Saturday, February 23, 2013

ကျွန်တော်နှင့်မြိန်

သူငယ်ချင်းတွေက ပြောကြတယ်… သူများအကြောင်းတွေချည်း လှိမ့်ရေးနေတာ။ ကိုယ့်အကြောင်းလေး ဘာလေးလည်း ရေးဦးဟ၊ ငါတို့ ၀ိုင်းဟားမယ်ဆိုပဲ။ ပြောရရင် ကျွန်တော့်လောက် ပေါက်ကရဖြစ်၊ ပေါက်ကရတွေးတာ ကျွန်တော်ပဲရှိမယ်ထင်တယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော်က မဟုတ်က ဟုတ်က တွေးပြီးပြီ။ အင်း…. ကျွန်တော်ငယ်ငယ်က စာတော်တော်ဖတ်တယ်။ အခုကြီးလာတော့ အရင်ကလောက် မဖတ်ဖြစ်တာအမှန်။
ကျွန်တော်ငယ်ငယ်ကနေတာ တောင်ဥက္ကလာမှာ..။ သွားစရာ လာစရာကလည်း ရှားပါဘိ။ ခုတော့မသိပါဘူး အရင်ကပြောပါတယ်။ တစ်ခုပဲ အပျင်းပြေရှိတယ်။ ကျွန်တော့်အိမ်ဘေးနားက ဦးလေးကြီးတစ်ယောက်က စာဖတ်ဝါသနာပါတယ်။ သူ့ဆီမှာ ဟိုးအရင်က ငွေတာရီ၊ မြ၀တီ ဘာညာ အကုန်ရှိတယ်။ ကလေးကြိုက် မင်္ဂလာမောင်မယ်တို့၊ မြတ်မင်္ဂလာတို့ကလည်း မလွတ်ဘူး။ ကျွန်တော့်ကို ပေးပေးဖတ်တတ်တယ်။ ကြာတော့ ကျွန်တော်လည်း ကိုယ်တိုင်ရှာ သေချာရွေး ငှားဖတ်လုပ်တတ်လာတယ်။
နောက်တော့ ၀တ္ထုရှည်တွေ ဘာတွေတောင် ဖတ်တတ်လာပြီ။ အဲဒီအရွယ် ကိုယ်ဘာကောင်မှန်း မသိသေးတဲ့ အချိန်တည်းက အချစ်ဆိုတာနဲ့ ရင်းနှီးနေပြီ။ အဲဒီတုန်းက မှတ်မိပါတယ်။ အဲဒီဦးလေးက တက္ကသိုလ်ဘုန်းနိုင် ခရေဇီဆိုတော့ ကိုယ်လည်း တက္ကသိုလ်ဘုန်းနိုင်ပေါ့။ နောက်တော့ မနေနိုင်တော့ဘူး။ တွေ့ကရာအကုန်ဖတ်ရော။ အဲဒီမှာ စာအုပ်ပုံထောင့်နားမှာ သွားတွေ့တာက…
“ရည်းစားစာရေးနည်း” ဆိုပဲဗျ။ အဖုံးက အပြာလေးနဲ့။ ကိုယ်က အရင်စာအုပ်တွေမှာ အချစ်တို့၊ ရည်းစားတို့၊ မောင်တို့၊ ခိုင်တို့ နဲ့ကလည်း မစိမ်းလေတော့ သိတယ်မဟုတ်လား။ ဖတ်ကရော…။ အဲဒီတုန်းကတော့ စာတွေ ပြွတ်ကြပ်ညပ်နေလို့ သေချာတော့ မဖတ်ဖြစ်ပါဘူး။ ခေါင်းစဉ်လေးတွေကတော့ မိုက်သား။ မှတ်မိသလောက်ပြောပြရရင် ရည်းစားရေးနည်း နိဒါန်းတို့၊ မိန်းကလေးယုံကြည်လာအောင် ရည်းစားစကားပြောနည်းတို့ အဖြေပြန်ပေးနည်းတို့ဘာတို့ပေါ့။ ကိုယ်ကလည်း လက်တွေ့သမားဆိုတော့။
သူပြောတဲ့အတိုင်းပါပဲ။ ရည်းစားစာတစ်ခုမှာပါသင့်တဲ့ အရာတွေနည်းနည်းဆီကူးပြီးတော့ ကျွန်တော်စာတစ်စောင်ရေးမိတယ်။ ဘယ်သူ့ကိုပေးမယ်လို့တော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကျောင်းတက်တဲ့အချိန် ကျွန်တော့်ဘေးကကောင်က အဲဒီစာကိုတွေ့သွားပြီးတော့ သူကြိတ်ကြံနေတဲ့ ကောင်မလေးကိုသွားပေးတယ်။ သိပ်မကြာလိုက်ပါဘူး။ ကောင်မလေးဆီကလည်း စာတွေ ဘာတွေ ပြန်လာလေရော။ အဟုတ်ဗျာ.. ပြောရရင်တော့ ဒီကောင်ကြီး စွံသွားတယ်ပေါ့။
ဒီလိုနဲ့ပဲ.. နောက်သူငယ်ချင်းတွေကလည်း ကျွန်တော့်ဆီကပ်လာကြရော..။ ဒီတော့ ကျွန်တော်က အကြံတစ်ခုရမိတယ်။ ဒီလိုရည်းစားစာရေးတာက ဆရာမတွေ မိဘတွေမိရင်သေမှာလေ။ ဒီတော့ ငါအကြမ်းရေးပေးမယ်။ မင်းတို့ ပြန်ကူးရေး..။ တစ်စောင်ကို ငါးဆယ်ပေးရမယ်လုပ်ပလိုက်တာ။ ငနဲသားတွေကလည်း မလိုချင်ရှာဘူးလေ။ ချက်ချင်းရှေ့မှာ ၅၀ တန်လေးရွက်ကျလာတယ်။ ကြည့်လိုက်တော့ လေးယောက်။ အဲဒီနေ့က ရည်းစားစာလေးစောင်ရေးပေးပြီးတော့ ၂၀၀ ရသွားတယ်။ အဲဒီတုန်းက ငွေ ၅၀ ဆိုရင်တောင် ကျွန်တော်တို့လိုကျောင်းသားတွေကအတွက် တော်တော်ဖူလုံနေပါပြီ။ နောက်တော့ အိမ်က မုန့်ဖိုးကိုစု ကျောင်းကရတဲ့ ကိုယ့်လုပ်အားလေးနဲ့ပဲ စားနေတော့တာ။ ကိုယ့်ကိုလည်း အလုပ်အပ်တဲ့လူက အများပေကိုး။
အမှန်က ရည်းစားကို ရောင်းစားရတာလည်း မလွယ်လှဘူး။ အဆိုတော်တစ်ယောက်လိုပဲ။ ပထမဦးဆုံးသီချင်းလေး ပေါက်သွားမှ နောက်ပိုင်းသီချင်းတွေ လိုက်နားထောင်ကျတာလေ။ ကိုယ်ကတော့ ပထမဦးဆုံးဗွေဆော်လေးက ရည်းစားရသွားတဲ့အပြင် နောက်ထပ်ရေးပေးတဲ့ လေးစောင်ပိုင်ရှင်တွေကလည်း အဆင်ပြေသွားသဗျ။ အဲဒီရက်ပိုင်း ကံတွေစွတ်ကောင်းနေပုံပြောပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော့်စီးပွားရေးလေးအဆင်ပြေတာကတော့ တစ်နေ့ကို မုန့်ဖိုး ၅၀၀ ရတဲ့ အကိုက ပိုက်ဆံမစုနိုင်ပဲ တစ်နေ့မှ ၁၀၀ ရလေတဲ့ ကျွန်တော်က ကျောင်းသွားတိုင်းလက်ထဲမှာ ၁၀၀၀ လောက်က ပါတယ်။ ပြောရဦးမယ် အဲဒီအချိန်မှာ ကျွန်တော့်အကိုအဆက်အသွယ်နဲ့ ကျွန်တော့်နာမည်က ၈ တန်း ၉ တန်း ၁၀ တန်းတွေထိပါ ပေါက်ရောက်တယ်။
တစ်နေ့ကျတော့ ဘယ်ကဘယ်လိုသတင်းကြားလဲမသိပါဘူးဗျာ။ ၈ တန်းကကောင်တစ်ကောင် ရောက်ချလာတယ်။ ညီလေး အကို့ကိုလည်း တစ်စောင်လောက်ရေးပေးပါဆိုပြီးတော့ပေါ့။ လူကတော့ နည်းနည်းအူတူတူရယ်။ ဒါလေးပြောတာကို ရှက်သလိုလို ကြောက်သလိုလို လုပ်နေတာ။ ဒါပေမယ့် ကိုယ်ကလည်း ပိုက်ဆံရတယ်ဆိုပြီး ရေးပေးမိတယ်။ ကံဆိုးခြင်းက အဲဒီမှာ စ လေတာ။
ကျွန်တော်ရေးပြီးလို့ သူ့လက်ထဲထည့်တဲ့နေ့မှာပဲ ငနဲသားက စာပေးတယ်တဲ့။ ပေးတဲ့နေရာကလည်း ကြည့် ဆရာမနားနေခန်းနားမှာ။ ကောင်မလေးက မယူပဲ ထွက်ပြေးလို့ ကောင်မလေးလက်ကို အတင်းဆွဲပြီး အတင်းထည့်ပေးတယ်တဲ့။ ဘာပြောကောင်းမလဲ။ ဆရာမနဲ့သွားတိုင်လိုက်တာ ရုံးခန်းတွေရောက်ကုန်ရော။ နောက်ဆုံးစာကို ဘယ်သူရေးပေးလဲဆိုတော့ ဒီကောင်ကြီးခေါင်းကိုစိုက်ကျပါလေရော။ အဲဒီတုန်းက ဆူလိုက်တာဆိုတာများ အတန်းကြည့်တော့ ၃ တန်း ရည်းစားစာတောင် ရောင်းစားနေပြီပေါ့တွေရော ဘာတွေရော ညာတွေရော။ နောက်ဆုံးတော့ ကျောင်းအုပ်ဆရာမကြီးလက်ချက်နဲ့ ကြိမ်စာ ၅ ချက်မြည်းလိုက်ရတယ်။ မြိန်ပါ့ဗျာ. မြိန်ပါ့။
နောက်နေ့ကျောင်းရောက်တော့ သတင်းတစ်ခုက စောင့်နေပါတယ်။ မနေ့က ရုံးခန်းရောက်တဲ့ ရည်းစားစာပေးတဲ့လူနဲ့ အပေးခံရတဲ့လူနှစ်ယောက် ကြိုက်သွားလို့ မုန့်ဖိုး ၅၀၀ ပေးသွားတယ်တဲ့။ သူငယ်ချင်းတို့ နားမလည်ဘူးထင်တယ်။ ပြောပြမယ်။ အမှန်က ကောင်မလေးကလည်း အရင်တည်းက ခပ်ပါပါရယ်။ လူကြားထဲမှာ အတင်းလက်ဆွဲပြီးစာပေးလို့ ရှက်ပြီးဆရာမနဲ့တိုင်တာတဲ့။ နောက်တော့ ကျောင်းအုပ်ဆရာမကြီးရှေ့မှာ မျက်နှာငယ်လေးနဲ့ အဆူခံရတဲ့ သူ့အကောင်ကို သနားပြီး ညနေကျောင်းဆင်းတော့ အဖြေပြန်ပေးလိုက်တယ်ဆိုပဲ။ ဘာမဆိုင် ညာမဆိုင် ကျွန်တော် အဆော်ခံလိုက်ရလို့ တောင်းပန်ရင်း မုန့်ဖိုးပေးတာတဲ့။
အင်း…ဒါမျိုးတော့ ဘယ်ရမလဲ ကျွန်တော်ကလည်း ကျွန်တော်ပဲလေ။ သူတို့ပေးတဲ့ မုန့်ဖိုး ၅၀၀ နဲ့ ဒဏ်ကျေလိမ်းဆေးဝယ်လိမ်းလိုက်တာ။ အင်း မြိန်ပါ့။

No comments:

Post a Comment