Thursday, April 25, 2013

ဆားပုလင်းပုလင်းပြောင်နှင့်ငွေကျပ်သိန်းတစ်ရာပျောက်ဆုံးမှု

စကားဦး

လူတိုင်း လူတိုင်းမှာ ငယ်စဉ်ကတည်းကပင် ကြိုက်နှစ်သက်သော ဇာတ်ကောင်တစ်ဦးစီရှိကြပေသည်။ ကျွန်ုပ်တွင်လည်း ငယ်စဉ်တည်းကပင် စုံထောက်မောင်စံရှား၊ ဆားပုလင်းနှင်းမောင်၊ ဆားပုလင်းမင်းမောင် စသော စုံထောက်ဝတ္ထုများမှ ဇာတ်ကောင်စုံထောက်ကျော်ကြီးများကို ကြိုက်နှစ်သက်ခဲ့ပေသည်။ ယခုတွင်လည်း ကြိုက်နှစ်သက်တုန်းပင်ဖြစ်၏။ ထိုအတွက်ကြောင့်လည်း ဤဇာတ်လမ်းကို ရေးသားခဲ့ခြင်းဖြစ်ပေသည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ မူရင်းစာရေးသားသူများကို စော်ကားလိုခြင်းမဟုတ်ဘဲ ကျွန်ုပ်ရေးနေကြပုံစံအတိုင်း ဟာသသဘောမျိုးနှင့်သာ ရေးသားခြင်းဖြစ်ပေသည်။

                                 ဆားပုလင်း ပုလင်းထောင်နှင့် ငွေကျပ်သိန်းတစ်ရာပျောက်ဆုံးမှု

    တစ်နေ့သ၌ ကျွန်ုပ်သည် လွန်စွာမှပူပြင်းလှသော မြန်မာနိုင်ငံ၏ နွေရာသီကို အံတုသည့်အနေဖြင့် အိမ်ရှေ့တွင်ပေါက်နေသော မကျည်းပင်အောက်ရှိ ကွပ်ပစ်တွင် ဆတ်သားခြောက်မီးဖုတ်အား ပဲဆီစစ်စစ်ဖြင့် စိမ်ထားသော ဆတ်သားခြောက်မီးဖုတ်၊ လက်ဖက်ညွန့်ချည်းသီးသန့်အား တွင်းပိုးကြော်နိုင်နိုင်ဖြင့် မွမ်းမံထားသော လက်ဖက်သုတ်တို့ အမှတ်ဖြင့် ပဲလှော်နှင့် ထန်းလျက်ခဲကို လက်ဖက်ခြောက် ကောင်းစွာမခတ်နိုင်တော့သောကြောင့် အဖြူရောင်သီးသန့် ရေနွေးဖြင့် မြည်းလျက်ရှိလေသည်။ ထိုအချိန်တွင် ဆားပုလင်း ပုလင်းပြောင်မှာမူ ဆရာတော် အရှင်တိလောကသာရ (ရဝေထွန်း) ရေးသားထားသော အလွန်တရာမှ ထူထဲလှသည့် မြန်မာဓမ္မပဒ၀တ္ထုကြီးကို ခေါင်းအုံးကာ ရွှေသွေးကာတွန်းဂျာနယ်အား ဖတ်လျက်ရှိလေသည်။

    “အိုင်ဆေး ကိုပုလင်းပြောင် အဖန်ရည်လာသောက်ဦးလေဗျာ”

    “နေပါစေ ကိုဂျွန်ကောင်းရယ် ကျွန်ုပ်က ဟိုဆေးရည်ကလွဲရင် ဘာအရည်မှ မသောက်တတ်တာကို ခင်ဗျားလည်း သိသားနဲ့”

    ဟုပြောလိုက်လေသည်။ ကျွန်ုပ်ကလည်း ဆရာကောင်း တပည့်ပီသစွာဖြင့် ဟိုဆေးရည်ဆိုသည်မှာ အရက်ဟူသောအရည်ဖြစ်ကြောင်းကို နားလည်လိုက်လေသည်။ ဆားပုလင်း ပုလင်းပြောင်ကပင် ဆက်လက်၍

    “ဟူး… ကိုဂျွန်ကောင်းရယ် ကျုပ်တော့ ဒီရက်ပိုင်းအတော့်ကို ပျင်းနေပြီဗျာ… ကြာရင် အပျင်းရောဂါဆွဲလာမှာတောင် စိုးရိမ်မိတယ်”

    “ဟုတ်လောက်မယ် ကျုပ်လည်း ကြားဖူးတယ်ဗျ…. တစ်ချို့စုံထောက်တွေက အမှုမလိုက်ရတာ ကြာတဲ့အခါ ဉာဏ်တွေတောင်ထုံထိုင်းသွားမှာစိုးရိမ်လို့ အမှုဖြစ်ပါစေလို့တောင် ဆုတောင်းနေတတ်ကြတယ်ဗျ”

    “ဟာ.. ကိုဂျွန်ကောင်းကလည်း လုပ်ရော့မယ်… အဲဒါက ၀တ္ထုထဲက စုံထောက်တွေပါဗျာ.. ကျုပ်အမှုဖြစ်စေချင်တာက အမှုမရှိတော့ ကျုပ်ပိုက်ဆံမရဘူးဗျာ.. ဒီတော့ အနီတောင်မသောက်နိုင်ဘဲအဖြူတွေနဲ့ပဲ နှစ်ပါးသွားရလွန်းလို့ ငွေလေးများရအောင် အမှုဖြစ်စေချင်တာဗျို့”

    “အမလေး ကြည်ညိုဖို့ကောင်းလိုက်တဲ့ စိတ်ကူးဗျာ”

    ထို့နောက် ဆားပုလင်း ပုလင်းပြောင်နှင့် ကျွန်ုပ်တို့နှစ်ယောက်သည် ဘယ်အရက်ကတော့ဖြင့် ဘယ်ကံစမ်းမဲပါသည် ဘယ်အရက်ကတော့ဖြင့် သောက်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်သည်ဟူ၍ ထိုင်ကာဆွေးနွေးနေမိသည်။ ထိုအချိန်တွင် စီအိုင်ဒီမှာ ပြာတာလေး ဖြိုးဇော်ဟိန်းရောက်လာပြီး…

    “အမလေး… ဆရာတို့ရယ် ရှာလိုက်ရတာဗျာ… ရုံးမှာ အမှုဖြစ်လို့ မင်းကြီးဆူနေပြီ…. အဲဒါ ဆားပုလင်း ပုလင်းပြောင်ကို ချက်ချင်းခေါ်လာခဲ့ဆိုလို့ လိုက်ရှာလိုက်ရတာ.. သွားလိုက်ကြရအောင်.. လိုလိုမယ်မယ် လက်ဖက်ခြောက်လေးပါ ယူခဲ့လိုက်ပါလားဗျာ”

    ဟု ပြောင်စပ်စပ်ပြောကာ ကျွန်ုပ်၏ လက်ဖက်ခြောက်မပါသော ရေနွေးကို တဂွတ်ဂွတ်နှင့် ထိုင်သောက်ရင်း ပဲလှော်တစ်ချို့အား အိပ်ကပ်ထဲထည့် တစ်ချို့ကို ပါးစပ်ထဲသို့ပစ်ထည့်လိုက်လေသည်။ ကျွန်ုပ်မှာမူ မရှိမဲ့ ရှိမဲ့ ပဲလှော်များကုန်သွားမှာစိုးရိမ်သဖြင့် ခပ်မြန်မြန်ထကာ စီအိုင်ဒီသို့သွားရန် ပြင်ဆင်နေသော်လည်း ဆားပုလင်း ပုလင်းပြောင်ကမူ သိပ်အရေးမကြီးသကဲ့သို့

    “ဒီမှာ ပြာတာကောင် ပြောတာက ပြော ပါးစပ်ထဲသိပ်မထည့်နဲ့ ပြီးတော့ ငါတို့အိမ်မှာ လက်ဖက်ခြောက်မရှိတော့လို့ ရေနွေးတောင် အဖြူထည်သောက်နေတာကြည့်… နောက်တစ်ချက်က ငါတို့က ရေနွေးမကြိုက်ဘူးကွ.. အရက်ပဲသောက်ချင်တာ” ဟုဆိုပြီးနောက်

    “အင်း… အမှုမရှိလို့ ပျင်းနေမယ့်အတူတူ လိုက်သွားလိုက်တာ ကောင်းပါတယ်လေ” ဟုဆိုကာ ထလိုက်လေသည်။ ထိုအခါ ပြာတာကလေး ဖြိုးဇော်ဟိန်းက

    “ပျင်းနေတာလား ပိုက်ဆံကုန်နေလို့လားဗျာ” ဟုဆိုကာ ပဲလှော်လက်တစ်ဆုပ်ကို နှိုက်၍ အိပ်ကပ်ထဲသလို့ ထည့်လိုက်လေတော့သည်။ ထို့နောက် ကျွန်ုပ်တို့သည် အခြားစုံထောက်များကဲ့သို့ ကားဖြင့် စီအိုင်ဒီသို့မသွားနိုင်သဖြင့် လမ်းလျှောက်၍သာ ချီတက်လာခဲ့လေတော့သည်။


    ကျွန်ုပ်တို့ စီအိုင်ဒီသို့ ရောက်သောအခါ မင်းကြီးဖြစ်သူ၏ ရှေ့တွင် ရုံးရှိစုံထောက်များအားလုံး တန်းစီလျက်ရှိသည်ကို တွေ့လိုက်ရလေသည်။ ဆားပုလင်း ပုလင်းပြောင်ကမူ ခပ်တည်တည်ဖြင့် ခုံတစ်လုံး ဆွဲယူကာ ထိုင်လိုက်လေသည်။ တစ်ဆက်တည်းနှင့်ပင် မင်းကြီးဖြစ်သူအား..

    “ကဲပြော.. ဘာကိစ္စမို့လို့ ကျုပ်ကိုတောင် ခေါ်လိုက်ရတာလဲ”

    ဟုပြောလိုက်ရာ မင်းကြီးဖြစ်သူက

    “ဒီလိုပါ မောင်မင်း မှော်ဘီဆိုတဲ့ မြို့ကလေးမှာ လူတစ်ယောက် ပိုက်ဆံ သိန်းတစ်ရာကျော်ကို ယူပြီးပျောက်သွားလို့ မောင်မင်းတို့ကို စုံစမ်းဖို့ခေါ်လိုက်ရတာပဲ”

    ပိုက်ဆံဟူသော အသံကြားသည်နှင့် ဆားပုလင်း ပုလင်းပြောင်သည် ဆတ်ခနဲ ထလိုက်၍

    “ကဲ ဖြစ်ပုံကို ရှင်းစမ်းပါဦး”

    ဟုပြောလိုက်ရာ မင်းကြီးဖြစ်သူက

    “ဒီလိုပါမောင်မင်း မှော်ဘီမြို့မှာ ဦးတာတီးဆိုတဲ့ လူဆီကနေပြီးတော့  နေမင်းသူရိန်ဆိုတဲ့လူက ငွေသိန်းတစ်ရာကျော်ယူပြီး ပျောက်သွားလို့တဲ့ ကဲ ဦးတာတီးဆိုတဲ့ လူကပဲ ရှင်းပြလို့ရအောင် ဟိုပြာတာ ဖြိုးဇော်ဟိန်း သွားခေါ်ချေ”

    ဟုပြောလိုက်ရာ ပြာတာဆိုသော ငတိသည် အကြွေးရှင်တွေ့သည့်ပုံနှယ့် လှစ်ခနဲပျောက်သွားလေတော့သည်။ များမကြာမီအချိန်တွင်ပင် ၀၀တုတ်တုတ် ခန္ဓာကိုယ်ရှိသော လူတစ်ယောက်နှင့်အတူ ပြန်ရောက်လာလေတော့သည်။

    “ကဲ ဒါက ဦးတာတီးဆိုတဲ့ လူပဲ အကြောင်းစုံကို သူကပဲ ရှင်းပြလိမ့်မယ် ကျုပ်လည်း နားမလည်နိုင်တော့ဘူး အမှုပုံစံကလည်း အလွန်ရိုးရှင်းတာကြောင့် ဘယ်ကနေ ဘယ်လိုစတွေးရမလဲ တောင်မသိတော့လို့ ဆားပုလင်း ပုလင်းပြောင်ကို လှမ်းခေါ်လိုက်ရတာပဲ”

    “ဒါကတော့ အမှုကို စိတ်ပါဝင်စားမှုရှိရှိ နားထောင်မှ သိနိုင်မှာပေါ့ ကိုယ် ကိုယ်တိုင်လိုက်ရတာမှ မဟုတ်ဘဲ ဆိုတဲ့ စိတ်နဲ့ နားထောင်မှတော့ ဘယ်လိုစတွေးဖို့ ရှိတော့မလဲဗျာ.. ကဲ.. ဦးတာတီး အကြောင်းစုံကို ပြောပြပါဦး”

    ဟုပြောလိုက်ရာ.. မင်းကြီးလည်း ဘာမှမပြောနိုင်တော့ဘဲ စားပွဲပေါ်ရှိ စီးကရက်ဘူးကို ကောက်ကိုင်၍ မီးညှိလိုက်လေတော့သည်။ ထို့နောက် ဦးတာတီးဆိုသူအား

    “ကဲ ဒါက ဆားပုလင်း ပုလင်းပြောင်ပဲ သူ့ကို ယုံယုံကြည်ကြည်နဲ့ ပြောပြလိုက်ပါ”

    “ဒီလိုပါဗျာ…” ဟု အစချီ၍ နေမင်းသူရိန်ဆိုသူ ပိုက်ဆံသိန်းတစ်ရာနှင့်အတူပျောက်ဆုံးသွားပုံကို ရှင်းပြလေတော့သည်။

    (ဤနေရာတွင် ဦးတာတီးဆိုသူ၏ ပြောပြချက်များမှာ စကားပြောပုံစံဖြင့်သာဖြစ်သဖြင့် ၀တ္ထုပုံစံဖြစ်အောင် မူလဇာတ်ကျောရိုးမပျက်စေဘဲ ကျွန်ုပ်၏ စာရေးသားခြင်းနည်းပညာဖြင့် ရေးသားလိုက်ရပေသည်။)

    တမာတွေဖူးသည့် နွေဦးသို့ရောက်ချေပြီတည်း။ မှော်ဘီမြို့ မြို့မဈေးလည်းကွဲစပြုချေပြီ။ ဦးတာတီးသည် ကုန်ဖိုးငွေရှင်းရမည့် ငွေသိန်းတစ်ရာကို ပိုက်လျက်ကာ “ရှင်းသန့်” နင်းသော ဆိုက်ကားပေါ်မှ ဆင်းလိုက်သည်။ ထိုအချိန်တွင် နေမင်းသူရိန်ကို မြင်လိုက်ရခြင်းဖြစ်၏။

    “ဟေ့ နေမင်းသူရိန် အိမ်ပြန်မလို့လားကွ”

    နေမင်းသူရိန်က ခေါင်းညိမ့်လေသည်။

    “ဒါဆို အတူတူပြန်ကြတာပေါ့ဗျာ”

    နှစ်ဦးသား ကိုယ့်အတွေးနှင့် ကိုယ်တိတ်ဆိတ်စွာ လမ်းလျှောက်ပြန်လာကြ၏။ ဤသို့ဖြင့် ဒေါ်ဂွက်ထော်တို့အိမ်အနီးရောက်လာသည်။

    “နေမင်းသူရိန်ရေ.. ဒေါ်ဂွက်ထော်တို့အိမ်ခဏ၀င်ကြရအောင်ဗျာ ကျွန်တော် ဒေါ်ဂွက်ထော်မှာလိုက်တဲ့ ပစ္စည်း ၀င်ပေးလိုက်ဦးမယ် ဒီအထုပ်ခဏယူထားပေးပါဗျာ ကျွန်တော်ဒီပစ္စည်းလေးတွေ ပေးပြီးတာနဲ့ အိမ်ပေါ်က ပြန်ဆင်းခဲ့မယ်”

    နေမင်းသူရိန်သည် ဦးတာတီးပေးသော အိတ်ကို လှမ်းယူ၏။ ဦးတာတီးသည် အိမ်ပေါ်ရောက်သောအခါ ဒေါ်ဂွက်ထော်၏တူမကို တွေ့လိုက်ရသည်။

    “ဟဲ့ ကလေးမ နင့်အဒေါ်ရှိလား”

    “ရှိပါတယ်ရှင့် အပြင်သွားနေလို့ ခဏထိုင်ပါဦး”

    ထိုအချိန်တွင် ဒေါ်ဂွက်ထော်သည် မီးဖိုဘက်မှ ထွက်လာပြီး

    “သြော် ဦးတာတီးရောက်နေတာကိုး ကြာနေပြီလား”

    ဦးတာတီး ဘာမျှပြန်မပြောရသေးမီပင်

    “သြော် ငါ့နှယ့် မေ့တတ်လိုက်တာ ခဏနော် ဦးတာတီး”

    ဟုပြောပြီး အိမ်အောက်ပြန်ဆင်းသွားလေသည်။ မကြာမီအိမ်ပေါ်ပြန်တက်လာပြီး တိုင်တွင် သော့တစ်ချောင်းကို ချိတ်လိုက်လေသည်။ ဦးတာတီးသည် မှာထားသော ပစ္စည်းများကို ပေးပြီး အိမ်ပေါ်မှဆင်းခဲ့သည်။ ခြံအတွင်းတွင် နေမင်းသူရိန်ကို မတွေ့ရတော့ ဟိုနား ဒီနားခဏ သွားသည်ထင်၍ လိုက်ရှာသော်လည်း မမြင်၊ အိမ်ပြန်နှင့်ပြီထင်၍ လိုက်ရှာသော်လည်း ပြန်မလာသေး၊ နေမင်းသူရိန်သွားတတ်သော နေရာများသို့လိုက်ရှာသော်လည်း မတွေ့ နေမင်းသူရိန်သည် ပျောက်ဆုံးသွားလေပြီဖြစ်လေသည်။

    “အဲဒါပါပဲဗျာ… ဆားပုလင်း ပုလင်းပြောင်ရယ် ကယ်ပါဦး ပိုက်ဆံကလည်း သဘက်ခါဆို ပေးရတော့မယ် ဒုက္ခပါပဲဗျာ”

    ဟုပြောဆို အကူအညီတောင်းလိုက်လေသည်။ ထို့နောက် မင်းကြီးက

    “ကဲ မောင်မင်းလည်း ဇာတ်လမ်းအစအဆုံးသိပြီဆိုတော့ ဘယ်ကနေ ဘယ်လိုစလိုက်ရမယ်ဆိုတာ သိပြီလား”

    ဟုမေးလိုက်ရာ ဆားပုလင်း ပုလင်းပြောင်သည် မည်သည့်စကားမျှမဆိုသေးဘဲ ခပ်တည်တည်နှင့်ပင် မင်းကြီးစားပွဲပေါ်ရှိ စီးကရက်ဘူးကို လှမ်းယူကာ ဆေးလိပ်တစ်လိပ်ထုတ်ပြီးနောက် နှုတ်ခမ်း၌တပ်လိုက်လေသည်။

    ထို့နောက် မီးခြစ်ကို ဖျောက်ခနဲ့ ခြစ်လိုက်ပြီး ဆေးလိပ်ကို ချက်ချင်းမညှိသေးဘဲ မီးညွန့်ကို ခပ်စွေစွေကြည့်၍ စီးကရက်အား မီးညှိလိုက်လေသည်။ မင်းကြီးအပါအ၀င် အခြားသောလူများသည်လည်း ဆားပုလင်း ပုလင်းပြောင်၏ ဓာတ်ရှင်မင်းသားဆန်ဆန် ပြုလုပ်နေပုံကို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေလေသည်။ ကျွန်ုပ်ကမူ ဆားပုလင်း ပုလင်းပြောင်သည် စုံထောက်မလုပ်ဘဲ ဓာတ်ရှင်မင်းသားလုပ်ပါက ပရိတ်သတ်များမှ မေတ္တာခဲမိုးများရွာနိုင်လောက်သည့် ရုပ်ရည်ရူပကာရှိကြောင်း တွေးမိသည်ကိုဝန်ခံရပါလိမ့်မည်။

    ထို့နောက်တွင်မူ မင်းကြီးဖြစ်သူက ဆားပုလင်း ပုလင်းပြောင်၏ သွေးအေးအေးဖြင့်ပြုလုပ်နေပုံများကို စိတ်မရှည်တော့ဘဲ

    “မောင်မင်း ကျုပ်မေးတာကို ဖြေပါဦး ဘယ်ကနေ ဘယ်လိုစလိုက်ရမလဲ ပြောပြပါဦး”

    ဟုမေးလိုက်ရာ ဆားပုလင်း ပုလင်းပြောင်က ဘိလပ်သားတို့သာမက ၀ိတိုရိယဘုရင်မကြီးပင် အံသြယူလောက်ရသော ဘိလပ်သံစစ်စစ်ဖြင့် ပရိတ်သတ်အားလုံး ဟင်ခနဲ ဟာခနဲ ဖြစ်သွားလောက်သောစကားကို အောက်ပါအတိုင်း ပြောချလိုက်လေတော့သည်။

    “အိုင် ဒုန့် နိုး”



စီအိုင်ဒီမှ ပြန်လာပြီးနောက် ဆားပုလင်း ပုလင်းပြောင်နှင့် ကျွန်ုပ်တို့သည် မူလနေရာဖြစ်သော အိမ်ရှေ့ကွပ်ပစ်တွင်ပင် ထိုင်လျက်ရှိနေကြပေသည်။ ထိုနောက် ကျွန်ုပ်ကမူ ပုလိပ်မင်းကြီးကိုယ်တိုင် အားကိုးတကြီးဖြင့် အကူအညီတောင်းထားသောအမှုအတွက် စိတ်မအေးဘဲ ဘယ်လိုများ အမှုစလိုက်မလဲဟု တွေးတောနေသော်လည်း ဆားပုလင်း ပုလင်းပြောင်ကမူ အိမ်ပေါ်ရှိ ၄င်း၏ မယ်ဒိုလင်လေးကို သွားယူနေလေသည်။ ထိုအခါ ဤမျှအမှုကိစ္စအတွက် အရေးကြီးနေချိန်တွင် မယ်ဒိုလင်ကို စိတ်ရောက်နေသော ဆားပုလင်း ပုလင်းပြောင်အား အံ့သြကြီးစွာ ကြည့်နေမိသည်။ ထို့နောက် ဆားပုလင်း ပုလင်းပြောင်သည် ကျွန်ုပ်အား တစ်ချက်မျှ ပြုံးပြပြီး ၄င်း၏မယ်ဒိုလင်ကို ဖုံများပြောင်စင်အောင်သုတ်နေလေ၏။
  
    “အိုင်ဆေး ကိုပုလင်းပြောင် ခင်ဗျားကလည်းဗျာ အမှုကိစ္စအရေးကြီးနေတာတောင် ဒီမယ်ဒိုလင်ကို အဖက်လုပ်နိုင်သေးသကိုးဗျ”
  
    “အဖက်မလုပ်လို့ မရဘူး ကိုဂျွန်ကောင်းရေ… ဒီညနေကိစ္စအတွက် ဒီကောင်က အရေးပါလာပြန်ပြီ”
  
    ထိုသို့ ထူးထူးဆန်းဆန်းစကားပြောသောအခါ ကျွန်ုပ်သည် ယခုအမှုတွင် မယ်ဒိုလင်နှင့်များ ပက်သက်မလားဟု စဉ်းစားမိသော်လည်း ပက်သက်ရာ ပက်သက်ကြောင်းကို တစ်စိုးတစ်စဉ်မျှမတွေ့ဘဲ ရှိနေလေ၏။ ထိုကြောင့်
  
    “အမှုမှာ ပက်သက်စရာ မယ်ဒိုလင်ဆိုတဲ့ အသံလည်း သဲ့သဲ့မျှ မကြားမိပါလား ကိုပုလင်းပြောင် သြော် ဒါမှမဟုတ် ခင်ဗျား အရင်မှုတွေလို ဉာဏ်ရွှင်အောင် မယ်ဒိုလင်တီးပြီး စဉ်းစားမလို့ထင်တယ် ကဲဗျာ တီးပေဦး ကျွန်တော်လည်း ခင်ဗျားလက်သံ မကြားရတာတော်တော်ကြာပြီ”
  
    “အာဗျာ.. ကိုဂျွန်ကောင်းကလည်း မယ်ဒိုလင် ဖုံသုတ်တာ တီးဖို့မဟုတ်ဘူးဗျ… ဒီညနေကိစ္စဆိုတာ ကျွန်တော်တို့ အရက်သောက်ဖို့ ပိုက်ဆံမရှိတော့ဘူးလေ… ဒီတော့ ဒီမယ်ဒိုလင်ကို အပေါင်ထားပြီး သောက်မလို့ ဖုံသုတ်နေတာဗျို့”
  
    ဟုပြောလိုက်လေရာ… အမှုကိစ္စကို မစဉ်းစားနိုင်ဘဲ ဘာမျှမဆိုင်သည့် မယ်ဒိုလင်ပေါင်ကာ အရက်သောက်မည့် အကြောင်းကို ခေါင်းထဲရောက်နေသော ဆားပုလင်း ပုလင်းပြောင်အား လေးစားစွာ နားမလည်နိုင်ဘဲ ရှိလေသည်။ ထိုအချိန်တွင်
  
    “ဗျို့.. ဆားပုလင်း ပုလင်းပြောင်”
  
    ဟူ၍ အိမ်ရှေ့နားဆီမှ ခေါ်သံကြားသဖြင့် ကြည့်မိလေရာ ဦးတာတီးကို တွေ့လေသည်။ ထိုအခါ ဆားပုလင်း ပုလင်းပြောင်က “အချဉ်တစ်ကောင်တော့ တွေ့ပြီ” ဟု ရေရွတ်၍
  
    “လာလေဗျာ.. ဦးတာတီး”
  
    ဟု ဖိတ်လိုက်လေသည်။ ထို့နောက် ဦးတာတီးသည် အိမ်ထဲသို့ ၀င်လာပြီး
  
    “လာသာ လာရတယ် ကိုပုလင်းပြောင်တို့ အမှုလိုက်ထွက်နေပြီထင်တာ”
  
    “မထွက်နိုင်သေးပါဘူးဗျာ.. ကျုပ်တို့ အရေးကြီးတဲ့ကိစ္စတစ်ခုလုပ်နေတာ”
  
    ဟု ဗြောင်လိမ်လိုက်သော ဆားပုလင်း ပုလင်းပြောင်စကားကြောင်း ကျွန်ုပ်ကိုယ်တိုင်ပင် မျက်နှာမထားတတ်အောင် ဖြစ်နေလေတော့သည်။ ဦးတာတီးကပင် ဆက်လက်၍
  
    “အခန့်သင့်သကိုးဗျ.. ကျွန်တော်ကလည်း ကျွန်တော့်အမှုကို ဆားပုလင်း ပုလင်းပြောင်လက်ထဲအပ်လိုက်ရတော့ အမှုကိစ္စသေသေချာချာ ပြောပြနိုင်အောင် လိုက်လာတာပဲဗျ”
  
    “ကောင်းပါလေ့ဗျာ နို့ဖြင့် ဒီမှာပြောလို့မကောင်းဘူးဗျ…. ဒီနေရာထက် နားအေးမယ့်နေရာ ရှာရင်ကောင်းမယ်”
  
    ဟူ၍ ဆားပုလင်း ပုလင်းပြောင်က ပြောလိုက်ရာ ဦးတာတီးက အချက်ကျကျ
  
    “အင်းဗျာ.. လူများပေမယ့် နားအေးမယ့် လမ်းထိပ်က ဘီယာဆိုင်လေးမှာများဆိုရင်ဖြင့်”
  
    ဟု စကားခေါ်လိုက်လေရာ ဆားပုလင်း ပုလင်းပြောင်က ၀ုန်းခနဲထရပ်လိုက်ပြီး..
  
    “ပြောနေကြာတယ်ဗျာ… ခုသွားရအောင်”
  
    ဟု အားနှင့် မာန်နှင့်ပြောလိုက်သည်မှာ… ကြားရသည့် ကျွန်ုပ်ပင် ကြက်သီးမွှေးညင်းများ ထမိပေတော့သည်။


    “အာ့ချို အဲဒီနေမင်းသူရိန်ချိုတဲ့ ငတိက ခညားပက်ချံဒွေကို ယူသွားတာတေရှာတလောက်ဒေါ့ ချိနေဘီဂျ”
  
    “တေရှာတလောက် ၀ုတ်ပါဝူးဂျာ…. ၀ုတ်ဟို ၀ုတ်နေဒါ”
  
    များသွားပါပြီ။ ကျွန်ုပ်တို့ သုံးယောက်သား သောက်နေကြသည်မှာ တော်တော်ပင် များသွားပြီဖြစ်ကြောင်း ကျွန်ုပ်တို့၏ စကားသံများက သက်သေခံလျက်ရှိပေ၏
  
    “တဲ ဒီဒေါ့ဂျာ…ကျုပ်ပက်ချံဒွေကို ယူသွားတာ ဒီတောင်ချိုဒါတေချာနေမှတော့ ခင်ညားတို့ နှစ်ယောက်လိုက်ကျဒေါ့ယေဂျာ”
  
    “ဟုတ်ပါပြီဗျာ…. ကျုပ်မေးစရာလေးရှိသေးလို့….. နေမင်းသူရိန်ဆိုတဲ့ လူအကြောင်း ခင်ဗျားသိသလောက် ပြောပြစမ်းဗျာ”
  
    ကျွန်ုပ်တို့ သုံးယောက်ထဲတွင် မူးပင်မူးညား လေသံမပျက်ပြောနိုင်သူသည် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဆားပုလင်း ပုလင်းပြောင်ဆိုသည်မှာ ပြောဖွယ်ရန်မရှိတော့ချေ။
  
    “အင်းဂျာ.. ကျောကျမယ်….ဒီတောင့်နာမယ်က နေမင်းသူရိန်….. အလုပ်အကိုင်က ဟိုယောင်ယောင် ဒီယောင်ယောင်…. တချင်းယေး ဘာယေးရဲ အော်ချင်အော်တေးသဂျ…. အရပ်က ပုသပ တုတ်တို…. ညက်ခွက်ကတော့ ဘာကျောကောင်းမရဲ နှာထောင်းဂ ဘုဒိုဒို ဒါဘေမယ့်ညော် နှာကဒေါ့ ဘာထဒလဲ မမေးနဲ့… နှထမ်းကလည်း လန်တေးဒယ်…. ရုပ်ကဒေါ့ ရွာချာချရို့မှ ကျီးဝင်မထိုးဒဲ့ရုပ်…. ဒီတောင့်ရဲ့ အရီအချင်းကဒေါ့ ဒီတောင့် အတံပဲဂျ…..”
  
    “ဗျာ… သြော် အသံ အသံ”
  
    “၀ုတ်ဒယ်… ဒီတောင့် အတံက တုရဲ့ အကြောင်ညောက်ချုံးအရီအချင်းဘဲ.. ဒီတောင် အိမ်ဒွေအားကြီး ပိုင်ပီး တထေးဖစ်နေဒါကရဲ ဒီအတံနဲ့ ဒိုက်ရိုက်တက်ချိုင်ဒယ်ဂျ…. ဒီတောင်က တု့အိမ်မှာ တူ တီချင်းချို နေတာဂိုဒေါင် ဘေးအိမ်ဂ ရူဒွေက နားမခံနိုင်ဘဲ အိမ်ရောင်းကြေးတာ ဘယ်တူမှ မ၀ယ်ရဲတာနဲ့ ဒီတောင်ပဲ ဂျေးနှိမ်ဘီး ၀ယ်ထားတာယေ”
  
    “တောက်…. အားကျစရာ ကောင်းလိုက်တဲ့ အသံဗျာ… ကဲ….. ဒါလေးကုန်ရင် အိမ်ပြန်ကြစို့ဗျို့ နက်ဖြန်ချိန်မှာလည်း အလုပ်ကလေး ရှိသေးတယ်မဟုတ်လားဗျ”
  
    “၀ုတ်ဒယ် ၀ုတ်ဒယ်”
  
    ခေါင်းညိမ့်ပြန်ရန်လည်း ခေါင်းများပင် မထူးနိုင်သောကြောင့် အသံနှင့်ပင် ထောက်ခံလိုက်ရလေတော့သည်။
  

    ကျွန်ုပ်တို့ သုံးယောက် နည်းနည်းမျှအမူးပြေသောအခါ တစ်ယောက်ကို တစ်ယောက်တွဲကာ အိမ်ပြန်လာလေတော့ ဦးတာတီးတို့အိမ်ရှိရာ လမ်းထဲတွင် တဒုန်းဒုန်းအသံများ ကြားလေရာ ကျွန်ုပ်က
  
    “အိုင်ဆေး ကိုပုလင်းပြောင် ဘာသံလဲဗျ”
  
    “ကျုပ်လည်း ဘယ်သိမလဲဗျ သိချင် ဦးတာတီးကို မေးကြည့်ပေါ့ဗျာ”
  
    ဟူ၍ စုံထောက်ပီပီ ကောက်ချက်ချလိုက်သည်နှင့်… ဦးတာတီးက
  
    “သြော် အဲဒါမောင်းထောင်းသံလေ… အဲဒီအိမ်က သနားပါတယ်ဗျာ.. အဖိုးကြီးနဲ့ အဖွားကြီးနှစ်ယောက်နဲ့ မြေးမလေးသုံးယောက်တည်းနေတာ စီးပွားရေးလက်ငုတ်လက်ရင်းကလည်း မရှိလေတော့ တစ်ဝမ်းတစ်ခါးစာကို မြေးမလေးက မောင်းထောင်းပြီး ရှာကျွေးနေတာဗျို့”
  
    ဟုဖြေပြီးနောက် တစ်ဆက်တည်း…
  
    “အဲဒီအိမ်ရဲ့ ဘေးကပ်ရက်က ဒေါ်ဂွက်ထော်ရဲ့ အိမ်ပဲပေါ့ဗျာ” ဟူ၍ ပြောသောအခါ
  
    “အခန့်သင့်လိုက်လေဗျာ… ကဲ ကျုပ်တော့ နက်ဖြန်ထိစောင့်နိုင်ဘူး ခုချိန် မူးတုန်း အဲ ဉာဏ်ရွှင်တုန်း အမှုလေးလိုက်ရအောင်ဗျာ…”
  
    ဟုပြောပြီး ကျွန်ုပ်နှင့် ဦးတာတီးအား မစောင့်ဘဲ မောင်းထောင်သည့်အိမ်ထဲသို့ ၀င်သွားလေတော့သည်။ ကျွန်ုပ်တို့လည်း လိုက်၍ ၀င်သောအခါ အဖွားကြီးတစ်ယောက်တည်းသာတွေ့သဖြင့်
  
    “အမယ်ကြီး” ဟု ဆားပုလင်း ပုလင်းပြောင်က ခေါ်လိုက်သည်နှင့် အဖွားကြီးဖြစ်သူက
  
    “တည်သီးလား မ၀ယ်သေးပါဘူးကွယ်….”
  
    “ဟုတ်ဘူးလေ ကျွန်တော်က” ဟုပြောလိုက်ရုံနှင့်ပင် အဖွားကြီးက
  
    “ငရုပ်ဘူးလား ဘာလုပ်မလို့တုန်းကွယ်.. လိုချင် မီးဖိုချောင်ထဲသာ သွားတော့ အမယ်ကတော့ မျက်စိသိပ်မကောင်းလို့ မလိုက်နိုင်ပါဘူးကွယ် ဒါနဲ့ မောင်ရင်က ဘယ်သူများတုန်းကွဲ့”
  
    ဟု ပြောလိုက်သည်နှင့် ဆားပုလင်း ပုလင်းပြောင်လည်း ချာခနဲလှည့်ထွက်လာကာ..
  
    “အခြေအနေသိပ်မကောင်ဘူး ကိုဂျွန်ကောင်းရေ… အဖွားကြီးတို့ခမျာ တစ်သက်လုံး မောင်းထောင်းလာရတော့ နားတွေ အူလွန်းပြီး နားလည်း သိပ်မကောင်းတော့ဘူးဗျ” ဟုပြောဆိုရင်း ဒေါ်ဂွက်ထော်အိမ်ထဲသို့ ၀င်သွားလေသည်။
  
    “ဗျို့ ဒေါ်ဂွက်ထော်”
  
    ဟုလှမ်းခေါ်လိုက်ရာ အမျိုးသမီးတစ်ယောက်ထွက်လာရင်း..
  
    “သြော် ဦးတာတီးတို့ပါလား ဘာဖြစ်လို့တုန်းတော့် လာထိုင်ကြပါဦးရှင်”
  
    ဟု ပြောရင် အိမ်ရှိကုလားထိုင်များတွင် ကျွန်ုပ်တို့အသီးသီးအား နေရာပေးလိုက်လေသည်။ ထို့နောက် ဦးတာတီးကပင်
  
    “ဒါက ဆားပုလင်းပုလင်းပြောင်လေ.. ကျွန်တော့် ငွေပျောက်မှုမှာ လိုက်ထောက်လှမ်းနေတဲ့လူပေါ့”
  
    ဟုပြောရာ ဒေါ်ဂွက်ထော်သည် မျက်နှာကွက်ခနဲ ပျက်သွားပြီး
  
    “အို.. ကျုပ်က ဆားပုလင်းလိုလူမျိုးနဲ့ သိပ်ပက်သက်ချင်တာမဟုတ်ဘူးနော် ကျုပ်ဟာကျုပ် အေးအေးဆေးဆေးနေတာပါတော်…. ”
  
    “မဟုတ်ပါဘူးဗျ… ဆားပုလင်းကို ကျုပ်သွားတဲ့နေရာတွေ လိုက်ပြတာပါ… ခင်ဗျားကိုလည်း ဘာမှ မပြောရသေးပါလား ဒေါ်ဂွက်ထော်”
  
    ဟု ဒေါ်ဂွက်ထော်နှင့် ဦးတာတီးတို့ အခြေအတင်ပြောနေချိန်တွင် ဆားပုလင်း ပုလင်းပြောင်သည် မည်သည့်စကားမျှ ၀င်မပြောဘဲ ၄င်းထိုင်နေသည့် ခုံနဘေးရှိ တိုင်တွင်ချိတ်ထားသော သော့တွဲများအားသာ တစိုက်မတ်မတ်ကြည့်နေလေသည်။ ကျေနပ်အားရလောက်အောင်ကြည့်ပြီးမှပင်
  
    “ကဲဗျာ.. ကျုပ်က ဆားပုလင်းဆိုတာနဲ့ ဒေါ်ဂွက်ထော်က ရှုတ်ရှုတ်ရှက်ရှက်ဖြစ်မှာ စိုးရိမ်နေတယ်ထင်တယ် စိတ်မပူပါနဲ့ဗျာ… ကျုပ်လည်း သွားစရာလေးရှိသေးလို့ ခွင့်ပြုပါဦး”
  
    ဟု နှုတ်ဆက်ပြီး ပြန်ထွက်လာရာတွင် ဦးတာတီးက
  
    “ကဲ ကိုပုလင်းပြောင် နေမင်းသူရိန်တို့အိမ်သွားကြည့်ချင်သေးလားဗျ”
  
    “နက်ဖြန်မှပဲ ကြည့်တော့မယ်ဗျာ.. ညဉ့်ကလည်း တော်တော်နက်နေပြီကိုးဗျ…”
  
    “ဒါဆိုလည်း ကျုပ်အိမ်ကိုလည်း ခဏလိုက်ကြည့်ဦးလေဗျာ… သဲလွန်စများ ရှိလို့ရှိငြားပေါ့”
  
    ဟုဖိတ်ကြားလိုက်လေရာ ဆားပုလင်း ပုလင်းပြောင်က
  
    “ခင်ဗျားငွေပျောက်တဲ့နေရာက ခင်ဗျားအိမ်နားတောင်မရောက်ဘဲ ဒီအိမ်မှာတင်ဆုံးတာမဟုတ်လား သဲလွန်စရနိုင်ခြေတော့ နည်းပါတယ်ဗျာ… နို့ပေမယ့်လည်း ခဏတဖြုတ်လောက်တော့ လိုက်ခဲ့ဦးမှပဲ”
  
    ဟုပြောဆိုပြီးနောက် သုံးယောက်သား ဦးတာတီးအိမ်သို့ ချီတက်ခဲ့လေသည်။ ဦးတာတီးအိမ်သို့ရောက်သောအခါ အလာဘ သလာဘ စကားများသာ ပြောနေပြီးနောက် ဆားပုလင်း ပုလင်းပြောင်၏ မျက်နှာသည် တစ်မျိုးတစ်မည်ဖြစ်လာပြီး ဦးတာတီးအလစ်တွင် ကျွန်ုပ်အား
  
    “အိုင်ဆေး ကိုဂျွန်ကောင်းရေ.. ဦးတာတီးကို အလစ်မပေးဘဲ စကားသာပြောနေဗျာ.. ကျုပ်အိမ်နောက်ထဲခဏ၀င်ဦးမယ်ဗျို့”
  
    ဟုပြောပြီး ဦးတာတီးအား
  
    “ဦးတာတီးရေ…. ကျုပ်ရေအိမ်ခဏ၀င်ဦးမယ်ဗျာ” ဟုပြောကာ အိမ်တွင်းသို့ ခပ်သုတ်သုတ်ဝင်သွားလေသည်။ ကျွန်ုပ်လည်း ဤသို့ဖြစ်ရခြင်းမှာ ဆားပုလင်း ပုလင်းပြောင်သည် သဲလွန်စတစ်ခုခုတွေ့ရလေပြီဟု သဘောပေါက်၍ ဦးတာတီးအား စကားအမျှင်မပြတ်စေရန် တတွတ်တွတ်ပြောနေမိသည်။
    ထမင်းအိုးတစ်အိုးချက်ခန့်အကြာတွင် ဆားပုလင်း ပုလင်းပြောင်သည် ကျေနပ်အားရသောမျက်နှာဖြင့် အိမ်တွင်းမှပြန်ထွက်လာပြီး
  
    “ကဲ ဦးတာတီးရေ.. ကျုပ်တို့ ပြန်ဦးမယ်ဗျာ” ဟုနှုတ်ဆက်ကာ ပြန်လာလေတော့သည်။ အပြန်လမ်းတွင် ကျွန်ုပ်က
  
    “အိုင်ဆေး ကိုပုလင်းပြောင် ဘာတွေများ သဲလွန်စရလို့ အရေးတကြီးဖြစ်နေရတာလဲဗျ”
  
    ဟုမေးလေရာ… ဆားပုလင်းပုလင်းပြောင်က
  
    “သဲလွန်စတော့ နည်းနည်းပါးပါးရနေပါပြီဗျာ.. နို့ပေမယ့် အမှုမပြီးသေးခင်မှာ ကျုပ်မပြောပြနိုင်သေးဘူးဗျ… ဒီသဲလွန်စတွေကလည်း ဒေါ်ဂွက်ထော်နဲ့ မောင်းထောင်းတဲ့ အိမ်ကနေရတာပဲ.. ဒီကြားထဲမှာတော့ ကွင်းဆက်ကလေးတစ်ခု ပျောက်နေတယ်ဗျာ.. ဒီကွင်းဆက်ကလေးသာရလို့ကတော့ ဒီအမှုက ပြီးပါပြီ”
  
    ဟုပြောလိုက်ရာ..ကျွန်ုပ်က
  
    “ဒါဆို ဦးတာတီးအိမ်ထဲမှာ သဲလွန်စဘာမှမရဘူးပေါ့”
  
    “ကျုပ်က သဲလွန်စသွားရှာတာမှမဟုတ်ဘဲကို”
  
    “ဒါဆို အိမ်ထဲမှာ အကြာကြီးပဲ ဘာလုပ်နေတာလဲဗျ”
  
    “ဒါကတော့ ကိုဂျွန်ကောင်းက တော်တော်ညံ့သွားပြီ… ဒီလိုဗျ… ကျုပ်ထိုင်နေတဲ့နေရာကဆိုရင် ဦးတာတီးတို့ အိမ်ထဲကို တန်းမြင်နေရတယ်… အဲဒီထဲကို တစ်ချက်ကြည့်လိုက်တော့ ကြောင်အိမ်တစ်ခုရဲ့ အောက်မှာ သောက်လက်စ အာမီရမ်တစ်လုံးတွေ့တာနဲ့ သွားကစ်တာဗျို့ ခင်ဗျားကိုတော့ အားနာပါရဲ့ နှစ်ယောက်သောက်ရင် ဟိုလူရိပ်မိမှာစိုးလို့ ကျုပ်တစ်ယောက်တည်း ဖြိုလိုက်ရတာပဲဗျာ”
  
    “တောက်…. ကောင်းလိုက်တဲ့ သဲလွန်စရှာပုံဗျာ”


  နောက်တစ်နေ့ နံနက်သို့ရောက်သောအခါ ကျွန်ုပ်နှင့် ဆားပုလင်း ပုလင်းပြောင်တို့သည် နံနက် ၁၀ နာရီခန့်မှပင် နိုးကြလေ၏။ ထိုသို့နိုးရခြင်းမှာလည်း ဦးတာတီးလာနိုးသောကြောင့်ပင်ဖြစ်သည်ဟု မရှက်မကြောက် ၀န်ခံရပေမည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း စာရှုသူတို့သိသည့်အတိုင်းပင် ဆားပုလင်း ပုလင်းပြောင်၏ အမှုလိုက်ခြင်းပုံစံအတိုင်း အရက်အလွန်အကျွံသောက်မိသောကြောင့်ပင်ဖြစ်၏။ ထို့နောက် ကျွန်ုပ်တို့သုံးယောက်သည် သဲလွန်စလိုက်ရှာရန် ဦးတာတီးအိမ်ဘက်သို့ထွက်ခဲ့လေတော့သည်။

    “ကဲ ကိုပုလင်းပြောင်ရေ.. လုပ်ပါဦးဗျ… ဒီနေ့ ငွေပေးရမယ့်နေ့နော် ခင်ဗျားတို့ မရှာနိုင်ရင် ကျုပ်တော့ မျက်နှာပျက်ရချည်ရဲ့ဗျာ”

    “မပူပါနဲ့ ဦးတာတီးရယ်…. ကိုပုလင်းပြောင်က သဲလွန်စတွေ ရနေပြီဗျ…. သူသဲလွန်စရရင် အမှုရဲ့ အဖြေမှန်ပေါ်ဖို့က မဝေးတော့ပါဘူးဗျာ”

    ဟု ကျွန်ုပ်က အားပေးလိုက်သောအခါ ဦးတာတီးက

    “ကျေးဇူးကြီးလှပါပေတယ်ဗျာ.. ဒါနဲ့ ကိုပုလင်းပြောင်က သဲလွန်စရတယ်သာပြောတယ် ကျုပ်အိမ်ကို နောက်တစ်ခေါက် ဘာလို့ထပ်သွားချင်သတုံးဗျ”

    ဟု ပြောလိုက်ရာ ဆားပုလင်းပုလင်းပြောင်က
    “သဲလွန်စက ရနေတာတော့ ဟုတ်ပါတယ်ဗျာ.. ဒါပေမယ့် ဒီသဲလွန်စတွေထဲမှာ ကွင်းဆက်ကလေးတစ်ခု နှစ်ခုရှိသေးတယ်ဗျ.. ဒီတော့ အခင်းဖြစ်တဲ့ ခင်ဗျားလမ်းထဲတစ်ချက်သွားကြည့်ရင်း ခင်ဗျားအိမ်မှာ နားနားနေနေ နားရတာပေါ့ဗျာ”

    ဟု စိတ်အားဖွယ်ပြောကြားလိုက်လေသည်။
    ထို့နောက် ကျွန်ုပ်တို့ သုံးယောက်သည် ဦးတာတီးတို့ လမ်းထိပ်သို့ ရောက်သောအခါ ဆားပုလင်း ပုလင်းပြောင်က

    “ကိုဂျွန်ကောင်းတို့ ဦးတာတီးတို့ ဒီမှာခဏစောင့်ဦးဗျာ ကျုပ်ကိစ္စလေးနည်းနည်းရှိလို့”

    ဟု ပြော၍ထွက်သွားလေရာ ဦးတာတီးက

    “အင်း သဲလွန်စရပြီထင်တယ်”

    ဟုအားရ၀မ်းသာ ပြောသော်လည်း ကျွန်ုပ်မှာမူ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသော စကားအတိုင်း ဘယ်အရက်ဆိုင်ဝင်ခွေနေဦးမလဲဟု တွေးတော၍သာ စိတ်လက်မသာမယာရှိနေလေသည်။ ဆားပုလင်း ပုလင်းပြောင်သည် ဤစာတစ်ပိုဒ်ဖတ်ပြီးခန့် အကြာတွင်ပင် ပြန်ရောက်လာပြီး…

    “ကဲ ခင်ဗျားတို့ဖို့ ကျုပ်လက်ဖက်ရည်ဝယ်လာတယ်ဗျို့ နေဦး ဟိုရှေ့မှာ သောက်ရေအိုးစဉ်ရှိတယ် ခင်ဗျားတို့ လက်ဖက်ရည်သောက်ဖို့ ခွက်လိုတယ်မဟုတ်လား”

    ဟုဆိုကာ ကျွန်ုပ်တို့အား သောက်ရေအိုးစဉ်မှ ရေခွက်ဖြင့် လက်ဖက်ရည်များတိုက်လေသည်။ ထိုအခါ
ဦးတာတီးက

    “ကျုပ်က ကိုပုလင်းပြောင်ကို သဲလွန်စ သွားရှာတယ်မှတ်တာ လက်ဖက်ရည်သွားဝယ်တာကိုဗျ”

    ဟု စိတ်ပျက်အားလျော့စွာပြောလေသည်။ ထိုအခါ ဆားပုလင်း ပုလင်းပြောင်ကပင်

    “အမှန်ကတော့ ဆေးသွားဝယ်တာဗျို့ မနေ့က ကျုပ်တို့များသွားတော့ ခေါင်းကိုက်နေတယ်လေ… အမှုလိုက်တဲ့အခါ ခေါင်းကိုက်နေတော့ သိပ်မကောင်းဘူးဗျို့ ဖြစ်ချင်တော့ ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ကျုပ်လိုချင်တဲ့ ကွင်းဆက်ကလေးတစ်ခုရတာပဲဗျို့ နောက်တစ်ခုကတော့ ကံကောင်းရင် သိပ်မကြာခင်ရလိမ့်မယ်ဗျို့ ကဲ ကဲ ကိုဂျွန်ကောင်းရေ.. ခင်ဗျားအကြိုက် ကျဆိမ့်ကလေးဝယ်လာတယ်ဗျာ ဦးတာတီးကတော့ ဘာကြိုက်တယ်မသိလို့ ကိုဂျွန်ကောင်းလိုပဲ ကျဆိမ့်ပဲသောက်လိုက်ပါဗျာ”

    ဟု ပြောရင်း ကျွန်ုပ်တို့အား လက်ဖက်ရည်နှင့်အတူ ခေါင်းကိုက်ပျောက်ဆေးကိုပါ တိုက်ရင်း ၄င်းကိုယ်တိုင်ကမူ သောက်ရေအိုးမှ သောက်ရေနှင့်ပင် ဆေးသောက်လေသည်။ ဦးတာတီးကမူ

    “တော်တော် ကိုယ်ကျိုးစွန့်တဲ့ ဆားပုလင်းပဲဗျာ.. ကိုယ်တိုင်မသောက်ဘဲ သူများအတွက်ပဲ ရည်စူးဝယ်လာရတယ်လို့”
  
    ဟု ချီးကျူးနေသော်လည်း ကျွန်ုပ်ကမူ ဆားပုလင်းပုလင်းပြောင်၏ ထူးခြားသော ဆေးရည်သာ သောက်တတ်သည့်အကျင့်ကို သိသဖြင့် ဘာမျှမပြောတော့ဘဲ ပြုံးရင် လက်ဖက်ရည်နှင့်အတူ ခေါင်းကိုက်ပျောက်ဆေးအား မော့ချလိုက်လေတော့သည်။

    ထိုနောက်တွင်ပင် ကျွန်ုပ်တို့ သုံးယောက်သည် ဦးတာတီးအိမ်သို့ လမ်းလျှောက်လာစဉ်တွင် ဦးတာတီးတို့ အိမ်မရောက်ခင်၌ပင် ဦးတာတီးမှာ မျက်နှာရှုံ့မဲလာပြီး

    “ကိုပုလင်းပြောင်ရေ… ကျုပ်တော့ ဗိုက်က ဒုက္ခပေးပြီဗျ… ကျုပ်အိမ်ကလည်း ဝေးသေးတယ် သေပါပြီဗျာ”

    ဟုပြောသောအခါ ဆားပုလင်းပုလင်းပြောင်က အေးအေးဆေးဆေးပင်

    “ဒါဆိုလည်း ဟိုခြုံထဲသာပြေးပေတော့ဗျို့”

    ဟုပြောဆိုရင် ၄င်း၏အမူအကျင့်အတိုင်း ဆေးပေါ့လိပ်ဖွာ၍ တစ်ခုခုကို စဉ်းစားနေလေသည်။ ထိုအချိန်တွင် ကျွန်ုပ်သည်လည်း ဦးတာတီးနည်းတူ ဗိုက်အောင့်လာသဖြင့်

    “အိုင်ဆေး ကိုပုလင်းပြောင်ရေ.. ကျုပ်လည်း မရတော့ဘူးဗျို့”

    ဟု အော်ဟစ်ပြောဆိုပြီး ဦးတာတီးဝင်သွားသော ခြုံ၏အနီးအနားရှိ ခြုံအတွင်းသို့ ပုဆိုး မ ကာ ပြေးဝင်လိုက်ရပေတော့သည်။
  
    ကျွန်ုပ်လည်း ကိစ္စ ၀ိစ္စများပြီးစီးသော်အခါ မူလနေရာသို့ပြန်လာလျင် ဦးတာတီးနှင့် ဆားပုလင်း ပုလင်းပြောင်အား တွေ့ရှိလေတော့သည်။ ကျွန်ုပ်က ရောက်ရောက်ခြင်းပင်

    “ဘယ်လိုဖြစ်တာပါလိမ့်ဗျာ.. ကျုပ်ဘ၀မှာ ဒီလောက် ရုပ်ပျက်ဆင်းပျက် တောထဲတိုးရလောက်တဲ့ထိ မဖြစ်ဖူးပါဘူးဗျာ ဒီနေ့မှ ကံဆိုးတယ်ထင်ပါတယ်ဗျာ”

    ဟု ပြောသောအခါ ဦးတာတီးကလည်း ကျွန်ုပ်နည်းတူထောက်ခံလေသည်။ ထိုအခါ ဆားပုလင်း ပုလင်းပြောင်က ခပ်သဲ့သဲ့ပြုံးရင်း

    “ကံဆိုးဆို ကျုပ်လိုချင်တဲ့ နောက်ကွင်းဆက်ကလေး တစ်ခုလည်း ရပြီဗျို့”

    “ဟာ.. ကျုပ်တို့ ခြုံတိုးရတာနဲ့ ခင်ဗျား ကွင်းဆက်ရတာနဲ့ ဘာဆိုင်လို့လဲဗျ.. ကိုပုလင်းပြောင် ခင်ဗျားမရိနဲ့ဗျာ”

    ဟု ဦးတာတီးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသော်လည်း ကျွန်ုပ်ကမူ ဆားပုလင်း ပုလင်းပြောင်၏ လက်ချက်မှန်း ရိပ်မိ၍

    “ဒါဆို ကျုပ်တို့ကို ခင်ဗျားတိုက်တဲ့ လက်ဖက်ရည်ထဲမှာ တစ်ခုခုပါတယ်ထင်တယ် ဟုတ်သလား ကိုပုလင်းပြောင်”

    ဟု မေးလိုက်ရာ ဆားပုလင်း ပုလင်းပြောင်က

    “သိပ်ဟုတ်သဗျို့ ဒါတွေ နောက်မှ ခင်ဗျားတို့ကို ပြန်ရှင်းပြတော့မယ်ဗျာ… ကဲ ခုလောလောဆယ်တော့ ဦးတာတီးရဲ့ ငွေရယ်… ဟိုနေမင်းသူရိန်ရဲ့ အသက်လေးကို သွားကယ်လိုက်ကြစို့”

    ဟုပြောသောအခါ ကျွန်ုပ်က

    “နေမင်းသူရိန်က အဖမ်းခံရတာလားဗျ”

    ဟုမေးလိုက်လျင် ဆားပုလင်း ပုလင်းပြောင်က

    “အဲသလိုလည်း မဟုတ်ပါဘူး ဒါပေမယ့် အဖမ်းခံရတာမှ ဒီလူသက်သာဦးမယ် ဟော.. ဟိုးရှေ့မှာ ဒေါ်ဂွက်ထော်တို့ အိမ်မဟုတ်လား မြန်မြန်လာဗျို့ မဟုတ်ရင် ဟိုလူ့အသက်မှီမယ်မထင်ဘူး”

    ဟု ပြောရင် ဒေါ်ဂွက်ထော်တို့ ခြံအတွင်းသို့ ၀င်သွားလေတော့သည်။ ကျွန်ုပ်တို့ သုံးယောက်သား ဒေါ်ဂွက်ထော်အား တကြော်ကြော်အော်ခေါ်ကြသော်လည်း ဘေးအိမ်မှ မောင်းထောင်းသံကြောင့် ဒေါ်ဂွက်ထော်သည် မကြားနိုင်ဘဲဖြစ်နေလေ၏။ ထိုအခါ ဆားပုလင်း ပုလင်းပြောင်ကလည်း

    “ကျုပ်တော့ မစောင့်တော့ဘူးဗျို့ ဖြစ်ချင်တာ ဖြစ်ပေတော့”

    ဟု ဆိုကာ ခြံထောက်ရှိ လမ်းခင်းထားသော အုတ်ခဲတစ်လုံးကိုင်၍ အိမ်ပေါ်သို့ မတက်ဘဲ အိမ်အောက်မှ ပတ်၍ ခြံနောက်သို့ ပတ်သွားလေသည်။ ထို့နောက် ကျွန်ုပ်နှင့် ဦးတာတီးတို့သည် ဆားပုလင်း ပုလင်းပြောင်နောက်သို့ အပြေးတပိုင်းသို့ လိုက်ခဲ့လေသောအခါ ဆားပုလင်းပုလင်းပြောင်သည် အိမ်ပေါ်သို့ တက်ခြင်းမဟုတ်ဘဲ အိမ်နောက်မှ အိမ်သာသို့ ပြေး၍ အိမ်သာတွင် ခတ်ထားသော သော့ခလောက်အား အုတ်ခဲနှင့် ရိုက်ဖျက်လျက်ရှိသည်ကို တွေ့လေသည်။ ထိုအခါ ဦးတာတီးက

    “ကိုဂျွန်ကောင်းရေ.. ကျုပ်တို့ ဆားပုလင်းလည်း ကျုပ်တို့လို ကိစ္စက ငယ်ထိပ်ရောက်ပြီထင်တယ်ဗျ”

    ဟု ပြောဆိုသော်လည်း ကျွန်ုပ်ကမူ ဆားပုလင်း ပုလင်းပြောင်နားသို့သွား၍

    “အိုင်ဆေး ကိုပုလင်းပြောင် မအောင့်နိုင်လည်း ကျုပ်တို့လို ခြုံတိုးလိုက်လေ ဟိုခြံထောင့်မှာ ခြုံရှိတယ်ဗျ ပြီးမှ သဲနဲ့ ပြန်ဖုံးလိုက်ပေါ့”

    ဟု အကြံဉာဏ်ပေးသောအခါ ဆားပုလင်း ပုလင်းပြောင်က

    “မဟုတ်ပါဘူး ကိုဂျွန်ကောင်းရယ် ကျုပ်က ဘာမှမဖြစ်ဘူး ဒီသော့ခလောက်ကို မြန်မြန်မဖွင့်နိုင်ရင်သာ နေမင်းသူရိန်ဒုက္ခများမှာဗျ”

    ဟုပြောရင် အားနှင့်သာ ရိုက်ဖွင့်လျက်ရှိလေသည်။ ထိုအခါ ဦးတာတီးက

    “နေမင်းသူရိန်က ဒီထဲမှာ ရှိပါ့မလားဗျာ… ခင်ဗျားလုပ်တာနဲ့ ဒုက္ခများမှာ ကျုပ်တို့ဖြစ်သွားမယ်”

    ဟု ပြောဆိုနေချိန်မှာပင်

    “အမလေးတော် လုပ်ကြပါဦး ဒီမှာ ကျွန်မတို့အိမ်က အိမ်သာကို ရိုက်ဖွင့်နေတယ်”

    ဟူသော အသံကြားလိုက်ရာ ဒေါ်ဂွက်ထော်သည် အ၀တ်လျှော်သော လက်ကိုင်တုတ်ကြီး ကိုင်၍ ကျွန်ုပ်တို့ ဆီသို့ ပြေးလာလေသည်။ ထိုအခါ ဆားပုလင်း ပုလင်းပြောင်သည် လေအဟုန်မျှရှိသော အရှိန်နှင့် ထွက်ပြေးရင်း

    “အမလေး လုပ်ကြပါဦး တုတ်ကြီးဗျ ကိုဂျွန်ကောင်းရေ.. ထိန်းပါဦးဗျာ”

    ဟုပြောဆိုရင်း အုတ်နီခဲချကာ ခြံအတွင်း၌ ပတ်ပြေးနေလေတော့သည်။ ထို့နောက် ရပ်ကွက်အတွင်းနေထိုင်ကြသော လူများကလည်း ခြံထဲသို့ဝင်လာပြီး

    “ဘယ်မှာတုန်း နေ့ခင်းကြောင်တောင် သူများအိမ်သာ ရိုက်ဖွင့်တဲ့ကောင်”

    ဟူ၍တစ်မျိုး

    “ခိုးစရာ ရှားလို့ဗျာ… အိမ်သာကိုများ ခက်ခက်ခဲခဲဖွင့်ခိုးရတယ်လို့ သောက်ရေအိုးတစ်အိုးနဲ့ သောက်ရေခွက်တစ်ခွက်လောက်ရမှာကိုများ”

    ဟူ၍တစ်ဖုံ ပြောဆိုပြီး နီးရာ လက်နက်များကိုင်စွဲကာ ကျွန်ုပ်တို့အား လိုက်ကြလေသည်။ ထိုအခါ ကျွန်ုပ်ကပင်

    “အိုင်ဆေး ကိုပုလင်းပြောင် ခြံထဲပတ်ပြေးမနေနဲ့လေဗျာ… ပြောစရာရှိတာပြောဦးဗျ”

    ဟုပြောလိုက်ရာ ဆားပုလင်း ပုလင်းပြောင်သည် တုံ့ ခနဲ ရပ်သွားပြီး

    “ဟုတ်သားပဲဗျို့ ကျုပ်ကလည်း ရုတ်တရက်ဆိုတော့ လန့်သွားသဗျ”

    ဟု အရှက်ပြေပြောရင်း လူအုပ်ကြီးအား

    “နေပါဦးဗျို့.. ကျုပ်တို့က ဆားပုလင်းတွေပါ.. နေမင်းသူရိန်ကို လာရှာတာပါ”

    ဟုပြောရာ လူအုပ်ကြီးသည် တုံ့ခနဲ ရပ်သွားပြီးမှ

    “လူရှာတာ အိမ်သာထဲရှာရလားကွ”

    ဟု အော်၍ ထပ်မံလိုက်ရိုက်ကြလေရာ ကျွန်ုပ်တို့လည်း ထပ်မံ မရှင်းပြနိုင်တော့ဘဲ ပြေးကြရလေပြန်၏။ များမကြာမီအချိန်တွင်ပင်

    “ဘာဖြစ်နေတာလဲဟေ့”

    ဟူသော အသံကို ခြံရှေ့မှ ကြားလိုက်သဖြင့် အားကိုးတကြီးကြည့်လိုက်ရာ ရပ်ကွက်လူကြီးဟု ယူဆ၍ရသော လူကို နောက်လိုက်တစ်ချို့ဖြင့်တွေ့သဖြင့် ဆားပုလင်းပုလင်းပြောင်ကပင်

    “လုပ်ပါဦး ဦးဦးရယ် တားတို့ကို ဒီမှာအတင်းလိုက်ရိုက်နေလို့”

    ဟူ၍ သတ္တိအပြည့်နှင့်တိုင်ကြားလိုက်လေသည်။ ထိုအခါ လူကြီးမှပင်

    “သြော် ကိုပုလင်းပြောင်ပါလား”

    ဟုပြော၍ လူအုပ်ကြီးအား

    “ဟေ့လူတွေ ရပ်ဦး ဒါက စီအိုင်ဒီက ဆားပုလင်းပုလင်းပြောင်ကွ သူက အမှုအတွက်လာတာ”

    ဟုပြောလိုက်မှပင် လူအုပ်ကြီးကလည်း ကျွန်ုပ်တို့အား လိုက်လံရိုက်နှက်နေခြင်းမှ ရပ်သွားပြီး

    “ဒီလူက အိမ်သာကို ရိုက်ဖွင့်နေလို့ပါ လူကြီး”

    ဟုပြန်လည် တိုင်တန်းလေရာ ဆားပုလင်းပုလင်းပြောင်က

    “ဒီလိုပါ ဒီအိမ်သာထဲမှာ နေမင်းသူရိန်ရှိနေပါတယ်”
  
    ဟူ၍ပြန်လည် ဖြေရှင်းလိုက်လေသည်။ ထိုအခါ လူအုပ်ကြီးမှ ဟာ ခနဲ ဟင် ခနဲ အသံနှင့်အတူ
ရူးနေသလား ဟူသောအသံကိုပင်ကြားလိုက်ရလေသည်။ လူကြီးဆိုသောလူကပင် ဆက်လက်၍

    “ဒီက ဆားပုလင်းပြောသလို ဟုတ်မဟုတ် ဖွင့်ကြည့်ပြီးမှ ဆက်လုပ်ကြတာပေါ့”

    ဟုပြောလိုက်ပြီးနောက် ဒေါ်ဂွက်ထော်အား

    “ကဲ အိမ်သာတံခါးဖွင့်ပြလိုက်”

    ဟု ပြောရာ ဒေါ်ဂွက်ထော်သည် အိမ်ပေါ်သို့တက်၍ သော့ယူကာ အိမ်သာတံခါးအားဖွင့်လိုက်ချိန်တွင်

“ဟင်”
    “ဟာ”
    ဟူသော အသံနှင့်အတူ နေမင်းသူရိန်အား အိမ်သာအတွင်းတွင် ကြွတ်ကြွတ်အိတ်အနက်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ပိုက်လျက် အိမ်သာနံရံအား မှီလျက်အိပ်ပျော်နေသည်ကို တွေ့လိုက်လေသည်။ ထိုအခါ ရပ်ကွက်လူကြီးက
    “ဟာ သောက်ကျိုးနည်း သေပြီလား မသိဘူး”
    ဟုပြောသောအခါ ဆားပုလင်းပုလင်းပြောင်က
    “မသေပါဘူးဗျာ.. အိပ်ပျော်နေတာပါ”   
    ဟုပြောဆိုရင်း ဒေါ်ဂွက်ထော်ဘက်သို့ လှည့်ကာ
    “ခင်ဗျားတို့အိမ် ဒီရက်ပိုင်း ချုပ်စာ တွေစားတယ်ထင်တယ်”
    ဟု ပြောဆိုလိုက်ရာ ဒေါ်ဂွက်ထော်က
    “အမလေး တော်လိုက်တဲ့ ဆားပုလင်းတော် နေမင်းသူရိန်အိမ်သာထဲရောက်နေတာတင်မကဘူး ကျုပ်ဝမ်းချုပ်နေတာပါ သိနေတယ်တော့်”
    ဟုပြောဆိုလိုက်ရာ ကျွန်ုပ်က
    “အိုင်ဆေး ဘယ်လိုလုပ်သိတာလဲဗျ ကျုပ်ကိုလည်း တစ်ချက်လောက်သင်ပေးပါဦး”
    “ဒီလိုလေဗျာ နေမင်းသူရိန် အိမ်သာထဲရောက်နေတာ နှစ်ညလောက်ရှိတာတောင် ဒေါ်ဂွက်ထော်က မသိဘူးဆိုတော့ အိမ်သာနဲ့ အဆက်အသွက်ပြတ်နေလို့ပေါ့ဗျ.. ဒေါ်ဂွက်ထော်ကလည်း သိပ်အံ့သြမနေပါနဲ့ မန်းကျည်းနှစ်ကို ဆားခတ်သောက်ရင် ခင်ဗျား ချုပ် နေတာကြီး ပြန်အဆင်ပြေနိုင်ပါတယ်”
    ဟုပြောဆိုလိုက်သောအခါ လူအုပ်ကြီးမှ ဆားပုလင်း ပုလင်းပြောင်အား ၀ိုင်းဝန်း ချီးကျူးကြလေသည်။ ထိုအချိန်တွင်ပင် နေမင်းသူရိန်လည်း လန့်နိုးလာပြီး တုတ်၊ ဓားများကိုင်ဆောင်ထားသော လူအုပ်ကြီးကို ကြည့်၍ မျက်လုံးကလေး ပေကလပ် ပေကလပ်ဖြစ်နေလေ၏။ ထိုအခါ ရပ်ကွက်လူကြီးဖြစ်သူကပင်
    “ကဲ မောင်နေမင်းသူရိန် မင်းဘာမှမဖြစ်တော့ဘူး မင်းကို ဒီဆားပုလင်း ပုလင်းပြောင်က ကယ်လိုက်ပြီ”
    ဟုပြောလိုက်ရာ နေမင်းသူရိန်က
    “အမလေး ကယ်တင်ရှင်ကြီးဗျာ… ကျုပ်တော့ ဒီမှာပဲတင် သေပြီမှတ်တာ…ကျေးဇူးတင်လိုက်တာဗျာ”
    ဟုပြောရင်း ဆားပုလင်းပုလင်းပြောင်အား ဖက်၍ ငိုလေတော့သည်။
    အမှုကိစ္စအဆင်ပြေသွားသောအခါ ဦးတာတီးက ဆားပုလင်း ပုလင်းပြောင်အား ဂုဏ်ပြုငွေအဖြစ် ငွေစက္ကူတစ်အုပ်လက်ဆောင်ပေးလေသည်။ ထို့နောက်ကျွန်ုပ်တို့လည်း မိမိနေရာဌာနေသို့ ပြန်လာကြလေရာ လမ်းတွင် ကျွန်ုပ်က ဆားပုလင်း ပုလင်းပြောင်အား
    “ကဲ ကိုပုလင်းပြောင် ဒီအမှုကိစ္စလေး ပြောပြဦးလေဗျာ”
    ဟုမေးလိုက်ရာ ဆားပုလင်း ပုလင်းပြောင်က
    “ဒီအမှုက ရိုးရှင်းပေမယ့် အလှည့်အပြောင်းလေးတွေပါတယ်ဗျ… ပထမဆုံးကျုပ်တို့ မောင်းထောင်းတဲ့အိမ်သွားတယ်ဗျ.. အဲဒီမှာ အသံတွေဆူညံနေတော့ အမယ်ကြီးတွေတောင် နားသိပ်မကောင်းကြရှာဘူးမဟုတ်လား ဒါက ပထမသဲလွန်စပဲ ဒုတိယအနေနဲ့ ဒေါ်ဂွက်ထော်အိမ်ကို သွားတဲ့အခါမှာ ထူးထူးခြားခြား အိမ်တိုင်မှာ သော့တွေ ချိတ်ထားတယ်ဗျ… ခင်ဗျားတို့က မမြင်ပေမယ့် ကျုပ်က စပ်စပ်စုစုကြည့်လိုက်တော့ သော့တွေမှာ စာတွေရေးထားတယ် ဥပမာ အိမ်သာသော့ တို့ ခြံသော့တို့ပေါ့ ဒါက ဒုတိယသဲလွန်စပဲဗျ”
    “ဒါထက် ကွင်းဆက်ဆိုတာကရောဗျာ ကျုပ်တို့ ၀မ်းသွားတဲ့ ကိစ္စကိုလည်း ဆက်ပြောပါဦး”
    “အင်း ဒါကတော့ ကျုပ်မနက်က ဆေးသွားဝယ်တဲ့အချိန်မှာ ဆေးဆိုင်က ကောင်လေးကို နည်းနည်းပါးပါးစစ်မေးတော့ နေမင်းသူရိန်ဆိုတဲ့လူက ၀မ်းချုပ်လို့ မနေ့က မနက်ပိုင်းလေးတင် ၀မ်းနှုတ်ဆေးလာဝယ်သွားတယ်တဲ့ သူဝယ်တဲ့ဆေးကလည်း ၅ မိနစ်အတွင်းအစွမ်းပြစေတယ်ဆိုပဲ ပြီးတော့ ဆေးဝယ်ပြီးတာနဲ့ ဆိုင်ကနေ ရေတောင်းပြီး ချက်ချင်းသောက်သွားတယ်တဲ့ အိမ်ရောက်ရင် တန်းအစွမ်းပြနိုင် တာပေါ့ဗျာ”
    ဟုပြောလေရာ ကျွန်ုပ်က
    “နေမင်းသူရိန် ဆေးသောက်တာနဲ့ ကျုပ်တို့ ၀မ်းသွားတာတော့ သိပ်မဆိုင်ဘူးထင်တယ်ဗျ”
    ဟုအထွန့်တက်လေရာ ဆားပုလင်း ပုလင်းပြောင်က
    “ကိုဂျွန်ကောင်းက သိပ်လောသကိုးဗျ… ဒါနဲ့ ကျုပ်လည်း သူသောက်သွားတဲ့ဆေးနှစ်ပြားဝယ်ပြီး ခင်ဗျားတို့ကို လက်ဖက်ရည်နဲ့ ရောတိုက်လိုက်တာ ၅ မိနစ်အတွင်း အစွမ်းပြတာ ခင်ဗျားလည်း အသိပဲလေ”
    “ဒါကြောင့် ကျဆိမ့်က ပိုကျနေတယ်ထင်မိတာကိုးဗျ ဆက်ပြောပါဦးဗျာ”
    “နေမင်းသူရိန်အကြောင်းဆက်ပြောမှထင်တယ် သူက ၀မ်းနှုတ်ဆေးသောက်ပြီးအိမ်ပြန်သွားချိန်မှာ ဦးတာတီးနဲ့တွေ့မယ် အဲဒီအချိန်မှာ ၅ မိနစ်ပြည့်လို့ ဆေးစွမ်းပြချိန်မှာ ဒေါ်ဂွက်ထော်တို့ အိမ်ရှေ့ကနေ ဦးတာတီးကို စောင့်နေချိန်ဖြစ်မယ် အဲဒီတော့ သူက ဒေါ်ဂွက်ထော်တို့ အိမ်က အိမ်သာကို ၀င်သုံးမယ် အဲဒီအချိန်မှာ ပိုသေချာသွားတာက ဦးတာတီးပြောစကားမှာ ဒေါ်ဂွက်ထော်ဟာ သူ့ကိုတွေ့ပြီးတဲ့အချိန် “ငါ့နှယ့်နော် မေ့တတ်လိုက်တာ” လို့ဆိုပြီး အိမ်အောက်ပြန်ဆင်းပြီး အိမ်သာတံခါးသော့ခတ်မယ် ပြီးတော့ သော့ကို တိုင်မှာချိတ်မယ် အဲဒီလိုနဲ့ ကြံကြံဖန်ဖန် အိမ်သာထဲမှာ ပိတ်မိမှာပေါ့ဗျာ”
    “သူကလည်း အော်မခေါ်ဘူးလားဗျ”
    “အော်ခေါ်ပါလိမ့်မယ် ဒါပေမယ့် ဘေးအိမ်က မောင်းထောင်သံနဲ့ ဆူညံနေတော့ သူ့အသံဘယ်ကြားရမလဲဗျ အိမ်သာတံခါးတွေတောင် ထုသေးတယ် မောင်းထောင်းသံနဲ့ရောနေတော့ ဘယ်အရာထင်မလဲဗျာ သူ့လက်ပဲ အရာထင်တော့မပေါ့”
    ဟုပြောဆိုလိုက်ရာ ကျွန်ုပ်က
    “အင်း ဒီပြင်လူတွေ စဉ်းစားရင်တော့ နေမင်းသူရိန်ခိုးသွားတယ်ပဲထင်မှာဗျာ.. ခင်ဗျားတွေးပေလို့ ဒါနဲ့ နေမင်းသူရိန်က ခင်ဗျားကိုတွေ့တော့ ကယ်တင်ရှင်ကြီးလို့ ဘာလို့ခေါ်တာတုန်းဗျ”
    “ခေါ်မှာပေါ့ဗျာ… ကျုပ်မှ အချိန်မီလာမကယ်ရင် ဒင်းကတော့ မမွန်းသင့်တဲ့ အနံ့နဲ့ မွန်းသေတော့မှာလေ ဒီတော့ ကျုပ်ကို ကယ်တင်ရှင်ကြီးလို့ ခေါ်မှာပေါ့ ကဲပါ ဒါတွေထားပါတော့ ခင်ဗျားကို ရှင်းပြလိုက်ရတာ တော်တော်မောသွားတယ် ဦးတာတီးကလည်း ငွေလေးပေးထားတော့ အမောပြေလေး”
    ဟုစကားကိုဖြတ်လိုက်ပြီး ရှေ့မှာထွက်သွားလေရာ ကျွန်ုပ်မှာလည်း ဆရာကောင်း တပည့်ပီသစွာပင် အရက်ဆိုင်သို့ သွားသည်ကို သိရှိ၍ နောက်မှ ထပ်ချပ်မကွာလိုက်ရပေတော့သည်။

ဆားပုလင်းပုလင်းပြောင်နှင့် ငွေသိန်းတစ်ရာပျောက်ဆုံးမှု နောက်ဆက်တွဲ
    အထက်ပါအဖြစ်အပျက်များ ပြီးဆုံးပြီး နောက်တစ်နေ့တွင် ကျွန်ုပ်နှင့် ဆားပုလင်းပုလင်းပြောင်တို့သည် အိမ်ရှေ့ ကွပ်ပစ်တွင်ထိုင်လျက် ပဲလှော်၊ ထန်းလျက်နှင့် ရေနွေးတို့ သောက်သုံးခြင်းမပြုတော့ဘဲ ငွေယားလေး ရှိသည့်အလျောက် ဂျော်နီလမ်းလျှောက်တစ်တောင့်အား မျှော်မှန်းခဲ့ရသည့် ဆတ်သားခြောက်၊ ချိုချဉ်ကြော်၊ ကုန်းဘောင်ကြီးကြော်တို့ဖြင့် မြည်းလျက်ရှိချိန်တွင်…..
    “မေ့ချစ်မြှားစူး… အူး..ဟူး..ဟူး… မေ့ချစ်မြှားစူး… အူး..ဟူး..ဟူး…”
    မည်သော ငှက်ဆိုးထိုးသံအားကြားလိုက်ရာ ဆားပုလင်းပုလင်းပြောင်က
    “အင်း ရပ်ကွက်ထဲမတော့ သေလူတွေချည်းပဲဗျာ.. ခုလည်း ဘယ်သူ့အသုဘက သီချင်းသံလဲမသိ”
    လို့ပြောသဖြင့် ကျွန်ုပ်လည်း ခြံရှေ့သို့ ကြည့်လိုက်ရာ နေမင်းသူရိန်သီချင်းဆိုလျက် ကျွန်ုပ်တို့ အိမ်ထဲဝင်လာသည်ကိုတွေ့သဖြင့် ဆားပုလင်းပုလင်းပြောင်က
    “ကဲ ကိုနေမင်းသူရိန်ရေ.. လာတော့ လာဗျာ… သီချင်းတော့ မဆိုလာပါနဲ့”
    ဟုပြောလိုက်ရာ နေမင်းသူရိန်လည်း ခပ်ရှက်ရှက်နှင့် ကွပ်ပစ်တွင်ဝင်ထိုင်ပြီး
    “အဲဒါပဲ ကိုပုလင်းပြောင်ရေ.. ကျုပ်အသံကလည်း ဘယ်ဘ၀ကကံလည်း မသိပါဘူးဗျ.. သီချင်းဆိုကလည်း တော်တော်ဝါသနာပါ လူတိုင်းကလည်း ခင်ဗျားပြောသလိုပြောတော့ ကျုပ်မှာ ဘယ်သွားဆိုရမှန်းကို မသိတော့ဘူးဗျာ”
    ဟုပြောလိုက်ရာ ကျွန်ုပ်မှာ ရယ်မောနေသော်လည်း ဆားပုလင်းပုလင်းပြောင်ကမူ
    “ဒီလိုရှိတယ်ဗျ.. ကျုပ်ကြားဖူးသလောက်ဆိုရင် သံစဉ်တွေထဲမှာ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ၊ လို့ခေါ်တဲ့ သံစဉ် ၇ မျိုးရှိတယ်ဗျ… နောက်မှာ ဒို တစ်ခု ထပ်ပါသေးတယ် ဒါကတော့ အသံသေးမို့ ထားပါ.. အဲဒီသံစဉ် ၇ မျိုးမှာ ဒို၊ ရေ၊ မီ ဆိုတာက အမြင့်သံ အမြင့်ကီး ဆို၊ လာ၊ တီ ဆိုတာကတော့ အနိမ့်သံ အနိမ့်ကီးပေါ့ဗျာ.. ခင်ဗျားအသံက အနိမ့်သံလည်း မပါ အမြင့်သံလည်း မပါဘဲ ဖာကီး ဖာသံနဲ့ဆိုနေတော့ ဒီလိုဖြစ်တော့မပေါ့”
    ဟု ပြောလေရာ နေမင်းသူရိန်က
    “အမလေးဗျာ.. ကျုပ်မှာ ရှေ့နေငှားခါမှ ထောင်လုံးလုံးကျဆိုသလိုဖြစ်နေပြီ ကိုပုလင်းပြောင် ပြောတော့မှပဲ ကျုပ်အသံက ဖာ ကီး ဖာ သံ ဖြစ်ရပါတော့တယ်ဗျာ”
    ဟုပြောလိုက်လေရာ.. ဆားပုလင်းပုလင်းပြောင်နှင့် ကျွန်ုပ်တို့သည်လည်း အားပါးတရ ရယ်မောလိုက်ရတော့လေသတည်း။
 

No comments:

Post a Comment