“နေမင်းသူရိန် မိန်းမခိုးလာတယ်တဲ့ဟေ့”
“ဟေ.. ဟုတ်လို့လားဟ”
“အဟုတ် ငါ့ကောင်ရေ.. ဒီကလို တော်ရိရော်ရိမဟုတ်ဘူး.. မြို့ကကောင်လေးဟ တော်တော်ချောတာမှ မိုးယုစံလိုမျိုးပဲ”
ဒီလိုခင်ဗျ။ နေမင်းသူရိန်တစ်ယောက် မြို့က မိန်းမခိုးလာတယ်ဆိုတဲ့ သတင်းက ကျွန်တော်တို့ မှော်ဘီမြို့မှာ ပွက်လောညံ လွင့်ပျံနေပါတယ်။ ဒီကောင်က အရင်အတွဲ (၁) မှာတုန်းက ရန်ကုန်မြို့လည်ခေါင်က ကားပေါင်းများစွာကြားမှာ မအားရတဲ့ ပန်းသည်တစ်ယောက်။ အခုလို မိန်းမခိုးလာတယ်ဆိုတော့ အားကျသူတွေကကျ မနာလိုတဲ့သူတွေက မနာလို။ တစ်ချို့ကလည်း “နံ့သာနဲ့ အီး ဘာမှမဆိုင်ဘူး” တို့ “အမဲရိုးနဲ့ဟင်းအိုး” တို့ “အရူးအမည်းသားကျွေး” တို့ အမျိုးမျိုး သြဘာပေးကြတယ်။ ဘာပဲပြောပြောလေ.. နေမင်းသူရိန်တို့ကတော့ တကယ်ကိုပဲ မိန်းမခိုးလာလေပါပြီ။
နေမင်းသူရိန်ကို အားကျတဲ့ ကာလသားတွေကလည်း ရှိသေးသဗျ။ ရှိဆို ဒီကောင်ခိုးလာတဲ့ ကောင်မလေးက တကယ့်ကို ဖြူဖြူချောချောလေး ဖြစ်တဲ့ အပြင်ကို မိုးယုစံနဲ့တောင် ခပ်ဆင်ဆင်ဆိုတော့ အားကျကြတာပေါ့ဗျာ။ ဒီမှော်ဘီက မိန်းကလေးတွေနဲ့တော့ ဘာဆိုင်သတုန်း။ အဲဒါကိုပဲ နဂိုတည်းက ခပ်ကြွားကြွားနေတတ်တဲ့ နေမင်းသူရိန်တစ်ယောက် အီးတွင်းတစ်တွင်းလုံးကို အပိုင်ရထားတဲ့ ခွေးတစ်ကောင်လို မင်းတို့ကောင်တွေလောက်ကတော့ သနားတယ်ဆိုပဲ။
မနက်ဖြန် မင်္ဂလာဆောင်ပွဲကျင်းပမှာမို့ ဒီကောင့်အိမ်မှာ လူတွေစည်ကားနေလေတယ်။ မနက်ကမှ ခိုးလာတာပါ။ ဒါပေမယ့် ကောင်မလေးမိဘတွေက မနှောင့်ယှက်နိုင်အောင် ခပ်မြန်မြန်ပဲ စီစဉ်လိုက်ရတာလေ။ ကောင်မလေးကို လာကြည့်တဲ့လူတွေမှာ မှော်ဘီကမိန်းကလေးတွေက အဆိုးဆုံးပဲ။ အဲဒီထဲက ဂွက်ထော်မကပြောတယ်။
“ဟယ် ကောင်မလေးက ချောလိုက်တာအေ။ ဒင်းနဲ့တော့ ကွာပါ့။ ဒီလိုအခွက်မျိုးနဲ့ကောင်က ငါ့ညီမလိုရုပ်ရည်မျိုးနဲ့မှ ဖူးစာဆုံရတယ်လို့။ ဒါနဲ့ညီမနာမည်က ဘယ်လိုခေါ်လဲ” ဆိုတော့
“ပြည့်ပြည့်ပါ” ရယ်လို့ ကောင်မလေးက မပွင့်တပွင့်ဆိုတယ်။ ဒီတော့ ဘေးမှာ ထိုင်ငမ်းနေတဲ့ နွေရိပ်က
“ဟာ.. အပြောလေးကလည်း ချိုလိုက်တာ။ ဟေ့ကောင် နေမင်းသူရိန် ငါသာ သူ့အကိုဆိုရင် မင်းလိုကောင်မျိုးနဲ့ မပေးစားဘူး” ဆိုပဲ။ အားပေးချက်ကြမ်းပုံပြောပါတယ်။ ဒီတော့ နေမင်းသူရိန်ဆိုတဲ့ကောင်ကလည်း
“အင်းလေ… ဗိုလ်နွေလိုပဲ သူ့အမတွေက ကျွန်တော်နဲ့သဘောမတူဘူးလေ။ ဒီတော့ ကျွန်တော်တို့က ခိုးပြေးလာတာ။ ဟာဗျာ… ဒီအကြောင်းတွေသိချင်ရင် ညနေကျမှ တစ်ခေါက်ပြန်လာခဲ့“
အင်း.. ညနေရောက်ပါပြီ။ ညနေဆိုတဲ့အချိန်သမယမှာ နေမင်းသူရိန်တို့ အိမ်ကတော့ အပျိုလူပျိုတွေ တရုန်းရုန်းနဲ့ မသိရင် သမ က ဆန်ဝေလို့ အငမ်းမရလုနေသူတွေလို။ နဖူးစာရေးနတ်က သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဘယ်လိုဇာတ်ကွက် ထွင်လိုက်သလဲဆိုတာ သိချင်နေကြတာကိုး။ ထမင်းတစ်လုပ်ထက် သတင်းတစ်ပုဒ်က ရင်မှာ ပိုငြိတယ်လေ။ အတင်းတုတ်တယ်လို့တော့ မဟုတ်ပါဘူး။ မသိတာတွေ ဖလှယ်တယ်လို့ပြောရင် စကားလုံးပိုလှတာပေါ့။ မှော်ဘီကလူတွေက အဲလို သတင်းဖလှယ်ရတာကို နှစ်သက်ကြတာ။ ဒီအချိန်မှာပဲ နေမင်းသူရိန်က
“ကဲကဲ ငါ့တို့ရဲ့ ဇာတ်လမ်းကို ခံစားနားထောင်ကြပေတော့။ ဇာတ်လမ်းက ငါပန်းရောင်းရင်း စပီကင်တက်တာက စတာပဲ။ ဒီလိုကွ” လို့အစချီရင်း အာပေါင်အာရင်းသန်သန်နဲ့ ရေပက်မ၀င်ပြောတော့တာပဲ။
နေမင်းသူရိန်တစ်ယောက် မျောက် ငပိထိထားသလိုဖြစ်နေပါတယ်။ မနက်က တနင့်တပိုးစားထားတာက ဒင်းကို ဒုက္ခကောင်းကောင်းပေးနေပြီ။ ဒီ စပီကင်သင်တန်းကို တက်တာ နှစ်ရက်ပဲရှိသေးတယ်။ ဒင်းက တောသားဆိုပေမယ့် ဘိုရူးရူးနေတဲ့လေ။ သင်တန်းကလည်း မစသေးဘူးဆိုတော့ အိမ်သာပြေးလိုက်ဦးမယ်ပေါ့။ ဒါနဲ့ အိမ်သာဆီကို အပြေးလေးသွား. တံခါးဖွင့်အကြည့်မှာ။
“ဟင်”
အိမ်သာက ဘိုထိုင်အိမ်သာကြီး။ ဒါမျိုးလည်း တစ်ခါမှ မသုံးဘူးလေတော့ ပျာနေပြီ။ တတ်နိုင်ဘူးလေ။ နောက်ဖြစ်မယ့် ကိစ္စ နောက်မှရှင်းမာယ်ဆိုပြီး ၀င်ချသွားတယ်။ ပြီးတော့ အိမ်သာခွက်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး..
“အင်း.. ဇိမ်ရှိလိုက်တာ ရွာပြန်ရောက်မှ ဒီလိုအိမ်သာ သုံးခဲ့တယ်ဆိုတာ ကြွားရဦးမယ်” ဆိုပြီး တွေးတုန်း ဒုက္ခက၀င်လာတယ်။ ရေလောင်းရမယ့်ကိစ္စ.. ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ ကြံရာမရတာနဲ့ အိမ်သာထဲက အသာလေးလစ်ထွက်ဖို့ အိမ်သာတံခါးဖွင့်ကြည့်တုန်း အပြင်မှာ ကောင်မလေးတစ်ယောက်။ ဒါနဲ့ အိမ်သာတံခါးကို ပြန်ပိတ်ပြီး သူ့ကိစ္စကို သူပြန်ကြည့်ရင်း စဉ်းစားနေမိတယ်။ တတ်နိုင်ဘူးလေ.. နည်းနည်းတော့ ပေနေလိုက်ဦးမယ်တွေးရင်း ခဏနေမှ ပြန်ဖွင့်ကြည့်တော့ မပြန်သေးဘူးဖြစ်နေတယ်။ ဒါနဲ့ ကြံရာမရတဲ့အဆုံး..
“ဟို.. ဟိုလေ… ရေဘယ်လိုလောင်းရတာလဲဟင်..။ တို့ရေမလောင်းတတ်လို့၊ တို့က တောသားပါ”
ဆိုလိုတော့မှ ကောင်မလေးကလည်း သဘောပေါက်သွားတယ်။ ပြီးတော့ ဒင်းကို ကူညီလိုက်တာပေါ့။ နေမင်းသူရိန်ခမျာ ရှက်လည်း ရှက်ပါတယ်။ ရှက်လည်း မရှက်နိုင်ပါပေါ့။
“ကျေးဇူးပဲနော်… ဒါနဲ့နာမည် ဘယ်လိုခေါ်လဲ” တဲ့
အရှက်မရှိလိုက်ပုံများ မိတ်ဆွေတောင်ဖွဲ့နေသေး။ ကောင်မလေးက ပြုံးစိစိနဲ့
“ပြည့်ပြည့်” လို့ပြန်ဖြေတယ်။ အဲဒီမှာ ဇာတ်လမ်းဖြစ်ကရော။…
“ဟာကွာ.. မင်းတို့တွေ့ပုံကြီးကလည်း အသည်းယားစရာ။ ဇာတ်ကားတွေ ဘာတွေရိုက်ရင်တော့ မင်းနာမည်ကြီးဦးမယ် ငါ့ကောင်ရေ.. ဟီဟီ”
နွေရိပ်အသံ။
“ဒါနဲ့ ဆက်ပါဦး မင်းဇာတ်လမ်းကို”
ကျောက်စက်ရေအသံ
ဒီတော့ နေမင်းသူရိန်က
“တအားကြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ သူ့မှာ အမနှစ်ယောက်ရှိတယ်။ သူနဲ့ငါ့ကို သဘောမတူဘူး။ တစ်နေ့ သင်တန်းမှာ သူနဲ့ငါစကားပြောနေတာကို သူ့အစ်မတွေက မြင်သွားပြီး သူ့ကို
နင်ဘာလို့ သူနဲ့စကားပြောနေရတာလဲ။ နင်မရှက်ဘူးလား။ ဘာလို့ ချွဲနွဲ့နေတာလဲ။ ဘာလို့ဒီလောက်ပျော့ညံ့နေရတာလဲ ဆိုပြီး ဆူလို့ သူငိုလိုက်တာကွာ။ ငါစဉ်းစားလို့မရတာက အဲဒီအချိန် သူနဲ့ငါက သူငယ်ချင်းအဆင့်ပဲ ရှိသေးတာကို ဘာသဘောနဲ့ ပြောမှန်းမသိဘူး။ နောက်ပိုင်း သူအတန်းသိပ်မတက်တော့ ငါတောင် သူ့အိမ်လိုက်သွားသေးတယ်။ သူတို့က အရမ်းချမ်းသာတာကွ”
“အေး ဆက်ပြောပါဦး”
မောင်ဖုန်းအသံ
“နောက်တော့ ငါနဲ့သူပိုရင်းနှီးလာတယ်။ ငါလည်း သူ့ကို ချစ်စကားဆိုမိတယ်။ ငါ့ရည်းစားစကားပြောနည်းကို ခင်ဗျားမသိရင် မှတ်ထား။
နင်ဖဲရိုက်တဲ့အခါ ငါဟာနင့်အတွက် ဂျိုကာဖဲလေးဖြစ်ပေးမယ်။
နင်ဝမ်းချုပ်တဲ့အခါ ငါဟာနင့်အတွက် ကနခိုလေးဖြစ်ပေးမယ်။
နင်သာခွေးမလေးဆိုရင် ငါဟာနင့်အတွက် အီးပုံလေးဖြစ်ပေးမယ်။
ငါ နင့်ကို သိပ်ချစ်တယ်ဟာ။
အဲလိုပြောလိုက်တာ နောက်တစ်ပတ်ကျတော့ အဖြေပြန်ရရော။ သူကစကားနည်းတယ်ကွ။ ငါက ချစ်ကလည်းကွာ စကားအရမ်းနည်းတာပဲ။ ကိုယ့်ကို များများပြောပါလို့… ဆိုတော့ တို့အသံကြီးက အောတောတောကြီးမို့ ရှက်လို့ပါတဲ့။ အခုချိန်ထိ ငါတို့စကားဖောင်ဖွဲ့မပြောဖူးသေးဘူး။ ဟုတ်တယ်နော် ချစ်” ဆိုတော့ ကောင်မလေးက
“မောင်ကလည်းကွာ” ဆိုပြီး ခပ်ဖွဖွလေးလှမ်းထုတယ်။ နေမင်းသူရိန်က ဆက်ပြီး..
“တစ်နေ့တော့ သူ ငါနေတဲ့ အဆောင်ကို ရေးကြီးသုတ်ပျာနဲ့ လိုက်လာတယ်။ မောင်ရေ အစ်မတွေလိုက်လာပြီ။ သူတို့က မောင်နဲ့တို့ကို သဘောမတူဘူးတဲ့။ တို့မောင်နဲ့ မခွဲချင်ဘူး။ တို့ကို ခိုးပြေးတော့နော်” တဲ့။ နောက်မှာကလည်း သူ့အစ်မတွေက လိုက်လာနေပြီ။ ငါလည်း တတ်နိုင်ဘူးကွာ ဆိုပြီး ခိုးချလာတာပဲ။ သူ့အမတွေဆိုတာ ငါ့ရဲ့ ဉာဏ်ရည်ကို မမှီဘဲကျန်ခဲ့တယ်ကွာ။ ပါးစပ်ကလည်း ပြောသေးတယ်။ ဘာတဲ့။
“ဟဲ့…. ဓားနဲ့ ဓားချင်းတွေ့ရင် မီးပွင့်ကုန်မှာပေါ့ တဲ့။ အဲဒါကို ငါနားမလည်နိုင်ပဲ”
အဲဒီအချိန်မှာ ကောင်မလေးက မျက်နှာတစ်ချက်ပျက်သွားပြီး
“မောင်ရေ… တို့အိပ်ချင်လို့ သွားအိပ်တော့မယ်”
ဆိုပြီး အခန်းထဲဝင်သွားတယ်။ ဒါကို နေရောင်ဝါက
“အယ်.. ကောင်မလေးက အိပ်ချဉ်လို့ မင်းထန်းလျက်တွေ သူအိပ်ကပ်ထဲသွားထည့်ချည်။ ဒါမှ အိပ်ချိုသွားမှာကွ ဟဲဟဲ”
ဒီတော့မှ နေမင်းသူရိန်လည်း ကြွားလုံးကုန်လို့
“ကဲကဲ.. မင်းတို့လည်း ပြန်ကြတော့။ ငါလည်း အိပ်ချိုလိုက်ဦးမယ် ဟဲဟဲ မနက်ဖြန် မင်္ဂလာဆောင်ကျမှပဲ မင်းတို့အကုန်လုံး ခွေးလို ၀က်လို လာမျိုကြပေါ့ ဟီဟိ”
အားလုံးလည်း အလျှိုလျှိုပြန်ကြကုန်ပြီ။ အပျိုတစ်သိုက်ကတော့ မနက်ဖြန်မှာ တနင့်တပိုးစားဖို့ အားခဲထားနေလေရဲ့။ ညကမဖိတ်ခေါ်ဘဲ သန်းခေါင်ယံရောက်လာလေပြီ။ ၀န်းကျန်တစ်ခုလုံးလည်း တိတ်ဆိတ်လို့။ အဲဒီအချိန်မှာ……
“အောင်မလေး… ကယ်ကြပါဦးဗျ”
ဆိုပြီး လူတစ်ယောက်ပြေးထွက်လာတယ်။ မင်္ဂလာဆောင်အတွက် ချက်ပြုတ်နေတဲ့သူတွေတောင် မှေးနေရာကနေ ပြူးပြဲဖြစ်ကုန်တယ်။ ဘယ်သူဘာဖြစ်တာပါလိမ့်ဆိုပြီး ရှာကြတာ..
“ဟ နေမင်းသူရိန်ပါလား။ ဘာဖြစ်တာလဲ။ မင်းကို ဘယ်သူဘာလုပ်လိုက်လို့လဲ” ဆိုတော့
“အောင်မလေး နေမင်းသူရိန်တို့ ကံသီလို့ ဘ၀ပျက်တော့မလို့ အဲဒီပြည့်ပြည့်ဆိုတဲ့ ကောင်မက အခြောက်မကြီးဗျို့။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရတယ်။ သူ့အစ်မတွေ ဘာကိုဆိုလိုလဲလို့ ခုမှသိတော့တယ်။ အသံကြီးက သြတောတောဖြစ်နေတာ ဒါကြောင့်ကိုး။ အခုသူလိုက်လာနေပြီ။ ကျုပ်တခြားရွာကို ပြေးပြီဗျို့”
ဆိုပြီး တစ်ချိုးတည်းလစ်တော့တာပဲ။ ပြည့်ပြည့်ခေါ် ပြည့်ဖြိုးအောင်တဲ့ အခြောက်မကလည်း
“မောင် မပြေးပါနဲ့ မောင်ရယ်”
ဆိုပြီး နေမင်းသူရိန်နောင်ပြေးလိုက်သွားလေရဲ့။ ကျွန်တော်တို့တစ်သိုက်လည်း ငိုအားထက် ရယ်အားသန် ဖြစ်သွားကြတယ်။
မနက်ရောက်တော့ အရပ်ထဲက လူတွေထဲမှာ သတင်းထူးတစ်ပုဒ်က ခပ်စာစာလေး ပျံ့လွင့်လို့နေတယ်။ ဘာအကြောင်းလဲဆိုတာ ပြောပြဖို့လိုမယ်တောင် မထင်ပါဘူး။ ပြည့်ပြည့်ခေါ် ပြည့်ဖြိုးအောင်ကိုလည်း သူတို့အိမ်က လာခေါ်သွားတယ်။ သူကပြောသေးတယ်။
“မောင့်ကို အမြဲသတိရနေမယ်လို့ ပြောပေးပါ” တဲ့။
ဒါပေမယ့် ပြောဖို့အခွင့်မသာခဲ့ပါဘူး။ အပုန်းကောင်းတဲ့ နေမင်းသူရိန်တစ်ယောက် ကလေးနှစ်ယောက်အမေ မုဆိုးမ မခင်ထားအိမ်ပေါ်ဝင်ပုန်းမိလို့ မခင်ထားနဲ့ ညားပါလေရော။ နေမင်းသူရိန်ကပြောတယ်။
“မုဆိုးမဆိုပေမယ့် တမာရွက်ထက်တော့ ချိုပါတယ်ကွာ” တဲ့။
အထက်တွင်ရေးခဲ့တော့ Blog မှာ ကျွန်တော် စိတ်ကူးပေါက်ရာရေးသားထားခြင်းဖြစ်သဖြင့် နာမည်ဆင်တူရိုးမှာ ဖြစ်ခဲ့သော်.. အပြစ်မဆိုကြပါနှင့် နာမည်တူ လူတူမရှားသာဖြစ်ကြောင်း။….။

No comments:
Post a Comment