Saturday, February 23, 2013

သူများတွေလည်း ဒီလိုပဲ

ကိုစိုးထက်တို့လို ကိုယ့်ဒူးကိုယ်ချွန်ပြီးမှ တက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အချိန်ဆိုတာ မိနစ်စက္ကန့်နဲ့အမျှ သိပ်အရေးကြီးတယ်။ တစ်နေ့တစ်နေ့ဇယ်စက်သလို ဆက်နေတဲ့အလုပ်တွေကြားမှာ နစ်မြုပ်နေတာကြောင့် ကိုစိုးထက်ပုံစံက ဘယ်လိုမှ သူဋ္ဌေးတစ်ယောက်နဲ့မတူ။ တောက်တောက်ပြောင်ပြောင် နေဖို့နေနေသာသာ ယားတဲ့နေရာရှိရင်တောင် မှတ်ထားပြီးမှ ကုတ်ရတယ်။ အဲလောက်ကို အလုပ်ရှုပ်တာ။ တစ်ခါတစ်ခါ တစ်နေကုန်လို့မှ ရေတစ်ခါမချိုးဖြစ်ဘူး။ မနက်စာနဲ့ညစာ ပေါင်းစားလိုက်ရတဲ့နေ့တွေကလည်း အလီလီ။ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာ တစ်လမှ တစ်ကြိမ်လား နှစ်ကြိမ်လားပဲ။ ကြာတော့ သူ့အမေကတောင် ပြောယူရတဲ့အဆင့်ရောက်လာပါရော…။
          “သား.. စိုးထက် နင့်မလဲဟယ် မိန်းမယူဖို့ ပိုက်ဆံရှာတာလည်း ရှာတာပေါ့ ဒါပေမယ့် နင့်ကိုနင်လည်း ပြန်ကြည့်ဦး”
          “ဗျာ.. သားကဘာဖြစ်နေလို့လဲ အမေရ..”
          “ဆံပင်ကလည်း မလျှော်မညှပ်နဲ့ ဘုတ်သိုက်၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကလည်း ရှေးခေတ်အရည်းကြီးတွေတောင် အရှုံးပေးရမယ်”
          ဟုတ်တော့ ဟုတ်ပါတယ်။ သူ့အမေပြောတော့မှ ကိုစိုးထက် သူ့ကိုယ်သူ မှန်နဲ့ ပြန်ကြည့်တယ်။ အလုပ်ထဲစိတ်ရောက်နေခဲ့တာကြောင့် လူကပါးချောင်၊ နားချောင်တွေလည်း ကျလို့။ ဆံပက်ဘုတ်သိုက်၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကြောင့် လူကညှင်းသိုးသိုးပုံစံကြီးဖြစ်နေပြီ။ သူ့ရုပ်သူတောင် မှန်ထဲမှာ မနည်းပြန်ဖမ်းယူရတယ်။
          ဒီလိုနဲ့ အလုပ်ပါးတဲ့ညနေခင်းတစ်ခုမှာ လမ်းထိပ်ကဆံပင်ညှပ်ဆိုင်ကို ထွက်လာခဲ့တယ်။ ဆံသဆရာကလည်း ထုံးစံအတိုင်း ဆိုင်ထဲမှာ ငိုက်နေလေရဲ့။
          “ကဲ ဆရာရေ.. ကျုပ်ရဲ့ ထိုင်းမှိုင်းနေတဲ့ ဟောဒီပုံစံကို လတ်ဆတ်သွားအောင် ပြုပြင်ပေတော့ဗျို့”
          ဆံသဆရာကလည်း စကားတပြောပြောနဲ့ ဆံပင်ကို စိတ်အေးလက်အေးစညှပ်တယ်။ ပြီးတော့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေပါ ဆက်ရိတ်တယ်။ အဲဒီမှာ ပြဿနာနည်းနည်းရှိလာတယ်။ ကိုစိုးထက်က လူကသာ ဗိုက်ထွက်နေတာ ဒီရက်ပိုင်း အိပ်ရေးပျက်ထားတော့ မျက်နှာတွေချောင်ကျပြီး  ပါးက ခွက်ဝင်နေတယ်။
          ဒါနဲ့ ဆံသဆရာကလည်း သစ်သားနဲ့ လုပ်ထားတဲ့ အလုံးလေးတစ်လုံးပေးလိုက်ပြီးပြောတယ်။
          “ကိုစိုးထက် ဒါလေးခဏငုံထားဗျာ။ ဒါမှ ခင်ဗျားပါးသိုင်းမွှေးတွေ ရိတ်ရတာ အဆင်ပြေမယ်”
          ကိုစိုးထက်လည်း ဆရာချမ်းပေးတဲ့ အလုံးလေးကို ပါးစောင်မှာ ငုံထားလိုက်တယ်။
          “အလဲ့ ဟုတ်သားဗျ”
          ကိုစိုးထက် တော်တော်သဘောကျသွားတယ်။ ဒီဆံသဆရာက ဒီလိုကျတော့လည်း ဉာဏ်ပြေးသားပဲ လို့ တွေးမိလိုက်တယ်။ ညာဘက်ပါးကို ရိတ်တော့ ညာပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်ရင် ဘယ်ပါးစောင်မှာ ငုံလိုက်၊ အလုပ်ကို ဖြစ်လို့။ အဲလိုငုံထားရင် ကိုစိုးထက်ခေါင်းထဲ အတွေးတစ်ခုဝင်လာတာနဲ့ ဆံသဆရာကို မေးလိုက်မိတယ်။
          “ဒါနဲ့ အခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကို မြိုချမိရင် ဘယ်လိုလုပ်မတုန်း ကိုယ့်ဆရာရဲ့”
          “ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ အိမ်သာတက်ရင် ပြန်ထွက်လာမှာမဟုတ်လား။ အဲဒီတော့မှ ရေဆေးပြီး ပြန်လာပေးပေါ့။ သူများတွေလည်း ဒီလိုပဲ ပြန်လာပေးနေကျပဲဟာ”
          ကိုစိုးထက် ဘယ်လိုများဖြစ်သွားမလဲဗျာ။
          ကဲ လက်ဖက်ရည်ဆိုင်တောင် မလာနိုင်တော့တဲ့ ကိုစိုးထက်ရေ… တစ်ခါလောက်တော့လည်း ကြွခဲ့ပါဦးဗျ။ ဖုန်းဆက်တော့လည်း ကိုမင်းစိုးကိုင်။ ဆိုင်သွားတော့လည်း မရှိလေတော့ ကိုယ့်ဆရာပဲ ကြွခဲ့ပါတော့ :P

No comments:

Post a Comment