Monday, January 30, 2012

မခွဲရက်လို့.. တွဲလက်မဖြုတ်ပါ

မခွဲရက်လို့.. တွဲလက်မဖြုတ်ပါ

  “ကို..ဖေဖေနဲ့ မေမေတို့က ကိုနဲ့ ချစ်ကို သဘောမတူဘူးတဲ့။ ခုတောင်ဘယ်သူမှ မသိအောင်ခိုးထွက်လာတာ”    
ကျွန်တော်တို့သည် ချစ်၍ချစ်သူများဖြစ်ခဲ့ကြသည်။ ချစ်သူနှင့် ကွေကွင်းခြင်း၊ ကွဲကွာခြင်း ၀ဋ်ဒုက္ခများကို သူရော ကျွန်တော်ပါ မခံစားနိုင်ကြပါ။ မိဘများက မည်သို့ပင်တားမြစ်ပိတ်ပင်ပါစေ နီးစပ်အောင်တော့ အစွမ်းကုန်ကြိုးစားပါသည်။
            ကူညီမစမည့်သူ အားကိုးစရာလည်းရှာပါသည်။ (ဖာဂူဆန်တို့ အာဆင်ဝင်းဂါးတို့ကလည်း သိပ်အားကိုးလို့မရဘူးဗျ) အမေ့ဆီသွားပြန်တော့လည်း လူမြင်တာနဲ့ သရဲသဘက်မြင်တဲ့အလား ဇွတ်ကိုမောင်းထုတ်တာ။
            ချစ်သူသည်သာ အဓိကဖြစ်၍ အချိုသပ်ကာ အပျော့ဆွဲဆွဲပြန်ရာ “ကို့ကိုလည်း ချစ်တယ်။ မိဘတွေ စကားလည်း မလွန်ဆန်နိုင်ဘူး” ဟုဆိုရာ ရှေးရိုးနည်းစဉ်အတိုင်း ခိုးရာလိုက်ရန်ပြောပြန်သော်…
            “ခိုးရာတော့ မလိုက်နိုင်ဘူး ကို”
            နောက်ဆုံးစကား၊ နောက်ဆုံးမျှော်လင့်ချက်ပါ ကုန်ဆုံးသွားပြီဖြစ်ရာ များစွာစိတ်ပျက်နေခိုက် ချစ်သူက ၀မ်းသာအားရနှင့်….
            “အဲ… အကြံရပြီ။ ခိုးရာလိုက်ရင် အိမ်ကအမွေပြတ်တဲ့။ ဒီတော့ကိုက ချစ်ကို ကားတင်ပြေး”
            “ကားတင်ပြေးရမယ်”
            “ဟုတ်တယ်… ကားတင်ပြေးတော့ ကိုကိုနဲ့ မြန်မြန်နီးရမယ်။ ခိုးရာလိုက်တာမဟုတ်တဲ့အတွက် အိမ်ကလည်း သိပ်ကွိုင်မှာ မဟုတ်တော့ဘူးလေ။ ဒါပေမယ့် သဏ္ဍာန်လုပ် သရုပ်တူမှဖြစ်မှာ”
            ချစ်သူက ဖန်တီးထားသော ဇာတ်ကွက်တစ်ခုကို ပြောပြ၏။ သူ့ဟာသူတော့ အပိုအလိုမရှိ ကွက်တိဖြစ်ပေမယ့် ကိုယ့်အတွက်ကတော့ သိပ်မစားသာတာမို့..
            “အဲ့လောက်လိုလို့လားချစ်ရာ”
            “လိုတာပေါ့ ကိုရ။ သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ”
ဤသို့ဖြင့်…
            မှော်ဘီဈေးတံတားထိပ်တွင်ကားကိုရပ်လိုက်သည်။ ကူညီပေးမည့် ပြည့်ဖြိုးအောင်က မောင်းသည့်ခုံတွင် မိန့်မိန့်ကြီး ထိုင်နေသည်။ ကျွန်တော်ကတော့ အနောက်ဆီသို့ မျှော်လျက် ချစ်သူအလာကိုစောင့်နေလိုက်သည်။ လမ်း၏တစ်ဖက်ခြမ်းတွင်တော့ အောင်ကျော်ဆက်နှင့် ဥက္ကာတို့က ရောက်ရှိနေကြပြီ။
            ဟော.. အနောက်ဆီမှ ချစ်သူကိုတွေ့လိုက်ရသည်။ မျက်ဝန်းထဲတွင်တော့ ကမ္ဘာ့အလှဆုံးပန်းပွင့်လေး လေနှင့်လွင့်လာသလိုလို…
            “ရပ်”
            ချစ်သူကိုတား။ လက်ကိုဆွဲတော့ ချစ်သူက သူရေးသည့်ဇာတ်ညွှန်းထဲကအတိုင်း ဟန်ပါပါရုန်းကန်ရင်း ပါးချလေသည်။
            “ဖြန်း”
            ပါးပြင်တစ်ပြင်လုံး ပူထူသွားလေသည်။ လမ်းတစ်ဖက်က အောင်ကျော်ဆက်နှင့် ဥက္ကာတို့က ကျွန်တော်တို့ ရှိရာကို ပြေးလာပြီး..
            “လက်ကိုလွှတ်လိုက်စမ်း..ခွပ်”
            ကြိုတင်မှာထားသည့်အတိုင်း မလုပ်ဘဲ ကျွန်တော့်မျက်ခွက်အား အသားကုန်ထိုးသဖြင့်  စိတ်တိုပြီး ဥက္ကာအား ကန်ထည့်လိုက်သည်။
            “ဖုန်း..အွန့်..”
            မတည့်အတူနေ နဂိုကမှ အစာမကြေသူ အောင်ကျော်ဆက်ကတော့ အငြိုးနှင့် အတိုးပေါင်း၍တွယ်ရာ နှစ်ယောက်တစ်ယောက် မီးကုန်ယမ်းကုန်သုတ်ရသလိုဖြစ်နေလေသည်။ အကူအညီရမလားလို့ ပြည့်ဖြိုးအောင်ကို ကြည့်တော့ သူနဲ့မဆိုင်သလို ထိုင်နေသည်။
            “ခွပ်”
            “ဒုတ်”
            “အင့်”
            ချစ်သူလက်ကိုဆွဲထားရသည်က တစ်ကြောင်း၊ နှစ်ယောက်တစ်ယောက် ဖိုက်တင်ပလေးနေရသည်က တစ်ကြောင်းကြောင့် ထိုးလိုက်၊ ကန်လိုက်နှင့် ကိုယ်ကချည်းသာခံနေရလေသည်။ လူကနာလို့ ဒေါသပါရုံမကဘဲ မာတုဂါမလက်ကို ကိုင်ထားတော့ တဏှာကထပ်လောင်းပိုလာပြီမို့ ဇွတ်ရော အတင်းပါဆော်နေတုန်း ဘေးကကြည့်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့က..
            “ဟိုကောင်က ကောင်မလေးလက်ကိုကိုင်ထားတယ်”
            “ရုပ်ကလည်း ကြာကူလီရုပ်နဲ့”
            “ရပ်ကြည့်လို့ အမြတ်မရှိပါဘူးကွာ၊ နိုင်ငံကြီးသားပီပီ ကူညီလိုက်ရအောင်ပါ”
            ဟူသော စကားသံများက နောက်ဆုံးကြားရခြင်းဖြစ်သည်။ အား..လားလား. များလိုက်တဲ့လူတွေ။ ငယ်ငယ်ကကြည့်ဖူးတဲ့ စွန်းဝူခုန်းတို့ ကျန်ကျောင်းတို့ လာချတောင် နိုင်မှမဟုတ်ဘူး။
            ကြံရာပါ ပြည့်ဖြိုးအောင်ကလည်း အားကိုးရပါပေသည်။ ဟန်ပုံမရသည်နှင့် ကားကိုမောင်းပြေးလေပြီ။ ကျွန်တော့်တွင် ပြေးစရာမြေမရှိတော့….။ ချစ်သူလက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း …
            “ချစ်.. ကိုယ်တို့က ရည်းစားတွေလို့ပြောလိုက်လေ”
            “ဟင့်အင်း.. ပြောဘူး။ နိုင်အောင်ချပေါ့။ သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ ကိုရဲ့”
            “သေဟ”
            လူကများရတဲ့အထဲ တုတ်ကိုင်ထားတဲ့ လူတွေကပါသေး။ တတ်နိုင်ဘူး အားရှိသရွေ့တော့ ဆော်ရတော့မှာပဲ။ လက်သီးနဲ့ထိုး  ခြေထောက်နဲ့ကန် ပါးစပ်နားရောက်လာရင် ဆွဲကိုက်။ လူတွေကလည်း ဒါမျိုးဆိုရင် အားတက်သရော ကူညီကြပါ့။ ဘယ်ဘ၀က ငါးဖယ်ရောင်းခဲ့တယ်မသိပါဘူး။ ဒီဘ၀တော့ ငါးဖယ်တေ တေခံလိုက်ရတာဖြင့် သတိကိုလွတ်ရောပဲ။ (သတိသာလွတ်တာ ချစ်သူလက်ကတော့ လွတ်ဘူးရယ်)
            “မင်းရဲ့ချစ်ခြင်းကို လေးစားသောအားဖြင့် ငါ့သမီးနဲ့ သဘောတူလိုက်ပါပြီကွာ”
            ဦးဖေဖေ စကားကြားရသည်မှာ နားထဲတွင်ချို၍သွားလေသည်။ ၀မ်းသာအားရထခုန်မည်လုပ်တော့ ဟယ် တစ်ကိုယ်လုံးတွင် ပတ်တီးတွေ အပြည့်။ အို လူကလှုပ်မရတော့ မျက်နှာက ပြုံးပြရမပေါ့လေ ဟူ၍ပြုံးပြလိုက်ရာ လေများက ပါးစပ်ထဲဒလဟောဝင်လာ၏။ မသင်္ကာ၍ လျှာဖြင့်ကလိကြည့်တော့ ရှေ့က ကာဗာရှဲများမရှိတော့။ ဆရာဝန်ဖြစ်ဟန်တူသော ငနဲက..
            “ဒီလောက်ဒဏ်ရာများတာတောင် အသက်ထွက်မသွားတာ အံ့ဖွယ်ပဲ”
            “စိတ်လေ.. စိတ်။ စိတ်ဆောင်နေလို့ပေါ့ဗျာ” ဟု မကြာခင်တော်ရတော့မည့် ယောက္ခကြီးကပြောရာ ကုတင်ဘေးတွင် ကုတ်ချောင်းကုတ်ချောင်းနှင့် ရပ်နေသော ပြည့်ဖြိုးအောင်က
            “တဏှာလို့ပြောရင် ပိုမှန်ပါတယ် ဦးရယ်”
            “ကဲ..ကဲ.. ငါတို့လည်း ပြန်တော့မယ်။ ငါ့သမီးလက်ကိုလည်း လွှတ်ဦးကွ ရန်စဖြစ်ကတည်းက ကိုင်ထားတဲ့လက် အခုထိကို မလွှတ်သေးဘူး။ ငါ့သမီးက ဘယ်မှ ထွက်မပြေးပါဘူးကွ”
            “မခွဲရက်လို့ တွဲလက်ကို မဖြုတ်ပါရစေနဲ့ ဦးရယ်”
            “အဲဒါ..အဲဒါ.. ရောဂါ.. ရောဂါ”
            “ဒါနဲ့ အောင်ကျော်ဆက်နဲ့ ဥက္ကာရော”
            “သူတို့ကတော့ ရဲစခန်းမှာ ခဏထိန်းသိမ်းထားတယ် တခြားလူတွေကတော့ အာမခံနဲ့ထုတ်သွားပေမယ့် သူတို့ကိုတော့ ဘယ်သူမှ အာမခံမပေးလို့တဲ့”
            “အန်”
            အားလုံးပြန်သွားကြချိန်တွင်တော့ အခန်းထဲ၌ ချစ်သူနှင့်ကျွန်တော် နှစ်ကိုယ်တည်း။ ချစ်သူ၏အပြုံး၊ ချစ်သူ၏အယုအယတို့သည်က ဒဏ်ရာမှန်သမျှကို မေ့ပျောက်လို့သွားစေနိုင်တော့လေသည်။         ။

ကျွန်တော် John Kaung ငတုံး

ဟုတ်တယ်။ ကျွန်တော်က ငတုံးပဲ။ တုံးတာမှ ဆံပင်တောင်သိပ်မရှိချင်တော့ဘူး။ ကျွန်တော်လည်း မကျေနပ်တာနဲ့ အင်တာနက်ကဖေးကို အပြေးဆွဲခဲ့တာ။ အဓိကကတော့ တုံးတာတွေကို မကျေနပ်လို့ ခေတ်ကို ချဉ်းကပ်တဲ့ သဘောနဲ့ အင်တာနက်ကို သုံးခဲ့တာလေ။
            သြော် အင်တာနက်ပေါ်မှာလည်း တွေ့လိုက်တဲ့ မဒီတွေကလည်းထောင်းထောင်းကျေလို့။ အဲ့ တွေ့လိုက်တဲ့ ဗဟုသုတစာပေတွေ ကောင်းကောင်းကို လွန်လို့ ကျွံလို့ပါလား။ အဲ အဲဒီမှာတင် ကောင်မလေးတစ်ယောက်နဲ့ စကားတွေပြောဖြစ်ခဲ့တယ်။ ကျွန်တော်က အပြင်မှာသာ ဘာမှမဟုတ်သလို ဘာမှမဟုတ်ပေမယ့် အင်တာနက်မှာတော့ ကောင်မလေးတွေ ရာချီလို့။ ရဲမေကောင်မလေး (၇) ယောက်တောင်ပါသေး။ ကျွန်တော့်ကိုဖမ်းမလို့ သတင်းယူနေတာလည်းဖြစ်မှာပေါ့။ ဘယ်တတ်နိုင်မှာလဲ ကျွန်တော့်ထောင်ဇာတာပေါ့လေ။ ကီးဘုတ်ပေါ်မှာ ကျွန်တော့်လက်ချောင်းတွေ ဆော့ကစားလိုက်တယ်။
            “ဟေ့ မတွေ့တာတောင်ကြာပြီနော် ဘာလုပ်နေတာလဲ”
            “မတွေ့ဆို တရားစခန်းဝင်နေတယ်လေ”
            “အခုရော ဘာလုပ်နေတာလဲ”
            “အခုနက်သုံးပြီးရင် တရားထိုင်ရမှာပေါ့”
            ကောင်မလေးကကျွန်တော်ထင်တာထက်တောင် ပိုလိမ္မာနေပါလား။ ကျွန်တော်ကသာ အကုသိုလ် အတုံးလိုက် အတစ်လိုက်ကောင်ပါ။
            “တရားတွေ ဘာတွေ ခဏထား။ အဖြေတောင်းထားတာ ဘယ်လိုလဲ”
            “ဒီဘ၀မှာတော့ မဖြစ်နိုင်ပါဘူး”
            “မင်းက ငါ့အချစ်ကိုမယုံလို့လား”
            “ဒီဘ၀မှာတော့ မဖြစ်နိုင်ပါဘူး”
            အဖြေတောင်းတိုင်း ဒီစာကြောင်းပဲ အမြဲပေါ်ပေါ်လာခဲ့တယ်။ ဘာလဲ ဘာကြောင့်လဲ။ ကောင်မလေးမှာ အေကျနေလို့လား။ ဒါမှမဟုတ် မသေတောင် အောက်ပိုင်းတစ်ခြမ်းလေဖြတ်နေလို့လား စသည်ဖြင့် ကျွန်တော့် အတွေးတွေ မိုက်ရိုင်းနေတယ်။ အင်တာနက်ပေါ်မှာ ဒီလောက်အသည်းမာတဲ့ ကောင်မလေး တစ်ခါမှ မတွေ့ခဲ့မိဘူး။
            “ဘာလို့လဲကွာ မနက်ဖြန်ခါ တွေ့ချင်တယ်”
            “မနက်ဖြန်ခါ မအားဘူး”
            “ဘာဖြစ်ပြန်ပြီလဲ”
            “ဆွမ်းဆန်စိမ်း အလှူခံထွက်ရမှာလေ”
            “အင်”
            ကျွန်တော်မျက်လုံးပြူးသွားသည်။
            “ဒါ ဒါဆို သီလရှင်ကြီးပေါ့”
            “မယုံလို့လား”
            “မယုံဘူး”          
            ကျွန်တော်နည်းနည်းမှ မလျှော့ဘူး။
            “ဒါဆို တခြားဘက် မျက်နှာလှည့်နေနော်”
            ကျွန်တော့်မျက်နှာ အလိုလိုလှည့်မိတယ်။ စိတ်ထဲမှာတော့ တဒုတ်ဒုတ်နဲ့။ ကောင်မလေးတမင်စတာပဲဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။ သီလရှင်သာဖြစ်ရင် ကျွန်တော်ကျူမိတဲ့ အကုသိုလ်အဟုန်ကြောင့် မဟာအ၀ီစိငရဲကို ဒိုးရတော့မယ်ဆိုတဲ့ အသိက ပြောဖွယ်မရှိတော့။ မော်နီတာကို တုန်တုန်ရီရီ ကျွန်တော်ကြည့်မိတယ်။
            “ဟင် သီလရှင်ပုံ”
            အာမေဍိတ်သံအဆုံးမှာ တုန်ရီသောလက်များနှင့်
            “ငမိုက်သားကို ခွင့်လွှတ်ပါဘုရား”
            “ခွင့်လွှတ်ပါတယ် ဒကာလေး”
            “တင်ပါးဘုရား ပေါင်ရင်းပါဘုရား”
            သြော်အရေးထဲ အကျောကမသေသေးဘူး။
            “ခွင့်လွှတ်ပါတယ် ဒကာလေးရယ်။ မနက်ဖြန်ခါ ဒကာလေးပေးတဲ့ လိပ်စာအတိုင်း ဆွမ်းဆန်စိမ်းအလှူခံကြွခဲ့မယ်နော်”
            “အင်”
            ကျွန်တော်တုံးတာက အဲဒီလိုဗျ။ ဒီဆရာလေးနဲ့ ကျွန်တော်စကားတွေပြောလာတာကြာပြီ။ ဆရာလေးဘက်က အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ သီလရှင်မှန်းသိအောင် ပြောခဲ့ပါတယ်။ ဟောခဲ့ပါတယ်။ ကျွန်တော်ကြီးကသာ ကာမနွံဖုံးလွှမ်းလို့ ဘာမှမသိခဲ့ဘူး။

ကျေးဇူးကမ္ဘာ အင်တာနက်

ကျေးဇူးကမ္ဘာ အင်တာနက်
  လွန်ခဲ့သောနှစ်အနည်းငယ်က “အင်တာနက်” ဟူသောဝေါဟာရကို စာအုပ်ထဲတွင် စတင်တွေ့ရှိလိုက်မိသည်။ ခေတ်ကိုအမှီင်္လိုက်နိုင်ရုံသာမက ကျော၍ရလျှင်ကျောမည်ဟုလက်ခံထားသောကျွန်တော် စိတ်ဝင်စားခဲ့မိသည်။ ဆက်သွယ်ရေးကိရိယာဆန်းဆိုတာလောက်သာ သဘောပေါက်လိုက်သော ကျွန်တော် အမျိုးမျိုးခန့်မှန်းတွေးတောမိသည်။ “အင်တာနက်” ဟူသော ပစ္စည်းသည် အင်တာမီလန်ဘောလုံးအသင်းနှင့် ပက်သက်လေသလား။ အင်တာနက်ကိုလေ့လာမည် ဆိုလျှင်အင်တာဗျူးကိုရော မလေ့လာသင့်ဘူးလား။ တစ်ကမ္ဘာလုံးနှင့်ဆက်သွယ်မိတ်ဆွေဖွဲ့နိုင်သည်ဆိုတော့ တယ်လီပသီနည်းနှင့်များပက်သက်နေမလား စသည်ဖြင့် ဖြစ်နိုင်ချေတို့ကို လှည့်ပတ်စဉ်းစားပုံဖော်ကြည့်မိသည်။
            ထားပါတော့။ ကျွန်တော်အင်တာနက်မသုံးခင်က အဖြစ်အပျက်လေးပြောပြမယ်။ ပညာရှာပမာ သူဖုန်းစားဆိုတော့လည်း ကိုယ်ကမသိတော့ သိတဲ့လူကိုလိုက်မေးရတာပေါ့။ ကျွန်တော့်ကံဇာတာစန်းလဂ်များ ဂြိုလ်တုတက်ချိတ်ချင်တော့ သူငယ်ချင်းတစ်ယောက်က အင်တာနက်ဂျိုး(ချိုး) ဖြစ်နေတယ်။
            “ကျွန်တော်အင်တာနက်စွဲနေတာ တော်တော်ကြာပြီဗျ။ သူဆီမှန်မှန်သွားနိုင်ဖို့ ကျန်တဲ့ကုန်ကျစရိတ်တွေကို အကုန် လျှော့ချပစ်နေရတယ်။ ကွမ်း၊ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည် ဖြတ်လိုက်ရတယ်။ မတတ်နိုင်ဘူးဗျာ။ အဲဒါတွေစွဲ တာကဖြတ်နိုင်တယ်။ အင်တာနက်က ဖြတ်မှမဖြတ်နိုင်တာကိုး”
            ဗုဒ္ဓေါ၊ အရက်၊ ကွမ်း၊ ဆေးလိပ်တို့ထက်ပင်အစွဲကြမ်းသည်ဆိုပါလား။ အဲဒါနဲ့ပဲ ကျွန်တော့်ကို အင်တာနက်ဆိုတဲ့ သတ္တ၀ါကြီးကိုလိုက်ပြဖို့ နှစ်ယောက်သား ဆိုင်ကယ်နဲ့ အင်တာနက်ဆိုင်ကိုထွက်ခဲ့တယ်။ တိုက်တစ်လုံးရှေ့မှာ ဆိုင်ကယ်ကိုရပ်လိုက်တာနဲ့ အမျိုးသမီးတစ်ဦးထွက်လာပြီး “ကွန်နက်ရှင်ကျနေလို့” လို့ထွက်ပြောတယ်။ သူငယ်ချင်းက “ဟုတ်လား” လို့ပြန်ပြောပြီးပြန်လှည့်လာတယ်။ ဒါနဲ့ ကျွန်တော်က မေးလိုက်တယ်။ “ဘာပြောတာလဲ” ဆိုတော့ သူက “မင်းနားလည်အောင် ရှင်းပြရရင် ဆက်သွယ်ရေးတွေမကောင်းလို့ အင်တာနက်အသုံးပြုလို့မရဘူးလို့ပြောတာ”
            “ဟာ.. ဒါဆို ငါအင်တာနက်ဆိုတာကြီးကို မကြည့်ရတော့ဘူးပေါ့နော်”
            “နေစမ်းပါဦးဗျာ သည့်ပြင်နေရာတွေရှိပါသေးတယ်”
            နောက်တစ်နေရာကိုရောက်တော့ ဆိုင်ထဲဝင်တဲ့အချိန်မှာပဲ ကျွန်တော်မြင်ချင်နေတဲ့ အင်တာနက်ဆိုတာကြီးကို မြင်လိုက်ရပါတော့တယ်။.
            “ဟင် အင်တာနက်ကလည်း ငါတို့ဆီက ကွန်ပျူတာကြီးပါလား”
            “ဟုတ်တယ်လေဗျာ အင်တာနက်ဆိုတာ ပစ္စည်းကိုခေါ်တာမှ မဟုတ်တာ။ လေလှိုင်းကိုခေါ်တာ။ လေလှိုင်းကို ကွန်ပျူတာနဲ့ ဖမ်းယူ အသုံးပြုတဲ့သဘောပေါ့ဗျာ”
            သူငယ်ချင်းဖြစ်သူက တတ်နိုင်သလောက် ကြိုးစားရှင်းပြနေပါတယ်။ ကျွန်တော်ကလည်း နားလည်သလိုလိုနဲ့ အရင်လိုပါပဲ။ ကွန်ပျူတာအလုံး ၂၀ ကျော်ရှေ့မှာ ထိုင်နေတဲ့ လူ၂၀ ကျော်ကတော့ မည်သူ့ကိုမျှဂရုမစိုက်အား။ နိုင်ငံခြားကားထဲမှာပါတဲ့ ဂြိုလ်တုလွှတ်တင်ခါနီး ပင်မစက်ခလုပ်ခုံခန်းထဲက ၀န်ထမ်းများပုံစံပေါက်နေပါတယ်။ ကောင်မလေးအချို့က နားကြပ်များတပ်ထားပြီး မည်သူနှင့်ဆက်သွယ်နေသည်မသိ ရှက်ပြုံးလေးပြုံးလိုက်၊ ညှင်းညှင်းလေးရယ်လိုက် နှုတ်ခမ်းလေးစူလိုက် မျက်စောင်းလေးထိုးလိုက်နှင့် တစ်ဦးတည်းသရုပ်ဆောင်နေကြသည်။
            သူငယ်ချင်းကတစ်လုံးတည်းသော လွတ်နေတဲ့ ကွန်ပျူတာရှေ့မှာနေရာယူလိုက်တော့ ကျွန်တော့်ကသူ့နောက်မှာ ထိုင်ပြီးကြည့်နေမိတယ်။ သူကတော့ ကျွန်တော်မသိတဲ့ ဟိုဟာဒီဟာတွေလုပ်နေတုန်း ကျွန်တော်ကတော့ သူငယ်ချင်းညာဘက်နဲ့ ဘယ်ဘက်ကိုတစ်ချက်လှမ်းရှိုးလိုက်မိသည်။ ညာဘက်မှာတော့ အသက် ၆၀ ကျော်(ခန့်မှန်းချေ ဒီထက်လည်းကြီးနိုင်) အဘိုးကြီးတစ်ဦးနှင့် ဘယ်ဘက်တွင်သွားခေါခေါဝက်ခြံဗရပျစ်နှင့် ခေတ်သစ်မင်းကုသ၏အမွှာ မယ်ကုသလုံမငယ်တစ်ယောက်ရှိသည်။(နှိမ့်ချခြင်းမဟုတ်တာ တကယ့်ရုပ်ကိုမြင်ရင် ကျွန်တော်ပြောတာလိုတယ်လို့တောင် ပြောဦးမယ်)
            ကျွန်တော်ထင်တာတော့ အဘိုးကြီးက နိုင်ငံခြားရောက်နေတဲ့ သူ့သားသမီးနဲ့ ပြောနေတယ်ထင်တာပေါ့။ ဒီလိုနဲ့ သူ့စခရင်ကို ကြည့်လိုက်တော့ အဘိုးကြီးရိုက်လိုက်တာက
            “မောင်လေးကိုတကယ်ချစ်တာမှ ဟုတ်ရဲ့လား”
            မြတ်စွာဘုရား အဘိုးကြီးသတ်ပုံမှားရိုက်နေတာတော့ လုံးဝမဖြစ်နိုင်ဘူး။ သူ့အသက်အရွယ်နှင့် မောင်လေးဆိုသည့် ဝေါဟာရက သချိုင်းကုန်းကိုးကုန်းလောက်ဝေးသည်။ အမှန်ဖြစ်လျှင်လည်း တစ်ဘက်က အမျိုးသမီးက အသက် ၇၀ ကျော် ၈၀ နည်းပါးလောက်ဖြစ်နေပေလိမ့်မည်။ ဘာတွေပါလိမ့်။ နောက်မှသူငယ်ချင်းကို တိုးတိုးကြိတ်မေးကြည့်ရပေတော့မည်။
            ညာဘက်က အဘိုးကြီးကို နားမလည်နိုင်သောကြောင့် ဘယ်ဘက်ကမယ်ကုသဘက်သို့ စောင်းငဲ့လေ့လာကြည့် မိသည်။ အံမယ် မယ်ကုသကလည်း အခြားတစ်ဘက်နှင့် စာတွေ အပြန်အလှန်ရိုက်ပြီး စကားပြောနေပါလား။ ဘာတွေရိုက်နေပါလိမ့်။
            “တို့ပို့လိုက်တဲ့ ဓာတ်ပုံရပြီလား”
            သူကလည်းမခေ။ ဒီစာအရဆိုရင် တစ်ဘက်ကို ဓာတ်ပုံပို့ထားသည့်ပေါ့။ ဒီလိုလှလွန်းဆွေ၏ ပုံကိုမြင်ရသည့် တစ်ဘက်က ပုရသမှာ ဘယ်လိုခံစားရမလဲ ဘယ်လိုတုံပြန်မလဲ မသိ။ ဒါနဲ့ မသိမသာလေး မျက်လုံးလေးထောင့်ကပ်၍ ဂရုစိုက်ကြည့်နေမိစဉ်မှာပင် တစ်ဘက်ကတုံ့ပြန်သော စာတမ်းပေါ်လာသည်။
            “ရတယ်။ ဒေါင်းလုပ်တောင် ဆွဲထားတယ်။ လှလိုက်တာ မရယ်။ ပိုလို့တောင်ချစ်သွားမိတယ်။ တို့ပိုက်ဆံရှိရင် မ ကို မင်းသမီးတင်ပြီး ရုပ်ရှင်ရိုက်မှာ”
            ၃၇ မင်းကယ်တော့မူပါ။ ဒီရုပ်ကြီးကို တစ်ဘက်က ရွဲ့များပြောနေသလားပဲ။ တုံ့ပြန်သောစာတန်းက ဘယ်လိုမှ ယုံချင်စရာမရှိ။ ကျွန်တော်ညဏ်မမှီတော့ပါ။ ကျွန်တော့်သူငယ်ချင်းကိုသာ နောက်မှမေးကြည့်ပေတော့မည်။ ဒါနဲ့ပဲ ကျွန်တော့်သူငယ်ချင်းက ရှင်းပြတယ်။ မီးစိမ်းရင် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။ သိတယ်မလား။ ဒါနဲ့ပြန်မေးလိုက်တယ်။
            “ဒါဆိုတစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးဘူးပေါ့”
            “ဘယ်မြင်ဖူးမလဲဗျ။ ဘယ်နေရာကဆက်သွယ်နေမှန်းတောင် သိရတာမဟုတ်ဘူး။ ပြောပြရင်တော့ သိမှာပေါ့လေ။ ဒါပေမယ့် အမှန်လား အမှားလားဆိုတာတော့ စစ်ဆေးလို့မှမရတာ။ တစ်ယောက်နဲ့ တစ်ယောက်မြင်ဖူးချင်ရင်တော့ VZO တပ်ရတယ်”
            “ဓာတ်ပုံတွေ ဘာတွေရောပို့လို့ရလား”
            “ရတာပေါ့။ ကြိုက်တဲ့ပုံပို့လိုက်။ ဟိုဘက်က ကူးယူထားလို့တောင်ရတယ်။ ဒေါင်းလုပ်ဆွဲတယ်လို့ခေါ်တယ်”
            “သြော်”
            ကျွန်တော်ဂေါက်သွားသော အဖြေတစ်ချို့ကိုရေးရေးလေးသဘောပေါက်လာပါပြီ။ အင်တာနက်ပေါ်တွင် အသက် ၆၀ ကျော်အဖိုးကြီးက မောင်လေးဟန်ဆောင်လို့ရသလို လှလွန်းဆွေမယ်ကုသက ပပ၀တီဖြစ်နိုင်သည်။ ဆယ်တန်းလေးခါကျက ဆေးကျောင်းသားဖြစ်နိုင်သလို ပလက်ဖောင်းဈေးသည်သမီးက နိုင်ငံခြားမှာ ကျောင်းတက်နိုင်သည်။
            အင်တာနက်ဆိုတာကြီးကို ကျွန်တော်အရမ်းချစ်မိသွားပြီ။ ရုပ်မလှသောကျွန်တော်ပိုက်ဆံ ၅၀၀ ရှိလျှင် ရည်းစားထား၍ရနိုင်သည်။ ပါဝါမျက်မှန်နှင့် ထိပ်ပြောင်နေတာကို မမြင်ရစေရန် VZO ကြီးကိုအသုံးမပြုရန်နားလည်လိုက်သည်။ ဒီတော့နောက်ဆုံးပြောချင်တာကတော့ ကျေးဇူးကမ္ဘာ အင်တာနက်ပါလို့။