတယ်။
“တွေ့လား သားတဲ့” (ကျွန်တော်)
သူမကလည်း သာယာချိုသာစွာပြောပါတယ်။
“သေလိုက်ပါလား.. ရုပ်ကိုက စပ်ဖြဲဖြဲနဲ့” (သူမ)
အောင်အောင်မြင်မြင်နဲ့ ကျွန်တော်တို့ ပြန်ခဲ့ပါတယ်။ သူမကတော့ ကွေးကောက်ပြီးကျန်ခဲ့လေပြီ။ ကျွန်တော်တို့အဖွဲ့ကြားမှာတော့ ရေပန်းအစားဆုံး ချည်းကပ်နည်းတစ်ခုဖြစ်သွားလေရဲ့။
“ကိုကြီး ကူညီပါဦးဗျာ” (ကျွန်တော်)
“အာ ဒါမျိုးက ငါလည်း တတ်တာဟုတ်ဘူး ငါကူညီတော့မှ မဖြစ်သင့်တာတွေ ဖြစ်ကုန်မယ်နော်” (မောင်နွေရိပ်)
“အာ ဘာမှတတ်စရာမလိုဘူး ရည်းစားစာလိုမျိုးသီးသန့်မဖြစ်လည်းရပါတယ် နည်းနည်းပါးပါးတော့ ကဗျာဆန်ပေါ့ဗျာ ကိုကြီးက ကဗျာတွေရေးနေတာပဲကို” (ကျွန်တော်)
ဟုတ်ပါတယ်။ ကဗျာဆရာပေါက်စ (ပေါက်စဆိုသည်မှာ မဖြစ်သေးဟုဆိုလိုသည် လူကောင်ကို လုံးဝမထိခိုက်ပါ) ကိုနွေရိပ်ကို ကျွန်တော်အပူကပ်နေတာပါ။
“အေးကွာ.. ရေးတော့ ရေးပေးမယ် မျက်ခုံးတော့ ခပ်လှုပ်လှုပ်” (မောင်နွေရိပ်)
“နေပါဦး မင်းကရည်းစားစာရေးတာတော့ ဟုတ်ပါပြီ မင်းကိုယ်တိုင်ပေးမှာလား” (မောင်ဖုန်း)
မောင်ဖုန်းစကားအဆုံးမှာ ၀ိုင်းမှာထိုင်နေသမျှ လူတွေအကြည့်က ကျွန်တော့်ဆီမှာ။
“ဒါကတော့ အဟဲဟဲ ဟဲ” (ကျွန်တော်)
မှန်ပါတယ်။ အားလုံးအကြည့်က မောင်ဖုန်းဆီရောက်သွားတဲ့ အချိန်မှာ မောင်ဖုန်းကတစ်ခွန်းတည်း။
“မြတ်စွာဘုရား ကယ်တော်မူပါ” (မောင်ဖုန်း)
နောက်တစ်ရက်..။
“ရော့. မင်းတောင်းထားတဲ့စာ” (မောင်နွေရိပ်)
“ကျေးဇူးဗျာ ကဲ ကိုဖုန်း ခင်ဗျားပဲ ပေးလိုက်တော့ နက်ဖြန်အကြောင်းပြန်တာ လိုချင်တယ်နော်” (ကျွန်တော်)
“ဖတ်တောင် မဖတ်ကြည့်တော့ဘူးလားဟ” (ကိုကျော်ဇင်ဦး)
“မလိုပါဘူး ကိုနွေရိပ်ကို ကျွန်တော်က ယုံပြီးသား” (ကျွန်တော်)
နောက်နေ့မှာ မောင်ဖုန်းဆီက သတင်းကောင်းပါလာတယ်။ လှည်းတန်း စိန်ဂေဟာရဲ့ ကော်ဖီဆိုင်တဲ့..။
ထိုင်နေပါသည်။ သူမနဲ့ ကျွန်တော်..။ နှစ်ယောက်သား မျက်နှာချင်းဆိုင် နေရာလပ်ကြားမှာ တိတ်ဆိတ်မှုတွေ လွှမ်းမိုးလို့။ ရှေ့မှာကတော့ သူမကြိုက်တဲ့ ကက်ပချီနို နှစ်ခွက်။ အစားပုတ်လှချည်လား မပြောနဲ့။ ကျွန်တော်လည်း သူ့အကြိုက်လိုက်ပြီးတော့ သောက်ရတာပေါ့။
ကောင်မလေးက ကော်ဖီခွက်ကို ကိုင်လိုက်တယ်။ ပြီးတော့ ပြန်ချလိုက်တယ်။ ကျွန်တော်ကတော့ သူမရဲ့ ရွေ့လျားမှုတိုင်းမှာ အသက်ပါချင်နေပါသည်။ နှစ်ယောက်တည်း။
“ကဲ.. ပြောပါဦး ရည်းစားစာတော့ ပေးထားတယ် ဘာတွေမှန်းလဲမသိဘူး ရှုပ်ရှက်ခက်နေတာပဲ” (သူမ)
“………. ” (ကျွန်တော်)
“ရည်းစားစာရေးတာကလည်း စာမေးပွဲဖြေတဲ့အကြောင်းတွေရော ဘာတွေရော ချစ်တယ်ကြိုက်တယ်ဆိုတဲ့ အကြောင်းလည်း တစ်လုံးမှ မပါဘူး” (သူမ)
“……………..“ (ကျွန်တော်)
လုပ်ချလိုက်ပြီနဲ့တူတယ်။ ငါတော့ သေချင်တာပဲ။ ငါ့နှယ် ကိုကျော်ဇင်ဦးပြောတည်းက ဖောက်ဖတ်လိုက်ရင်အကောင်းသား။
“ကြည့်ဦးလေ… ရည်းစားစာကလည်း စာမေးပွဲဖြေတဲ့အကြောင်းတွေရော” (သူမ)
“အန် ငါလည်း ဘာစာမေးပွဲမှ မဖြေရပါလား” (ကျွန်တော်)
“ဒီမှာလေ ဒီမှာ ကျွန်တော့်အဖြစ်က စာဖြေခန်းမှာ စာရရက်နဲ့ မေးခွန်းပျောက်သူတစ်ယောက်လိုမျိုး ဖြစ်နေမလား တဲ့”(သူမ)
သိနေတယ်.။ ဟိုလူကဗျာဆန်ပြီဆိုရင် သွက်သွက်ခါအောင် ဆန်ပစ်လိုက်တယ်ဆိုတာ။
“ပြီးတော့ ရင်ဘက်က ဘုတွေရော ပျောက်သွားပြီလား” (သူမ)
“အန် ဘယ်ရင်ဘတ်မှာ ဘုပေါက်လို့လဲ ငါက သန့်သန့်လေးပါဟ.. မိတ်တောင် မပေါက်ဘူး” (ကျွန်တော်)
“လာပြန်ပြီ ဒီမှာလေ.. ညဘက်တွေဆို ဖြန့်ခင်းထားတဲ့ အတွေးစနဲ့ရင်ခွင် ပွတ်တိုက်မှုအောက်မှာ ဖျာပွန်းတဲ့ ဒဏ်ရာဘုတွေနဲ့ ကြမ်းရှခဲ့ တဲ့” (သူမ)
အာ သေချင်တာပဲ။ ရည်းစားစာကဗျာဆန်အောင် ရေးခိုင်းပါတယ်ဆိုမှ သူဖျာပွန်းတဲ့ ဒဏ်ရာတွေ ထည့်ရေးတယ်။ နောက်မှ ဘယ်နားပွန်းလဲ မေးကြည့်ဦးမယ်။ တောက်…..။
“ကဲပါ.. ဒါတွေကို ရှင်းပြဦးလေ ဒါတောင် ဒီနောက်မှာ.ငါနားမလည်တဲ့ စာသားတွေအများကြီးရှိသေးတယ် အချိန်မရလို့ ဒီလောက်လေးပဲ ရှင်းပြပါတော့” (သူမ)
“အဟဲဟဲ နင်ကလည်း ဒါက မော်ဒန်ရည်းစားစာလေ မော်ဒန်ကို မော်ဒန်လိုခံစားပေါ့ ဟီးး” (ကျွန်တော်)
“သြော် မော်ဒန်လား ဒါဆို ရည်းစားစာမဟုတ်ဘူးပေါ့… ဒါဆိုလည်း ပြန်တော့မယ်.. ငါက ရည်းစားစာထင်နေတာ” (သူမ)
“သြော် ရည်းစားစာပေးတာတော့ ပေးတာပေါ့လေ.. ဒါပေမယ့် ငါကအတွေ့အကြုံမရှိသေးတော့ ခိခိ” (ကျွန်တော်)
“သြော် ပြောချင်တာကတော့ နင်ကငါ့ကို မကြိုက်ဘဲနဲ့ အတွေ့အကြုံလိုချင်လို့ စာပေးတာပေါ့လေ” (သူမ၏ ဒေါပွသံ)
“အာ.. အဲလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ငါကနင့်ကို ကြိုက်တယ်သာ ပြောတာ မပြောရဲဘူးဟ.. ဖြစ်ချင်တာကတော့ဟာ နင့်ကိုငါခုလိုမျိုးရည်းစားစာပေးမယ်.. နောက်တစ်ပတ်လောက် မဟုတ်ပါဘူး အလွန်ဆုံးနောက်တစ်လလောက်ပေါ့ အဲလောက်ကြာရင် နင်ကချစ်တယ်လို့ အဖြေပြန်ပေးမယ် ပြီးရင် ငါတို့နှစ်ယောက် ၅ နှစ်လောက်တွဲမယ်.. တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းကြီးသိသွားပြီ ဆိုတော့မှ မိဘတွေကို ပြောပြီးတော့ လက်ထပ်မယ်.. ပြီးရင် ကလေးသုံးယောက်မွေးမယ်.. အကြီးနှစ်ယောက်က ယောက်ျားလေး အငယ်ဆုံးက မိန်းကလေး.. အကြီးနှစ်ယောက်ကို တစ်ယောက်ကို ဆရာဝန်လုပ်ခိုင်းမယ် တစ်ယောက်ကို အင်ဂျင်နီယာလုပ်ခိုင်းမယ်. အငယ်ဆုံးလေးကိုတော့ အဝေးသင်တက်ခိုင်းပြီးတော့ နင်မပျင်းအောင်လို့ အိမ်မှာပဲ အိမ်မှုကိစ္စလုပ်ခိုင်းမယ်လေ.. ဒါပေမယ့်ဟာ.. ဒီလိုမျိုး အကြံကြီးတဲ့ ငါကနင့်ကို ချစ်တယ်လို့ပြောလိုက်ရင် ငါ့ရဲ့ မျှော်မှန်းချက်တွေကို တစ်ခါတည်းနဲ့ ရိုက်ချိုးလိုက်သလိုဖြစ်မှာပေါ့” (ကျွန်တော်)
“ဟဲ့ နေဦးလေ” (သူမ)
“အင်းလေ နေ နေပါတယ် ခုလည်း နင့်ကို သူငယ်ချင်းတစ်ယောက်လိုအရင်ခင်အောင် ကြိုးစားနေတာပါ အတော်လေးခင်ပြီဆိုတော့မှ နင့်ကို ငါကရည်းစားစကားပြောပြီးတော့ ရည်းစားစာပေးမယ်………………………………………….ရိုက်ချိုးလိုက်သလိုဖြစ်မှာပေါ့.. အမလေး မောလိုက်တာ” (ကျွန်တော်)
“နည်းတောင်နည်းသေးတယ် သေပါသေသွားသင့်တာ ပြောတော့သာ ကြိုက်တယ်လို့ မပြောရဲဘူးတဲ့ နင့်စိတ်ကူးထဲမှာ အငယ်ဆုံးကတောင် အဝေးသင်တက်နေပြီ တော်ပြီ တော်ပြီ ပြန်ပြီ” (သူမ)
“ဟာ.. ဟာ.. နေဦးလေ” (ကျွန်တော်)
ညနေခင်းတစ်ခုမှ သူမနဲ့ကျွန်တော် နှစ်ယောက်တည်း။ ကြားထဲမှာ ဆက်သွယ်ထားတာက ချစ်ရည်လွှမ်းသော မျက်ဝန်းနှစ်စုံ။
“ငါနင့်ကို အရမ်းချစ်တယ် သံစဉ်ရယ်” (ကျွန်တော်)
“ငါလည်း နင့်လိုပါပဲဟယ်” (သူမ)
ထိုသို့ပြောဆိုအပြီး သူမက ကျွန်တော့်ရင်ခွင်ထဲ ခေါင်းဝှက်..။ သိမ်သိမ်မွေ့မွေ့လေး။ လုံးဝ သိမ်သိမ်မွေ့မွေ့လေး..။
“ခွပ်”
“အောင်မလေးဗျာ” (ကျွန်တော်)
ဟုတ်ပါတယ်။ အိပ်မက်ပါ။ လှည်းတန်းမှ အမှားပေါင်းမှားစွာနဲ့ ပြန်အလာ ကျွန်တော်ကားပေါ်မှာ အိပ်ငိုက်ခြင်းပါ။ “ခွပ်” ဆိုတာက ပြတင်းပေါက်နားက သံတိုင်ကို ခေါင်းမှီပြီး ငိုက်တုန်း ကားခုန်၍ သံတိုင်နှင့်ခေါင်း မိတ်ဆက်သော အသံ..။
အချိန်က ညနေ နေ၀င်ရီတရော..။ နေရာက ဆုံနေကြ “မင်းထက်ထက်မိုး” လက်ဖက်ရည်ဆိုင်.။ ဟုတ်ပါတယ်။ စာရေးဆရာ နတ်ရွာမိုးရဲ့ “လှပဒါး” မည်သော ၀တ္ထုမှ “မင်းထက်ထက်မိုး”။ လူကတော့ စုံနေပါပြီ..။ ကျန်နေတာက တစ်ယောက်တည်း.။ ကိုဖုန်း။
“ဟေ့ကောင် မင်းအဆင်ပြေလား မင်းတို့နှစ်ယောက်ကို ကော်ဖီဆိုင်မှာ အမြုတ် တစီစီနဲ့တွေ့လိုက်တယ်နော်” (မောင်ဖုန်း)
“၀က်ရူးပြန်.. အာ အမြုတ်တစီစီက ကပ်ပချီနို သောက်လို့ပါဗျ ခင်ဗျားကလည်း” (ကျွန်တော်)
အဖြစ်အပျက်အကြောင်းအစုံအလင်ကို ချစ်သူငယ်ချင်းများထံ သံတော်ဦးတင်ပြီးနောက် ညီတညာတည်းထွက်လာတာက..
“ငပေါ”
“အေးကွာ ငါလည်း ဘာပြောရမှန်းမသိတော့ အဲလိုတွေဖြစ်ကုန်တာ. ကိုနွေရိပ် စာကိုလည်း ဖောက်မဖတ်လိုက်မိတာ မှားသွားတယ်..” (ကျွန်တော်)
“ငါပြောသားပဲ မဖတ်ကြည့်တော့ဘူးလားလို့ မင်းက စွတ်စက်ယုံတာကိုး ဟိုက ကဗျာရေးပြီဆိုရင် လုံးဝသွက်သွက်ခါ” (ကိုကျော်ဇင်ဦး)
“ကဲပါ အဲဒါတွေ ထားပါတော့ မင်းကောင်မလေးကို ငါခုတွေ့လို့နောက်လိုက်သေးတယ် သူက ခဏလေးဆိုပြီးတော့ စာတစ်စောင်ရေးပေးလိုက်တယ် မင်းဖို့တဲ့” (ကိုဖုန်း)
ရင်ထဲမှာ ဒိန်းတလိန်းနတ် ၀င်သွားပါ၏။ ဒီလူနောက်နေတာများလား။ ကိုဖုန်းကတော့ ဒါမျိုးမနောက်တတ်။
“ဟုတ်ရဲ့လားဗျာ.. မထင်ထားဘူး ကျွန်တော်က သူစိတ်ဆိုးသွားတယ်ပဲထင်နေတာ” (ကျွန်တော်)
“မာယာလေကွာ.. မာယာ” (နေမင်းသူရိန်)
“၀င်ရှည်ပြန်ပြီ မင်းက အရပ်ပုသလောက် လျှာရှည်တဲ့အကောင် မောင်ကောင်း အဲဒီကောင်ကို အဖက်မလုပ်နဲ့ စာသာဖွင့်ဖတ်ချည် ငါလည်း ဖတ်ချင်လာပြီ ဘာတွေများ ဆဲထားလဲလို့” (ကိုကျော်ဇင်ဦး)
“ခင်ဗျားကလည်း ပါးစပ်ပုတ်ကြီးနဲ့” (ကျွန်တော်)
သူမရေးပေးသော စာမှာ
ဂျွန်ကောင်း
နင်ကငါ့ကိုချစ်တယ်လို့ ပြောထားတယ်နော်.. အဖြေလည်း တောင်းနေတယ်.. ဒီတော့ အဖြေပေးလိုက်ပါ့မယ်.. ဒါပေမယ့် ရိုးရိုးတန်းတန်းမပေးဘူး.. နင့်ကိုဉာဏ်ရည်စစ်တဲ့အနေနဲ့ ဂဏာန်း ငါးလုံးပေးလိုက်မယ်.. အဲဒီဂဏာန်းတွေကို နင်တစ်ပတ်အတွင်းဖြေနိုင်ရင် ငါအဖြေပေးပါ့မယ်.. ဘာအဖြေလဲဆိုတာကတော့ အချိန်တစ်ပတ်အတွင်းရမရနဲ့ ဆိုင်တာပေါ့နော်.. ဂဏာန်းငါးလုံးက..
၅၂၉၈၀
နင်…….တဲ့
မေသံစဉ်
“မှားပြန်ပြီဗျ.. အဖြေပြန်ရဖို့တောင် ကုတ်နံပါတ်က လိုသေးတယ်…ဟင့်” (ကျွန်တော်)
“အားမလျှော့ပါနဲ့ကွာ.. ငါတို့လည်း စဉ်းစားပေးမှာပေါ့” (နေမင်းသူရိန်)
“အေးလေးကွာ မှန်းကြည့်ကြည့်ရအောင်.. ၅၂၉၈၀ ဆိုတော့ ၄ ပေါက်ပေါ့ဟ မင်းကို ၄ရက်နေ့ အဖြေပြန်ပေးမယ်ပြောတာလားမသိဘူး” (ကိုကျော်ဇင်ဥိး)
“အာ ဖဲသမားက တစ်မျိုး.. ငါကြည့်မယ် သိပြီကွ ငါးပါးသီလကို နှစ်ရက်စောင့်ပြီးတော့ ကိုးန၀င်း အဓိဋ္ဌာန်ကို ၈ ခေါက်လောက် ၀င်လိုက်ရင် မင်းဘူကျနေတာတွေ ပျယ်ပြီလို့ ပြောတာဖြစ်မယ် တစ်နည်းကတော့ ပြန်ချစ်မယ်ပေါ့ကွာ” (မောင်ဖုန်း)
“တော်ပါတော့ဗျာ.. ခင်ဗျားတို့ကလည်း တစ်ယောက်က ဖဲအကြောင်း တစ်ယောက်က ဘုန်းကြီးကျောင်းနားနေပြီးတော့ သီလလာပေးနေတယ်” (နေမင်းသူရိန်)
“ဒါဆို မင်းပြောလေ” (ကိုကျော်ဇင်ဦး)
“ဒါက လွယိပါတယ် ကျွန်တော်တို့ ငယ်ငယ်တုန်းက ရည်းစားစာပေးတဲ့ ပုံစံမျိုး ၁၇၂၀၄ ကို ချစ် ဖြစ်အောင်လုပ်သလိုပေါ့.. ဟေ့ညီလေး စာရွက်နဲ့ ဘောပင်လေးခဏလောက်” (နေမင်းသူရိန်)
“အေးမင်းပြောတာဖြစ်နိုင်တယ်.. ဒါတွေကိုဆက်ရေးရင် ရလောက်မယ်ကွ” (ကျွန်တော်)
“ဒါပြောတာပေါ့.. အရပ်ပုပေမယ့် IQ မပုဖို့လိုတယ်လေ” (နေမင်းသူရိန်)
“ပေး ငါရေးမယ် ပထမစာလုံးက ဘာလဲ” (မောင်ဖုန်း)
“၅” (ကျွန်တော်)
“ဒုတိယကရော” (မောင်ဖုန်း)
“၂” (ကျွန်တော်)
“ရေးလေ ဘာလုပ်နေတာလဲ” (ကိုကျော်ဇင်ဦး)
“နေဦးဗျ. ၅ နောက်မှာ ၂ က ဘယ်ကဆက်ရေးရမှာလဲ အဆံကနေဆက်ရေးရမှာလား… အမြှီးကနေ ဆက်ရေးရမှာလား” (မောင်ဖုန်း)
“ဟင်… ” (တစ်ဝိုင်းလုံး)
“သွားပြီပေါ့ လမ်းစပျောက်ပြီ” (နေမင်းသူရိန်)
“တော်ပြီကွာ ဘယ်သူမှလည်း သိတာမဟုတ်ဘူး.. လျှောက်ဖြီးဖြန်းနေကြတယ် ကိုယ့်ဟာကို အိမ်မှာပဲ စဉ်းစားတော့မယ်” (ကျွန်တော်)
“ဟေ့ ဟေ့ နေဦးလေ မင်းသောက်သွားတာ ရှင်းဦး” (ကိုကျော်ဇင်ဦး)
ဒီနေ့ဆိုရင်ပဲ လက်ထဲစာရောက်လာတာ.. ၅ ရက်ရှိနေပြီ။ လမ်းစက ပျောက်ဆဲ..။ တစ်ယောက်တည်း အိမ်မှာပဲနေပြီး စဉ်းစားနေတာဖြင့် သူငယ်ချင်းတွေနဲ့တောင် အဆက်အသွက်ပြတ်သွားတယ်။
“ဘာများပါလိမ့်ကွာ… ငါးသောင်းနှစ်ထောင်ကိုးရာ့ရှစ်ဆယ် ဘာကြီးမှန်းလဲမသိဘူး”
ငါးသောင်းနှစ်ထောင်ကိုးရာ့ရှစ်ဆယ်
ငါးသောင်းနှစ်ထောင်ကိုးရာ့ရှစ်ဆယ်
ငါးသောင်းနှစ်ထောင်ကိုးရာ့ရှစ်ဆယ်
ငါးနှစ်ကိုးရှစ်သုည
ငါးနှစ်ကိုးရှစ်သုည
ငါးနှစ်ကိုးရှစ်သုည
ငါးနှစ်ကိုးရှစ်ဆယ်
ငါးနှစ်ကိုးရှစ်ဆယ်
ငါးနှစ်ကိုးရှစ်ဆယ်
ငါးနှစ်ကိုးရှစ်ဆယ်
“ငါးနှစ်ကိုးချစ်… ဟာ ဟေး ရပြီကွ…”
“ဟဲလို မေသံစဉ်နဲ့ပြောချင်လို့ပါ” (ကျွန်တော်)
“ခဏလေး ကိုင်ထားပါနော်” (တစ်ဖက်မှ)
“ဟုတ် ဟုတ် မြန်မြန်လေးခေါ်ပေးပါနော် အရေးကြီးလို့” (ကျွန်တော်)
“ဟဲလို..” (သူမ)
“ဟဲလို ငါပါ ဂျွန်ကောင်း” (ကျွန်တော်)
“ထင်သားပဲ.. မဆက်တော့ဘူးတောင်မှတ်နေတာ…” (သူမ)
“အခုမှ အဖြေသိလို့ပါ.. အဲဒီအဖြေက ငါ့အတွက်သေချာလားဟင်” (ကျွန်တော်)
“အဖြေသိလို့လား.. မသိဘဲနဲ့ လာပြီးတော့ ညာတာပါတေးမလုပ်နဲ့နော်” (သူမ)
“သိပါ့ ငါနင့်ကိုရှစ်ဆယ် ဟုတ်ပါဘူး ငါနင့်ကိုချစ်တယ် ဟုတ်တယ်မဟုတ်လား” (ကျွန်တော်)
“အင်း……………….” (သူမ)
ဟုတ်ကဲ့..။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းပြောနေကြပေမယ့် သူမကိုယ်သင်းနံ့ ကျွန်တော့်ရင်ခွင်ထဲ ရောက်လာပါတော့တယ်..။ နောက်ဆုံး.. နောက်ဆုံး… အမှားတော်ပုံ ဆိုတဲ့ ဒီဇာတ်လမ်းကြီးက.. အမှားပေါင်းသောင်းခြောက်ထောင်နောက်က အမှန်လေးတစ်ခုနဲ့ အရာအားလုံးကို ဖြေသိမ့်လိုက်ပါတော့တယ်…
ပြီးပါပြီ
***ကျေးဇူးတင်လွှာ***
ဤဘလော့ခ်ဖြစ်မြောက်ရေးအတွက် ကိုးကားခဲ့ရသော စာအုပ်များမှ စာရေးဆရာများ၊ ကျွန်တော်ရေးသမျှကို ပြုံးပြုံးနှင့်သာ ငြိမ်ခံနေတတ်သော ကိုဖုန်း၊ အပိုင်း (၂) ဖြင့်သာ ရပ်ချင်သော်လည်း အပိုင်း (၅)အထိတိုင်ရေးဖြစ်အောင် တိုက်တွန်းပေးခဲ့သော နေမင်းသူရိန်၊ “မင်းကငါ့ကိုကျတော့ ထည့်မရေးဘူး”ဟုပြောတတ်သော ကိုကျော်ဇင်ဦး၊ အပိုင်း(၄)တွင် ပါဝင်ခဲ့သော ကိုနွေရိပ်၊ “မင်းသားနဲ့ မင်းသမီးပေါင်းရင် မင်းနာပြီသာမှတ်” ဟုကျိန်းထားသော ကိုလွင်မင်းသန့် (ခေါ်) ကိုလူရှုပ် နှင့်တကွ အားပေး၊ အကြံပေး၊ Like Share လုပ်ကြသော် သူငယ်ချင်းများ အားလုံး (အားလုံး) ကို John Kaung Entertainment မှ အထူးပင်ကျေးဇူးတင်ရှိကြောင်း…

No comments:
Post a Comment