Tuesday, June 26, 2012

ရိုက်ပွဲခေါ်သံ


          အခုတလော… ရုပ်ရှင်လောကမှာ ပေါ်ပြူလာစတား ရေပန်းစားနေသူက ဒါရိုက်တာ John Kaung။ အများသိတော်မူကြတဲ့အတိုင်း ဒါရိုက်တာ John Kaung ဆိုတာက ဇာတ်ညွှန်းမဲ့ဗီလိန်၊ အမှားတော်ပုံ၊ လျှို့ဝှက်သော အကြွေး၊ မယားနှင့်အကြပ်ကိုင်သောသူ စသည့်ဇာတ်ကားတို့၏ ပဲ့ကိုင်ရှင်။ သူဘာတွေ ရေပန်းစားနေသလဲဆိုတာကို စလိုးမိုးရှင်းနဲ့ မိုးအလင်းကြည့်လိုက်ရအောင်ဗျား။
          “ဟဲလို ဒါရိုက်တာ John Kaung လား မသိဘူး”
          “ဟုတ်ပါတယ်။ ကျူပ်နိုင်ငံကျော်၊ အာဆီယံကျော်၊ အေးရှားကျော်၊ ကမ္ဘာကျော်၊ နဂါးငွေ့တန်းကလက်စီကျော်၊ စကြာဝဠာကျော်၊ ကျော်တကာ့ကျော်၊ ထဲက ဒါရိုက်တာကျော် John Kaung ပါ”
          “ကျော်တွေက နည်းနည်းများ နည်းနေသေးလား မသိဘူး။ ဟို.. ကျော်လေးကျော်ထဲက ဦးမင်းကျော်ပါ ထည့်လိုက်ပါလားဟင် အဟဲ”
          “အင်း.. မနှဲလေးတို့ အမေဂျမ်းတို့ပါ မလိုင်အုပ်ပြီးတော့ အပိုင်ချုပ်… ဟမ်.. ဟေ့မင်းဘယ်သူလဲ။ ငါ့ကို ဒါရိုက်တာကျော်ကိုများ ရှော်တော်တော်နဲ့ မင်းဂိန်သွားချင်လို့လား”
          “ဟာ ဘဲထီးဆောရီး.. ဘဲမဆောရီးပါပဲ ဒါရိုက်တာကြီးရယ်။ ကျွန်တော်က Hmawbi Online Family Group က သတင်းသမားလေး ဂျာနယ်ကျော် မောင်မောင်ဂျက်ပါ.. ဒါရိုက်တာကြီးကို ဗျူးချင်လို့”
          “ဟမ်…. ဂျာနယ်ကျော် မမလေးပဲကြားဖူးပါတယ် မင်းဟာကြီးက ဘယ်လိုဖြစ်ပြီးတော့ ဂျာနယ်ကျော် မောင်မောင်ဂျက်တုန်း”
          “ဂျာနယ်ကျော် မမလေးနဲ့ ၀မ်းကွဲတွေပါ.. ”
          “သြော်.. အဖွားနဲ့ မြေး ၀မ်းကွဲတော်တယ်ပေါ့… ”
          “မဟုတ်ပါဘူး စိတ်ဝမ်းကွဲနေတာပါ”
          “အွန်… တော် မင်းတို့ကောင်တွေ အဲဒါပဲ။ လစ်တာနဲ့ ဗျူးမယ်ဆိုတာချည်းပဲ။ ဒီမှာ.. အချိန်က အိပ်မက်ထဲမှာပဲ ၀ယ်လို့ရတယ်ကွ။ ငါမအားသေးဘူး။ ဟောလိဝုဒ်အထိ ခြေဆန့်ဖို့ ငါ့ရဲ့ စိတ်ကူးသစ် အတွေးအခေါ်သစ်၊ အနုပညာသစ် တွေအတွက် အချိန်ပေးထားရတယ်ကွ…”
          “ကျွန်တော် ဗျူးချင်တာလည်း အဲဒါပဲ ဒါရိုက်တာကြီးရယ်။ ခုရိုက်နေတာက ဒါရိုက်တာကြီးရဲ့ မာစတာ ငပိ အဲ ပိစ် ဆိုတာကို ကျွန်တော်တို့ မှော်ဘီလျှို့ဝှက်စုံထောက်များ အဖွဲ့က ဒါရိုက်တာကြီး မူးနေတုန်း ပြောတာကို ကြားမိလို့ အဲဒီအကြောင်းအရာလေးကို မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ကြီးဆီကို အသိပေးချင်တဲ့ သဘောလေးပါ။ ဒါရိုက်တာကြီးလည်း ပေါ်ပြူလာဖြစ်တာပေါ့”
          “ကျုပ်က ပေါ်ပြူလာဖြစ်ပြီးသားပါ..ဟွန်းဟွန်း”
          “ပေါ်ပြူလာကို ထပ်ဆင့်ပေါ်ပြူလာစေချင်တဲ့ စေတနာပါ။ ကဲ ဘယ်လိုလဲ ဗျူးမယ်မဟုတ်လား။ ဒါရိုက်တာကြီး”
          “သိပ်ခက်တယ် အရမ်းခက်တယ် ကျူပ် အချိန်အများကြီး မပေးနိုင်ဘူးဗျာ”
          “၀မ်းမိနစ်တည်းပါ ဒါရိုက်တာကြီးရယ် နော်နော် ဗျူးပေးပါနော် အဟင့် တားမှာ တင်စရာ ပို့စ်လေးတွေ မရှိလို့တော့ပါ အဟီးးး”
          “အာ.. မငိုနဲ့လေ…. ငိုရ၀ူး ငိုရ၀ူး.. ဒီမှာကြည့်ချမ်း အာလောက်လောက် ဗျူးဗျူး”
          “အဟီး ဗျူးမယ်နော် ဇာတ်ကားရဲ့ နာမည် ၀တ္တုဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ ပြီးတော့ ပါဝင်မယ့် အက်တာတွေ”
          “ဇာတ်ကားရဲ့ နာမည်က ရိုက်ပွဲခေါ်သံ၊ ၀တ္ထုဇာတ်ညွှန်းနဲ့ ဒါရိုက်တာက ကျုပ် John Kaung။ အက်တာတွေ ကတော့ နာမည်ကြီး မင်းသားမင်းသမီး အများအပြားပါဝင်မှာပါ”
          “ဇာတ်လမ်းအကျဉ်းလေး သိပါရစေ”
          “Sorry ပါ။ ဒါကတော့ ပြောလို့မဖြစ်ပါဘူး။ သေချာတာကတော့ ပရိတ်သတ်တွေ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေမယ့် သမားရိုးကျတွေထဲက ခွဲထွက် ဖောက်ထွက်ထားတယ်လို့ပဲ ပြောပါရစေ”
          “ဟုတ်ကဲ့.. အခုလိုဖြေကြားပေးတဲ့ ဒါရိုက်တာ John Kaung ကို ကျွန်တော်တို့ Hmawbi Online Family ကနေပြီးတော့ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ”
          “ရပါတယ် မလိုပါဘူး ကျေးဇူးဆိုတာ အီးလိုပဲ ပေါက်တုန်းခဏပဲ နံတာကွ”
          “………..”
          “ဆရာ… မင်းသား လီယိုနာဒို ပိုလီယိုက ဇာတ်လမ်းတောင်းနေပါတယ်။ သူဇာတ်လမ်းဖတ်ကြည့်ပြီမှ ရိုက်မရိုက်ပြောမယ်တဲ့”
          “ကောင်းပြီ လီယိုနာဒို ပိုလီယိုဆီ ဖုန်းဆက်စမ်း”
အောက်ပါ စကားပြောခန်းတွင် ကျွန်ုပ် John Kaung နှင့် လီယိုနာဒိုတို့ အင်္ဂလိပ်လို အခြေအတင်စကားပြောခန်းဖြစ်ပါသော်လည်း ပရိတ်သတ်များ ဖတ်ရှုရလွယ်ကူစေရန် မြန်မာလိုသာ ရေးလိုက်ရပါသည်။
          “ဟဲလို”
          “လီယိုနာဒို ပိုလီယိုလား”
          “ဟုတ်ကဲ့ပါ။ ကျွန်တော် လီယိုနာဒို ပိုလီယိုပါ။ အခုပြောနေတာ ဘယ်သူလဲမသိဘူး”
          “အေး.. ငါ John Kaung ပဲ။ ဘာလဲ မင်းက ငါ့ကို မယုံတော့ဘူးလား။ငါက မင်းကို တိုက်တန်းမြုပ်ကားမှာ ပန်းချီဆွဲခန်းပါအောင် ရိုက်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ အနုပညာကြေးကိုလည်း ထိုက်ထိုက်တန်တန်ပေးထားတာပဲ။ ငါအခုရိုက်မယ့် ကားက သမားရိုးကျမဟုတ်ဘူး။ ဖောက်ထွက်ထားတာ။ မင်းတို့အားလုံး ကမ္ဘာကျော်သွားစေမယ့် တကယ့်ဟဲဗီးမာစတာ။ ဇာတ်လမ်းကိုတော့ ဘယ်အက်တာကိုမှ ပေးမဖတ်နိုင်ဘူး။ ဒါက အောင်မြင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်တစ်ခုပဲ။ ငါက မင်းကို တပည့်အရင်းမို့လို့ ဦးစားပေးထားတာ။ မင်းလက်မခံရင် ငါ့ နောက်တပည့် နွေရိပ်ကို”
          “ဟာ.. ဆရာ။ ကျွန်တော် ကျွန်တော်လက်ခံပါ့မယ်။ ကျွန်တော်ဆရာကို ယုံပါတယ်။ အားလည်းကိုးပါတယ်။ ဆရာခိုင်းတဲ့အတိုင်း ကျွန်တော်ကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်။ ဇာတ်လမ်းလည်း မတောင်းတော့ပါဘူး။ ဟို.. နွေရိပ်ဆိုတဲ့ ကောင်ကိုလည်း မပေးပါနဲ့နော်”
          “အေး ဒီလိုမှပေါ့ကွာ…။ ကျရှုံးခြင်းဆိုတာ ဘ၀င်တစ်ချက် ဟပ်လိုက်တာနဲ့ ဘုံးခနဲကျလာတာ။ မင်းကတော့ ဆက်လက်အောင်မြင်နေဦးမှာပဲ”
          “ကျေးဇူးပါပဲ ဆရာ”
          “မလိုပါဘူးကွာ ကျေးဇူးဆိုတာ အီးလိုပဲ ပေါက်တုန်းခဏပဲ နံတာကွ”
          “ဆရာ.. မင်းသမီး လီမိုးတွင်းကလည်း ဇာတ်လမ်းဖတ်ကြည့်ဦးမယ်တဲ့”
          “လာပြန်ပြီ နောက်တစ်ယောက်”
အောက်ပါ စကားပြောခန်းတွင် ကျွန်ုပ် John Kaung နှင့် လီမိုးတွင်းတို့ ကိုရီးယားလို အခြေအတင်စကားပြောခန်းဖြစ်ပါသော်လည်း ပရိတ်သတ်များ ဖတ်ရှုရလွယ်ကူစေရန် မြန်မာလိုသာ ရေးလိုက်ရပါသည်။
          “ဟဲလို”
          “ဟဲလို… လီမိုးတွင်းလား”
          “ဟုတ်ပါတယ်ရှင့်။ ကျွန်မ လီမိုးတွင်းပါ”
          “အေး… ငါ John Kaung ပဲ။ ဘာလဲ နင်က ငါ့ကို မယုံတော့ဘူးလား။ ငါနင့်ကို တင်ခဲ့တဲ့ အဲ.. နာမည်ကြီးအောင် လုပ်ပေးခဲ့တဲ့ ဒါရိုက်တာပါကွ”
          “ကွိကျွိ..ကွိကျွိ.. ကွိကျွိ” (ရုပ်ရှင်ထဲမှ အမြန်ရစ်သံ)
          “ကျေးဇူးတင်ပါတယ် ဆရာရှင့်”
          “မလိုပါဘူးကွာ ကျေးဇူးဆိုတာ အီးလိုပဲ ပေါက်တုန်းခဏပဲ နံတာကွ”
         
          “နောက်ဘယ်သူကျန်သေးလဲ”
          “မင်းသား ကူပွန်ခိုး”
          “ဟဲလို.. ကူပွန်ခိုးလား”
          “ဟုတ်ကဲ့”
          “အေး.. ငါ John Kaung ပဲ။ ဘာလဲ မင်းက ငါ့ကို မယုံတော့ဘူးလား ငါမင်းကိုတင်ခဲ့တဲ့ ဒါရိုက်တာပါကွ”
          “ကွိကျွိ..ကွိကျွိ.. ကွိကျွိ” (ရုပ်ရှင်ထဲမှ အမြန်ရစ်သံ)
          “ကျေးဇူးပါပဲဆရာ”
          “မလိုပါဘူးကွာ ကျေးဇူးဆိုတာ အီးလိုပဲ ပေါက်တုန်းခဏပဲ နံတာ”
         
          “အမလေး ဟောဟဲ… ဟောဟဲ.. ကျန် ကျန်သေးလား”
          “မကျန်တော့ပါဘူးဆရာ။ ကျန်တဲ့မင်းသားတွေရော.. မင်းသမီးတွေရော ဆရာ့နာမည်ပြောလိုက်တာနဲ့ ရိုက်ရက်တွေပေးကြတယ်ဆရာ”
          “ဇာတ်ပို့ ဇာတ်ရံ လူကြမ်းတွေထဲကရော”
          “အားလုံး OK ပါပဲဆရာ”
          “အေးအေး.. ကျေးဇူးပဲကွာ”
          “ကျေးဇူးဆိုတာ အီးလိုပဲ ပေါက်တုန်းခဏပဲ နံတာပါဆရာ”
          “ဖြီး”

          “ဆရာ.. ဇာတ်ကားကန်တော့ပွဲပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ”
          “အက်တာတွေ အကုန်ရောက်လာပြီလား”
          “ရောက်လာပါပြီ ဆရာ..။ လီယိုနာဒို ပိုလီယိုလည်း သူ့ရဲ့ကာကွယ်ဆေးသောက်ရက်ကို ရွေ့ပြီးတော့ တန်းလစ်ချလာတာ။ လီမိုးတွင်းကလည်း ကိုရီယားမှာ ဂင်ချီစိမ်ဖို့ မုန်လာဥတွေ ၀ယ်ထားတာတောင် မစိမ်နိုင်ဘဲ လာရတယ်တဲ့ဆရာ။ ကူပွန်ခိုးကလည်း သူ့ရဲ့ ထိုင်းနိုင်ငံရှိုးပွဲပြီးပြီးချင်း ထိုင်းမလေးတွေကိုတောင် ကြာမပစ်နိုင်ဘဲ ဆရာ့ကို ကြာလာပစ် အဲ ဆရာ့ဆီတန်းလာခဲ့တယ်လို့ ပြောပါတယ်ဆရာ။ ကျန်တဲ့ မင်းသား မင်းသမီးတွေလည်း တက်တက်ကြွကြွနဲ့ ရောက်နေကြပါတယ်”
          “အေး… သူတို့တွေ ဒီဇာတ်ကားကို အခုလို အလေးအနက်ထားတာတွေ့ရတော့ ငါအရမ်းပီတိဖြစ်မိတယ်ကွာ.. ဒီဇာတ်ကားပေါက်မယ်ဆိုတာကိုလည်း ငါပိုပြီးတော့ကို ယုံကြည်သွားပြီ”
          “ဒီဇာတ်ကား ကန်တော့ပွဲမှာ သုံးယောက်တော့ မလာဘူးဆရာ”
          “ဟေ.. ဘယ်သူတွေလဲ”
          “ဟို ဗီလိန်လူကြမ်းသရုပ်ဆောင် နေမင်းသူရိန်၊ အမုန်းသခင်နဲ့ အောင်ကျော်သူတို့ပါ”
          “သူတို့က ဘာလို့မလာရတာလဲကွ”
          “ညက သောက်တာများသွားလို့တဲ့”
          “ဟမ်”

          (၆) လခန့်ကြာသောအခါ..
          နေပြည်တော်၊ သမ္မတ၊ ဘုရင့်နောင်၊ သွင် စသည့် ရုပ်ရှင်ရုံကြီးများတွင် ပျားအုံတုတ်နဲ့ထိုးလိုက်သလို၊ ပရိတ်သတ်များ ဆူညံပွက်လောရိုက်ကာ ၀ီခေါ်နေသည်။ အထူးသဖြင့် မိန်းကလေးပရိတ်သတ်များမှာ ထဘီစွန်တောင်ဆွဲကာ စွေ့စွေ့ခုန်လျက်။
          အဘယ်ကြောင့်ဆိုသော်… သူတို့ အင်မတန်ချစ်သော မင်းသားနုနုထွတ်ထွတ် ရွရွလှလှပပလေးများကို အင်မတန် အမြင်ကပ်စက်ဆုတ်ရွံရှာမုန်းတီး ပြည်သူ့ချဉ်ဖတ်များ အဖြစ် တွေ့မြင်ရပြီး သူတို့အတွက် အင်မတန်ရိုင်းစိုင်းကောက်ကျစ်ခက်ထန်သော၊ အင်မတန်လူမဆန်သော၊ အင်မတန်ပျို့အန်စရာကောင်းသော၊ လူဆိုးလူကြမ်းဗီလိန်များ ဖြစ်ကြသည့် နေမင်းသူရိန်၊ အမုန်းသခင်နှင့် အောင်ကျော်သူတို့အား အင်မတန်ရိုးသားဖြူစင်သော၊ အင်မတန် လိမ္မာကြိုးစားယဉ်ကျေးသော၊ အင်မတန် စိတ်နှလုံးသား မွန်မြတ်ကောင်းမွန်သော၊ အင်မတန်လူပီသပြီး ဖြောင့်မတ်မှန်ကန်သော လေးစားအားကျစရာ လူချွန်လူကောင်းများ အဖြစ်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
          အနှီ “ရိုက်ပွဲခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြီး တစ်ပတ်အကြာတွင် ထိုဇာတ်ကား၏ ပဲ့ကိုင်ရှင် ဒါရိုက်တာကျော် John Kaung မှာ ရန်ကုန်အထူးကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသခံယူလိုက်ရလေသည်။
          (မှတ်ချက်။    ။ မြန်မာ့ရုပ်ရှင်အား အနုပညာချစ်စိတ်ဖြင့် မြှင့်တင်လိုသော ဒါရိုက်တာများအား ဤ“ရိုက်ပွဲခေါ်သံ”၀တ္ထုအား အကြီးအကျယ် ရိုက်ကူးပုံဖော်လိုပါက အနုပညာကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ၊ ဤကဲ့သို့သော အရည်မရအဖတ်မရရေးထားသော ၀တ္ထုကိုလည်း တက်မက်မှုမရှိဘဲ၊ မူပိုင်ခွင့်လုံးဝ(လုံးဝ) မလိုချင်ပါဘဲ ဤ၀တ္ထုဇာတ်လမ်းအား မေတ္တာသက်သက်ဖြင့် ကူးယူရေးသား ရိုက်ကူးခွင့် ပေးမည်ဖြစ်ပါကြောင်း…. )
         

No comments:

Post a Comment